backup og meta

အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Ye Myo Myat မှ ရေးသားသည်။ · 06/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ပါ

    အသက် ၂၀ ပြီးလို့ အသက် ၃၀ ထဲကို ဝင်လာပြီ။ ကိုယ်ဟာ လုပ်ငန်းခွင်မှာရော၊ နယ်ပယ်တစ်ခုမှာပါ ထိုက်သင့်တဲ့ အရည်အချင်းတွေ၊ လုပ်သက်တွေနဲ့ နာမည်ကောင်းတွေ ရသလောက် ဖြစ်နေပြီ။ ကိုယ့်ဘဝအတွက်လည်း အောင်မြင်မှုလမ်းစပေါ် ရောက်နေပြီလို့ ဆိုနိုင်တဲ့ အရွယ်ပါ။ ဒီလိုအရွယ်မှာလည်း ကိုယ့်အသက် ၂၀ တုန်းကလိုပဲ ဆက်ပြီး ကြိုးစားဖို့ လိုတဲ့အပြင် ဘဝနေထိုင်မှုပုံစံတွေကိုပါ နည်းနည်း ပြောင်းလဲဖို့ လိုလာပါတယ်။ အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ဖို့ လိုလာပါပြီ။

    အဓိကကတော့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီလိုအရွယ်ဟာ ငယ်ရွယ်နုပျိုမှုတွေ ကျဆင်းလာသလို ကိုယ့်ရဲ့ မိသားစုဘဝလေးကို စတင်အကောင်အထည် ဖော်ရမယ့် အချိန်ရောက်နေလို့ပါပဲ။ ဒီအချိန်မှာမှ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ရင်တော့ ရောဂါတွေ ရဖို့လွယ်နိုင်သလို ကိုယ့်မှာ လက်ရှိပိုင်ဆိုင်နေတဲ့ အောင်မြင်မှုတွေကိုလည်း ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဘာတွေ အဓိက ပြင်ဆင်သင့်လဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။

    အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ပါ

    အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ပါ ။ ဘာတွေကို စတင်ရမလဲဆိုတော့

    ၁။ ဆေးလိပ် ဖြတ်ပါ။

    ဘာကောင်းကျိုးမှ မပေးနိုင်တဲ့ ဆေးလိပ်ကို ဆယ်ကျော်သက်နဲ့ အသက် ၂၀ လူငယ်ဘဝမှာ စွဲစွဲလမ်းလမ်း သောက်ခဲ့ဖူးရင်တောင် အသက် ၃၀ ကျော်လာပြီဆိုရင်တော့ ဖြတ်ဖို့ လိုအပ်လာပါပြီ။ ဆေးလိပ်ဟာ အဆုတ်ကို ကောင်းကောင်းဒုက္ခပေးနိုင်လို့ အသက်ကြီးလာတာနဲ့အမျှ သက်လုံမကောင်း၊ အမောမခံနိုင်ရင် အလုပ်ကောင်းကောင်း လုပ်နိုင်တော့မှာ မဟုတ်ဘူးနော်။

    ရုတ်တရက်ကြီး မဖြတ်ချနိုင်ရင်တောင် ကိုယ်သောက်နေကျ ပမာဏထက် တစ်နေ့ကို နည်းနည်းစီ ဖြတ်တာမျိုး လုပ်ပေးနိုင်ပါတယ်။

    ၂။ ညဘက်ကို စောစောပြန်အိပ်နိုင်အောင် အကျင့်ပြန်မွေးပါ။

    လူငယ်ဘဝတုန်းက ညဘက်တွေ နောက်ကျအိပ်တာ၊ ညနဲ့ မနက်မှားအိပ်လည်း ဘာမှ မဖြစ်ခဲ့ဘူးလို့ ထင်ရပေမယ့် အသက်ကြီးလာရင်တော့ ဒါတွေက နောက်နေ့မှာ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အရွယ်လည်း ကျလာနိုင်သလို ရုပ်ရည် အိုမင်းရင့်ရော်လာနိုင်တယ်။

    ကိုယ်ခံအားတွေ ကျလာပြီး လူက ပိန်သွားတတ်တယ်။ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘဲ မောပန်းနေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့အိပ်ချိန်ကို အနည်းဆုံး ၇ – ၈ နာရီ ရအောင် အိပ်စက်အနားယူပါ။ နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်စက်ခြင်းဟာ ပြည့်ဝတဲ့အိပ်စက်ခြင်းအတွက် အထောက်အကူ မဖြစ်ပါဘူး။

    ၃။ လေ့ကျင့်ခန်းကို နေ့တိုင်းပုံမှန်လုပ်ပါ။

    အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ ကြွက်သား၊ အရိုးအဆစ်တွေက အားနည်းလာနိုင်ပါတယ်။ အထူးသဖြင့် အသက် ၃၀ အရွယ်တွေဟာ လူငယ်တွေထက် ပိုပြီး အထိုင်များတတ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခု သို့မဟုတ် အားကစားလိုက်စားတဲ့ အကျင့်ကို ပြန်မွေးဖို့ လိုအပ်လာပါပြီ။

    Gym မှာ နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်လို့ ရသလို ကိုယ့်ဘာသာ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာမျိုး၊ ဘောလုံးကန်တာတွေ လုပ်ပေးလို့ရပါတယ်။ အဓိကကတော့ လေ့ကျင့်ခန်း လုပ်ဖို့ ဒီလိုအရွယ်မှာ မဖြစ်မနေ စတင်ဖို့ပါပဲ။

    ၄။ ပိုက်ဆံ စုပါ။

    နောက်ပိုင်း အသက်ကြီးလာတဲ့အခါ ကိုယ်ပိုင် အိမ်၊ ကားနဲ့ တစ်မိသားစုလုံး သက်သောင့်သက်သာ ဖြစ်ဖို့ ပိုက်ဆံစုထားဖို့ အရေးကြီးပါတယ်။ အဲ့လိုမဟုတ်ရင်လည်း ကိုယ်ပိုင် လုပ်ငန်းတစ်ခု စတင်ဖို့ အလုပ်စလုပ်ကတည်းက နည်းနည်းချင်းစီ ပိုက်ဆံ စုထားရမှာပါ။

    ရသမျှ ပိုက်ဆံ အကုန်သုံးပစ်တယ်ဆိုတာ လူလတ်ပိုင်းအရွယ်မှာ လုပ်သင့်တဲ့ အကျင့်တစ်ခုတော့ မဟုတ်ပါဘူး။ တစ်ခုခုဆိုရင် အနာဂတ်အတွက်၊ မိသားစုအတွက်ကို ထည့်တွေးပြီး ဒီပိုက်ဆံကို သုံးသင့်လား၊ သုံးဖို့ လိုအပ်လား၊ ဘာအကျိုးရှိနိုင်လဲဆိုတာ အမြဲ စဉ်းစားပေးပါ။

    ၅။ ကိုယ့်ရဲ့ လက်ရှိဘဝမှာ ပျော်ရွှင်နိုင်အောင် စိတ်မွေးပါ။

    အသက် ၂၀ ဘဝမှာ အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုရင် အသက် ၃၀ အရွယ်မှာ အတိုင်းအတာတစ်ခုလောက်ထိ အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနေနိုင်ပါပြီ။ ဒီတော့ အရမ်းလောဘတက်တာမျိုး မဟုတ်ဘဲ ကိုင်ပိုင်ဆိုင်နေတဲ့ အရာတွေ၊ ကိုယ့်ရဲ့ လက်ရှိရောက်နေတဲ့ အနေအထားကို ကျေနပ်ပျော်ရွှင်နိုင်ဖို့၊ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ နေရာတစ်ခုမှာ ရောက်နေနိုင်ပြီဆိုတာကို လက်ခံတတ်ဖို့ အရေးကြီးပါတယ်။

    ၆။ မိမိကိုယ်ကိုယ် တခြားသူတွေနဲ့ မယှဉ်ပြိုင်ဖို့ ကြိုးစားကြည့်ပါ။

    သိမ်ငယ်စိတ်ရှိတဲ့ သူအများစုဟာ ကြီးပြင်းလာတဲ့အခါမှာ ကိုယ့်မှာ ရှိတဲ့ ပိုင်ဆိုင်မှု၊ ရာထူး၊ အရည်အချင်း စတာတွေကို တခြားသူတစ်ယောက်နဲ့ အမြဲ ယှဉ်ပြိုင်နေတတ်ပါတယ်။ ဒီအကျင့်က တကယ်တော့ တော်တော်မကောင်းတဲ့ အချက်ပါ။

    အငုံ့စိတ် အခံကနေ မနာလိုစိတ် အဖြစ်ပြောင်းသွားတဲ့အခါ လူမှုပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ နာမည်ကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာ အမြဲတွေးပါ။ တခြားသူတစ်ယောက်ရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကို လိုက်ပြီး ယှဉ်ပြိုင်နေဖို့ မလိုအပ်ဘူးဆိုတဲ့ အသိ ဝင်အောင်လုပ်ပါ။

    ၇။ စာဖတ်ပါ။

    အသက် ၃၀ ဆိုတဲ့ ရင့်ကျက်တည်ငြိမ်တဲ့ လူလတ်ပိုင်းအရွယ်မှာ ကိုယ့်အသက်နဲ့ သင့်တော်တဲ့ ရင့်ကျက်မှုတွေ၊ အရည်အချင်းတွေ၊ တာဝန်ယူမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းနဲ့ ဘဝအတွေ့အကြုံတွေကို စာဖတ်ခြင်းကနေ ရနိုင်ပါတယ်။ ဒါ့အပြင် စာဖတ်တဲ့ သူတွေဟာ ဦးနှောက်နဲ့ တွေးခေါ်ပိုင်းဆိုင်ရာမှာ သူများထက်ပိုပြီး ထူးချွန်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Ye Myo Myat မှ ရေးသားသည်။ · 06/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement