backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်)


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) ကဘာလဲ။

Ganglion cysts ဆိုတာ သင့်လက်ကောက်ဝတ်/လက်ရဲ့ အရွတ်ကြော သို့မဟုတ် အဆစ်ပေါ်မှာ အဖြစ်အများဆုံးဖြစ်တဲ့ ကင်ဆာမဟုတ်သော အဖုအကျိတ်တစ်မျိုးပါ။ ခြေကျင်းဝတ်/ခြေထောက်မှာလည်း ဖြစ်နိုင်ပါတယ်။ Ganglion cysts ဟာ ပုံမှန်အားဖြင့် အဝိုင်း၊ဘဲဥပုံရှိပြီး ဂျယ်လီလိုအရည်တွေနဲ့ ပြည့်နေပါတယ်။

သေးတဲ့ Ganglion cysts တွေဟာ ပဲစေ့အရွယ်လောက်ရှိပြီး ကြီးလျှင်တော့ အချင်းတစ်လက်မလောက်အထိ ရှိနိုင်ပါတယ်။ Ganglion cystsဟာ အနီးအနားက အာရုံကြောကိုဖိမိလျှင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ သူတို့ရဲ့တည်နေရာက တခါတရံ အဆစ်လှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ

Ganglion cysts ဟာ လက်မှာ အဖြစ်အများဆုံး အဖုအကျိတ်ဖြစ်ပါတယ်။ အသက်၁၅နှစ်မှ ၄၀အတွင်း လူငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ လက်ကောက်ဝတ်ပေါ် ဖိအားထပ်တလဲလဲ ပေးရတတ်တဲ့ ဂျွမ်းဘားကစားသမားတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

Ganglion cysts အဖုဖြစ်ကြောင်း လက္ခဏာတွေကတော့

  • တည်နေရာ။ လက်ကောက်ဝတ်/လက်ရဲ့ အရွတ်ကြော သို့မဟုတ် အဆစ်ပေါ်မှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ ခြေကျင်းဝတ်/ခြေထောက်မှာလည်း အဖြစ်များပါတယ်။ အခြားအဆစ်တွေနားမှာလည်း ဖြစ်နိုင်ပါတယ်။
  • ပုံသဏ္ဍာန် အရွယ်အစား။ Ganglion cysts ဟာ အဝိုင်း၊ဘဲဥပုံရှိပြီး အများအားဖြင့် အချင်းတစ်လက်မအောက် ငယ်ပါတယ်။ အချို့အလွန်သေးတဲ့အဖုများကို စမ်းလို့တောင်မရနိုင်ပါ။ အဖုအရွယ်အစားဟာ ပြောင်းနေနိုင်ပြီး အဆစ်ကို ထပ်ကာထပ်ကာ အသုံးပြုလှုပ်ရှားရလျှင် အဖုကြီးလာနိုင်ပါတယ်။
  • နာကျင်မှု။ Ganglion cysts ဟာ အများအားဖြင့် မနာတတ်ပါ။ သို့ပေမယ့် အာရုံကြောကို အဖုကဖိမိနေလျှင်တော့ အဖုကို မသိသာလောက်အောင် သေးကွေးသည့်တိုင် နာခြင်း၊ ကျဉ်ခြင်း၊ ထုံခြင်း၊ ကြွက်သားအားနည်းခြင်းတို့ကို ခံစားရမှာဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) ကိုဘာတွေကဖြစ်စေသလဲ

Ganglion cysts ဖြစ်စေတဲ့အကြောင်းရင်း အတိအကျကို မသိပါ။ အဆစ် သို့မဟုတ် အရွတ်ကြောရဲ့ အနားသတ်က ထွက်လာပြီး ရိုးတံပေါ်က ရေစက်ကလေးနဲ့ တူနေပါတယ်။ အဆစ် သို့မဟုတ် အရွတ်ကြောရဲ့ပတ်ပတ်လည်က တစ်သျှူးနေရာလွဲပြီး ပြူထွက်လာပုံ ရပါတယ်။ အဖုထဲမှာတော့ အဆစ်ထဲ/အရွတ်များနားမှာ တွေ့ရလေ့ရှိတဲ့ ချောဆီလိုအရည်ပျစ်ပျစ်ကို တွေ့ရပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Ganglion cysts ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ယောက်ျားမိန်းမကွာခြားမှု၊ အသက်။ Ganglion cysts ဟာ လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် အသက်၂၀နဲ့ ၄၀ကြား မိန်းမတွေမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။
  • အရိုးအဆစ်ရောင်ရောဂါ။ လက်သည်းနဲ့အနီးဆုံး လက်ဆစ်မှာ အရိုးအဆစ်ရောင်ရောဂါရှိသူဟာ ထိုအဆစ်နားမှာ Ganglion cysts ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • အဆစ်/အရွတ် ထိခိုက်ဒဏ်ရာ။ ယခင်က ထိခိုက်ခံရဖူးတဲ့ အဆစ်၊ အရွတ်များမှာ Ganglion cysts ဖြစ်နိုင်ခြေများပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ Ganglion cysts မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က စမ်းသပ်နေစဉ် အဖုကို ဖိကြည့်ပြီး နာကျင်ခြင်းရှိမရှိ စစ်ဆေးပါမယ်။ အလုံးဟာ အသားလုံးလား အရည်လုံးလား သိဖို့ မီးအလင်းရောင်ထိုးပြီး ကြည့်ပါလိမ့်မယ်။

သင့်ဆရာဝန်က ဓါတ်မှန်၊ အာထရာဆောင်း၊ သံလိုက်ဓါတ်မှန်လို ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်စေပြီး အဆစ်ရောင်ရောဂါ၊ ကင်ဆာတို့ မဟုတ်ကြောင်းသိနိုင်ပါတယ်။ အာထရာဆောင်း၊ သံလိုက်ဓါတ်မှန်တို့ဖြင့် မျက်စိနဲ့မမြင်နိုင်တဲ့ အဖုများကို တွေ့နိုင်ပါတယ်။

Ganglion cyst ဖြစ်ကြောင်းကို ဆရာဝန်က အပ်နဲ့ အဖုထဲက အရည်ကိုစုပ်ထုတ်ပြီး အတည်ပြုနိုင်ပါတယ်။ Ganglion cyst ထဲက အရည်ဟာ ပျစ်ပြီး ကြည်လင်နေပါလိမ့်မယ်။

Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) ကို ဘယ်လိုကုသပါသလဲ

Ganglion cyst တွေဟာ အများအားဖြင့် မနာတတ်ပါ။ ကုသဖို့မလိုပါ။ ဆရာဝန်က စောင့်ကြည့်ဖို့သာ အကြံပြုပါလိမ့်မယ်။ အဖုကြောင့် နာနေမယ်၊ လှုပ်ရှားရခက်မယ်ဆိုလျှင်တော့ ဆရာဝန်က အောက်ပါနည်းလမ်းများအတိုင်း ကုသပါလိမ့်မယ်။

  • မလှုပ်ရှားစေခြင်း။ လှုပ်ရှားမှုကြောင့် Ganglion cyst ကြီးလာစေတဲ့အတွက် ဖြစ်သည့်နေရာကို ပတ်တီးစည်းပြီး ယာယီမလှုပ်ရှားအောင် ထားသင့်ပါတယ်။ Ganglion cyst ကျုံ့သွားတဲ့အခါ အာရုံကြောအပေါ် ဖိအားလျော့သွားပြီး အနာသက်သာပါလိမ့်မယ်။ ပတ်တီးကြာကြာစည်းခြင်းဟာ အနီးအနားက ကြွက်သားများကိုပါ အားနည်းစေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။
  • စုပ်ထုတ်ခြင်း။ ဆရာဝန်က အပ်နဲ့ အဖုထဲက အရည်ကိုစုပ်ထုတ်ပါမယ်။ အဖုဟာ ပြန်ဖြစ်လာနိုင်ပါတယ်။
  • ခွဲစိတ်ခြင်း။ အခြားနည်းလမ်းတွေနဲ့ အဆင်မပြေလျှင် ဒီနည်းလမ်းကို သုံးနိင်ပါတယ်။ ခွဲစိတ်စဉ်မှာ ဆရာဝန်က အရည်အိတ်ကို ထုတ်ပြီး အဆစ်/အရွတ်နဲ့ ဆက်နေတဲ့ အညှာတံကိုပါ ဖယ်ရှားပါတယ်။ ဖြစ်တောင့်ဖြစ်ခဲအချိန်မျိုးမှာ အနီးအနားက အာရုံကြောများ၊ သွေးကြောများ၊ အရွတ်များ ထိခိုက်သွားနိုင်ပါတယ်။ ခွဲစိတ်ပြီးတာတောင်မှ ဒီအဖုဟာ ပြန်ဖြစ်နိုင်ပါသေးတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Ganglion cysts ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် Ganglion cysts ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ယခင်ကတော့ ပလာစတာကပ်ခြင်း၊ အပူပေးခြင်း၊ ကြပ်စည်းခြင်းတို့ကို အိမ်မှာပြုလုပ်ခဲ့ကြပါတယ်။ Bible therapy လို့ခေါ်တဲ့ စာအုပ်အထူကြီးတွေနဲ့ အဖုကို ရိုက်ချတဲ့အထိ လုပ်ခဲ့ကြပါတယ်။ သို့သော် ganglion cysts ပြန်ဖြစ်ခြင်းကို မကာကွယ်နိုင်တဲ့အပြင် နောက်ထပ်ဒဏ်ရာပါ ရစေတဲ့အတွက် ဒီလို ကုသမှုမျိုးကို ယခု အားမပေးတော့ပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. May Myat Hnin Aung မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement