backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Goiter (လည်ပင်းကြီးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Goiter (လည်ပင်းကြီးခြင်း)

Goiter (လည်ပင်းကြီးခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Goiter (လည်ပင်းကြီးခြင်း) ကဘာလဲ။

လည်ပင်းကြီးခြင်းဆိုတာ တကယ်တော့ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းပုံမှန်မဟုတ်ကြီးထွားလာတာဖြစ်ပါတယ်။ အလုံးအကျိတ်ကင်ဆာတော့မဟုတ်ပါဘူး၊ များသောအားဖြင့် နာကျင်မှုမရှိပေမယ့် ကြီးမားလွန်းရင်တော့ ချောင်းဆိုးစေပြီး မျိုရ၊ အသက်ရှူရခက်စေပါတယ်။

လည်ပင်းကြီးခြင်းက ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပြီး အမျိုးသမီးတွေမှာများသောအားဖြင့် ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အားပေးသောအခြေအနေများကိုရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။

လက္ခဏာများ

Goiter (လည်ပင်းကြီးခြင်း)ရဲ့လက္ခဏာတွေကဘာတွေလဲ

  • လည်ပင်းအခြေမှာသိသာတဲ့အဖုပေါ်လာခြင်း – မိတ်ကပ်လိမ်းချိန်၊ မုတ်ဆိတ်ရိတ်ချိန်ဆိုပိုသိသာပါတယ်။
  • လည်ချောင်းတွင်တင်းကြပ်ခြင်း
  • ချောင်းဆိုးခြင်း
  • အသံပြောင်းခြင်း
  • မျိုရခက်ခြင်း
  • အသက်ရှူရခက်ခြင်း
  • ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် အသေးစိတ်အတွက်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    တကယ်လို့အထက်လက္ခဏာများတွေ့ရရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်ပြနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓါကိုယ်အလုပ်လုပ်ပုံချင်းမတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    အကြောင်းရင်းများ

    Goiter (လည်ပင်းကြီးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    ဘာကြောင့်လည်ပင်းကြီးရသလဲ

    • အိုင်အိုဒင်းဓါတ်နည်းခြင်း- အိုင်အိုဒင်းဓါတ်ဟာ သိုင်းရွိုက်ဟော်မုန်းထုတ်ပေးရာမှာ လိုအပ်သောဓါတ်ဖြစ်တယ်။ ပင်လယ်ရေနဲ့ ကမ်းရိုးတန်းရှိမြေတွင်အများအားဖြင့်တွေ့ရတတ်ပါတယ်။ အိုင်အိုဒင်းဓါတ်နည်းခြင်းကို ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ပန်းမုန်လာစသည့် ဟော်မုန်းတားသောစားစရာများက ပိုဆိုးစေပါတယ်။
    • Graves’ ရောဂါ – တခါတရံ သိုင်းရွိုက်ဂလင်းမှ အလုပ်လုပ်များပြီး သိုင်းရွိုက်ဟော်မုန်းအထုတ်များလျှင်လည်း လည်ပင်ကြီးနိုင်ပါတယ်။ ရောဂါမှာဆိုရင် ကိုယ်ခံအားစနစ်မှထုတ်လိုက်သော ပဋိပစ္စည်းတွေက သိုင်းရွိုက်ဂလင်းကိုမှားယွင်းတိုက်ခိုက်ပြီး သိုင်းရွိုက်ဟော်မုန်းအများအပြားထုတ်စေပါတယ်။ ထိုကဲ့သို့အလုပ်များများလုပ်စေခြင်းကြောင့် သိုင်းရွိုက်ဂလင်းကြီးမားရောင်ရမ်းလာတတ်ပါတယ်။
    • Hashimoto’s ရောဂါ – သိုင်းရွိုက်ဂလင်းအလုပ်နည်းခြင်းကြောင့်လည်း လည်ပင်းကြီးနိုင်ပါတယ်။ Graves’ ရောဂါလိုပဲ Hashimoto’s ရောဂါဟာ ကိုယ်ခံအားစနစ်မှားယွင်းတိုက်ခိုက်မှုကြောင့်ဖြစ်လာတာပါ။ ဒါပေမယ့် သိုင်းရွိုက်ဟော်မုန်းပိုထုတ်စေတာမဟုတ်ဘဲ လျော့ထုတ်စေတာဖြစ်တယ်။ ထိုကဲ့သို့ဟော်မုန်းနည်းနေခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်းများလာစေမည့် TSH ဟော်မုန်းကို pituitary ဂလင်းဟုခေါ်သည့် ခေါင်းရှိဂလင်းတစ်ခုမှပိုထုတ်လိုက်ပါတယ်။ ထို TSH ဟော်မုန်းတွေရဲ့လှုံ့ဆော်မှုနဲ့ အလုပ်ပိုလုပ်ရတာကြောင့် သိုင်းရွိုက်ဂလင်းကြီးလာပြီး လည်ပင်းကြီးလာရပါတယ်။
    • အဖုများစွာနဲ့သိုင်းရွိုက်ကြီးခြင်း – ဒီအခြေအနေမှာတော့ သိုင်းရွိုက်ဂလင်းရဲ့ နှစ်ဖက်စလုံးမှာ အဖုငယ်များ၊ သို့ အရည်အိတ်များပေါ်လာပြီး ဂလင်းတစ်ခုလုံးအရွယ်ကြီးလာခြင်းဖြစ်တယ်။
    • အဖုအကျိတ်တစ်ခုသာပေါ်ခြင်း – ဒါကတော့ သိုင်းရွိုက်ဂလင်းပေါ်မှာ အဖုတစ်ခုတည်းသာပေါ်လာခြင်းဖြစ်ပြီး များသောအားဖြင့်ကင်ဆာမဟုတ်ပါဘူး။
    • သိုင်းရွိုက်ကင်ဆာ – သာမန်သိုင်းရွိုက်အလုံးအကျိတ်များနဲ့ယှဉ်ရင် သိုင်းရွိုက်ကင်ဆာဆိုတာ အလွန်ကိုအဖြစ်နည်းပါတယ်။ ကင်ဆာတွေက များသောအားဖြင့် ဂလင်းရဲ့တစ်ဖက်ထဲမှာသာဖြစ်လေ့ရှိတယ်။
    • ကိုယ်ဝန်ရှိခြင်း – ကိုယ်ဝန်ဆောင်စဉ်မှာထုတ်တဲ့ဟော်မုန်း- HCG ဟော်မုန်းကလည်း သိုင်းရွိုက်ဂလင်းကို အနည်းငယ်ကြီးစေတတ်ပါတယ်။

    ဖြစ်နိုင်ခြေများ

    Goiter (လည်ပင်းကြီးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    • အိုင်အိုဒင်းအစားနည်းခြင်း – အိုင်အိုဒင်းနည်းသောနေရာတွင်နေသူများ၊ စားသုံးမှုနည်းသူတွေမှာ လည်ပင်းကြီးနိုင်ပါတယ်။
    • အမျိုးသမီးဖြစ်နေခြင်း – အမျိုးသမီးတွေဟာ သိုင်းရွိုက်ရောဂါတွေအဖြစ်များတာကြောင့် လည်ပင်းကြီးရောဂါအဖြစ်များပါတယ်။
    • အသက်အရွယ် – အသက်ကြီးလာတာနဲ့အမျှ လည်ပင်းကြီးလာနိုင်ပါတယ်။
    • ရောဂါအခြေအနေ – မိသားစုမှာ သို့ ကိုယ်တိုင် ကိုယ်ခံအားမှားယွင်းအလုပ်လုပ်သော ရာဇဝင်ရှိပါက ဖြစ်နိုင်ချေပိုများပါတယ်။
    • ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်း – ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ သိုင်းရွိုက်ပြဿနာတွေဖြစ်လေ့ရှိပါတယ်။
    • ဆေးဝါးများ – တချို့သောဆေးများ – စိတ်ဓါတ်ကျခြင်းအတွက်ဆေးများ၊ ဗိုင်းရပ်စ်သတ်ဆေးများ၊ နှလုံးဆေးများ(Cordarone, Pacerone) ၊ စိတ်ရောဂါအတွက်ဆေးများ(Lithobid), ကလည်း ရောဂါဖြစ်နိုင်ချေတိုးစေပါတယ်။
    • ဓါတ်ရောင်ခြည်ထိတွေ့မှု – ရင်ဘတ်နေရာမှာ ဓါတ်ရောင်ခြည်နဲ့ကုသမှုတွေရှိထားရင် သို့မဟုတ် နျူကလိယလုပ်ငန်းများ၊ ပေါက်ကွဲမှုများ၊ စမ်းသပ်မှုများတွင် ထိတွေ့မှုများရှိထားပါက ဖြစ်နိုင်ချေတိုးနိုင်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Goiter (လည်ပင်းကြီးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    လည်ပင်းကိုစမ်းသပ်ကြည့်ရုံနဲ့ သိုင်းရွိုက်ဂလင်းကြီးနေခြင်းကို သိနိုင်ပါတယ်။ တချို့အခြေအနေတွေမှာတော့ အကျိတ်ငယ်လေးများရှိမရှိစမ်းသပ်ကြည့်ဖို့လိုပါလိမ့်မယ်။ စစ်ဆေးမှုတွေကတော့-

    • ဟော်မုန်းစစ်ဆေးမှု – သိုင်းရွိုက်ဂလင်းနဲ့ ဂလင်းမှထုတ်သော ဟော်မုန်းပမာဏကိုသိရန် သွေးစစ်ဆေးနိုင်တယ်။ သိုင်းရွိုက်အလုပ်နည်းပါက ဟော်မုန်းပမာဏနည်းနေနိုင်ပြီး ထိုပမာဏကိုများစေဖို့အတွက် သိုင်းရွိုက်ဂလင်းကိုအားပေးသော TSH ဟော်မုန်းပမာဏတွေကတော့ များနေပါလိမ့်မယ်။ သိုင်းရွိုက်အလုပ်များခြင်းကြောင့်ရသော လည်ပင်းကြီးခြင်းမျိုးတွင်တော့ သွေးတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏများပြီး TSH ဟော်မုန်းပမာဏတော့ နည်းနေပါလိမ့်မယ်။
    • ပဋိပစ္စည်းစစ်ဆေးခြင်း – တချို့သောလည်ပင်းကြီးခြင်းဟာ ပုံမှန်မဟုတ်တဲ့ ပဋိပစ္စည်းတွေထုတ်ခြင်းကြောင့်ဖြစ်တာပါ။ ထို ပဋိပစ္စည်းတွေကိုတွေ့ရဖို့ သွေးစစ်နိုင်ပါတယ်။
    • အာထရာဆောင်း – လည်ပင်းကိုအာထရာဆောင်းရိုက်ပြီး ပုံရိုက်ဖော်ကြည့်ကာ သိုင်းရွိုက်အရွယ်အစား၊ အဖုအကျိတ်များရှိမရှိစစ်ဆေးကြည့်မှာဖြစ်တယ်။
    • သိုင်းရွိုက်စကင် – ရေဒီယိုသတ္တိကြွပစ္စည်းများကို တံတောင်ဆစ်ရှိ သွေးပြန်ကြောမှထိုးသွင်းမှာဖြစ်တယ်။ ကုတင်ပေါ်မှာခေါင်းမော့ကာလှဲနေပြီး အထူးကင်မရာများမှ သိုင်းရွိုက်ပုံရိပ်ကိုဖမ်းယူရိုက်ကူးမှာဖြစ်တယ်။ ကြာချိန်မှာ ရေဒီယိုသတ္တိကြွပစ္စည်းများ သိုင်းရွိုက်ဂလင်းဆီရောက်မည့်အချိန်ပေါ်မူတည်ကာ ကွဲပြားသွားနိုင်ပြီး ထိုစစ်ဆေးမှုမှာ အာထရာဆောင်းထက် ပိုပြီးတိကျသော်လည်း ပိုထိခိုက်နိုင်ချေများကာ အချိန်ပိုကုန်၊ ပိုအကုန်အကျများပါတယ်။
    • အသားစစစ်ဆေးခြင်း – အာထရာဆောင်းအကူအညီဖြင့် သိုင်းရွိုက်ဂလင်းဆီ အပ်ငယ်ဖြင့်ထိုးယူကာ တစ်သျှူးစ သို့ အရည်ယူပြီး စစ်ဆေးခြင်းဖြစ်တယ်။

    Goiter (လည်ပင်းကြီးခြင်း) ကို ဘယ်လိုကုသပါသလဲ

    သိုင်းရွိုက်အရွယ်အစား၊ လက္ခဏာများနှင့် ဖြစ်စေသောအကြောင်းအရင်းတွေပေါ်မူတည်ပြီး ကုသမှုကကွဲပြားနိုင်ပါတယ်။

    • စောင့်ကြည့်ခြင်း – တကယ်လို့ အရွယ်သိပ်မကြီးဘဲ ပြဿနာကြီးကြီးမားမားမရှိပါက အရင်ဆုံးစောင့်ကြည့်ပါလိမ့်မယ်။
    • ဆေးဝါးများ – သိုင်းရွိုက်အလုပ်နည်းပါက levothyroxine (Levothroid, Synthroid) တို့ဖြင့်သိုင်းရွိုက်ဟော်မုန်းအစားထိုးကုသမှုက လက္ခဏာတွေကိုသက်သာစေသလို pituitary ဂလင်းမှ ဟော်မုန်းထွက်ခြင်းနည်းစေတာကြောင့် လည်ပင်းကြီးခြင်းကိုလျော့ကျစေပါလိမ့်မယ်။ သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်းအတွက်တော့ aspirin သို့ စတီးရွိုက်တစ်မျိုးပေးနိုင်ပြီး သိုင်းရွိုက်အလုပ်များခြင်းအတွက်ကတော့ ဟော်မုန်းပမာဏကိုထိန်းညှိပေးမယ့် ဆေးကုသမှုမျိုးလိုပါလိမ့်မယ်။
    • ခွဲစိတ်မှု – သိုင်းရွိုက်ဂလင်းက မျိုရ၊ အသက်ရှူရခက်လောက်အောင် ကြီးမာလွန်းရင် သို့ အဖုအကျိတ်များစွာနဲ့ဖြစ်နေလျှင် ထို သိုင်းရွိုက်ဂလင်းတစ်စိတ်တစ်ပိုင်း သို့ တစ်ခုလုံးဖယ်ပစ်ရနိုင်ပါတယ်။ သိုင်းရွိုက်ကင်ဆာတွေမှာလည်း ခွဲစိတ်ဖယ်ထုတ်ရတတ်ပြီး ခွဲစိတ်အပြီးမှာ ဖယ်ပစ်တဲ့သိုင်းရွိုက်အရွယ်ပေါ်မူတည်ကာ levothyroxine သောက်ရနိုင်ပါတယ်။ေ
    • ရေဒီယိုသတ္တိကြွအိုင်အိုဒင်း – တချို့အခြေအနေတွေမှာတော့ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကိုသုံးနိုင်ပါတယ်။ ထိုရေဒီယိုသတ္တိကြွအိုင်အိုဒင်းကို ပါးစပ်မှသောက်သုံးရပြီး သွေးကြောမှတဆင့် သိုင်းရွိုက်ဂလင်းဆီရောက်ကာ သိုင်းရွိုကဆဲလ်တွေကို ဖျက်ဆီးပေးပါတယ်။ ထိုနည်းဟာ လည်ပင်းကြီးခြင်းကိုသက်သာစေနိုင်ပေမယ့် သိုင်းရွိုက်အလုပ်နည်းခြင်းဖြစ်သွားစေတတ်ပါတယ်။ နောက်ပိုင်းမှာ levothyroxine လိုမျိုး သိုင်းရွိုက်ဟော်မုန်းထောက်ပံ့မှုလိုလာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement