backup og meta

အနာကျက်မြန်စေမယ့် အစားအစာ (၁၁)မျိုး


Aye Thi Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာကျက်မြန်စေမယ့် အစားအစာ (၁၁)မျိုး

    အကြောင်းအမျိုးမျိုးကြောင့် ခန္ဓါကိုယ်မှာ ဒဏ်ရာရယ်လို့ဖြစ်လာတဲ့အခါ အဲဒီဒဏ်ရာကိုဘယ်လိုမျိုးစောင့်ရှောက်မှုတွေလုပ်မလဲဆိုတာနဲ့ အနာကျက်မြန်အောင် ဘယ်လိုနေထိုင်စားသောက်မလဲဆိုတာကသိထားသင့်ပါတယ်။ ဘာကြောင့်ပဲ ထိခိုက်ဒဏ်ရာဖြစ်ဖြစ်ရရှိလာတဲ့ဒဏ်ရာကို အမှုမဲ့အမှတ်မဲ့ထားလိုက်လို့မရပါဘူး။ အနာကျက်မြန်အောင်၊ မှန်ကန်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်နေထိုင်ဖို့လိုအပ်ပါတယ်။

    ထိခိုက်ဒဏ်ရာတစ်ခုရထားတဲ့အခါ ပုံမှန်စားနေကျအတိုင်း စားချင်တာမျန်သမျှကိုစားနေလို့မဖြစ်ပါဘူး။ စားသုံးတဲ့အစားအစာတွေထဲမှာ အနာကျက်မြန်စေပြီး ရောဂါကာကွယ်စေတဲ့ကိုယ်ခံအားကိုတက်စေမယ့် ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်တဲ့ အစားအသောက်တွေကို စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။အောက်မှာတော့ အနာကျက်တာကို လျင်မြန်စေမယ့် အစားအသောက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

    အနာကျက်မြန်စေမယ့် အစားအသောက်တွေကဘာတွေဖြစ်မလဲ

    နနွင်း

    ဟင်းချက်ရာမှာသုံးလေ့ရှိကြတဲ့ အရာတစ်မျိုးပါ။ နနွင်းကတော်တော်ေလေးဆေးဖက်ဝင်တယ်လို့လည်းသိထားကြပြီးဖြစ်မှာပါ။ နနွင်းမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးကရောင်ရမ်းမှုကို သက်သာစေပြီး အနာကျက်မြန်စေနိုင်စွမ်းရှိပါတယ်။ရှေးလူကြီးတွေဆိုရင် အနာပေါ်မှာ နနွင်းသိပ်တာ၊ နနွင်းရေဖျော်ပြီးလူးတာမျိုးတွေလုပ်ကြပါတယ်။ နနွင်းနဲ့ ကြပ်ထုတ်ထိုးတာမျိုးလည်းရှိပါတယ်။

    ပျားရည်

    ပျားရည်ကို သဘာဝအာဟာရတစ်မျိုးအဖြစ်နဲ့ နေ့စဉ်ဆေးဖြစ်ဝါးဖြစ်သောက်သုံးတာမျိုးလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်နဲ့ အမိုင်နိုအက်ဆစ်ဓါတ်တွေက အချိုဓါတ်ထက်ပိုမိုပါဝင်နေတတ်ပါတယ်။ ပျားရည်ကို အနာပေါ်လူးပေးရင်လည်းရောင်ရမ်းတာ၊နာကျင်တာ နဲ့ အနာတဝိုက်နီမြန်းနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။ ပျားရည်မှာပါတဲ့ ပိုးသေစေနိုင်တဲ့ အာနိသင်တွေက အနာထဲကို ပိုးမဝင်အောင် တားဆီးပေးပါတယ်။

    နို့ထွက်ပစ္စည်းတွေ

    နွားနို့ နဲ့ ဒိန်ချဉ်တို့လိုမျိုး နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်းနဲ့ ဇင့်ဓါတ်ပါဝင်မှုများတာကြောင့် အနာကျက်စေဖို့အထောက်အကူပြုပေးပါတယ်။ သိပ္ပံနည်းကျအထောက်အထားတွေအရ နို့မှာပါတဲ့ ပရိုတင်းဓါတ်က အနာကျက်မြန်စေနိုင်တယ်လို့ သိရပါတယ်။

    အဆီမပါတဲ့ အသား

    နို့ထွက်ပစ္စည်းတွေလိုပဲ အသားမှာလည်း အနာကျက်မြန်စေတဲ့ ပရိုတင်းနဲ့ ဇင့်ဓါတ်တွေပါဝင်နေပါတယ်။ အနာကျက်စေနိုင်ဖို့အတွက်နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အသားတစ်တုံးလောက်ထည့်ပြီးစားပေးမယ်ဆိုရင် အနာကျက်မြန်စေမှာဖြစ်ပါတယ်။

    ကန်စွန်းဥ

    ကန်စွန်းဥမှာလည်း အနာကျက်မြန်စေတယ်လို့သိထားကြတဲ့ ဗီတာမင် A၊ B နဲ့ဓါတ်တိုးဆန့်ကျင်အာနိသင်တွေပိုင်ဆိုင်ထားတဲ့ ဗီတာမင် Cတွေပါဝင်နေပါတယ်။ ဒါကြောင့် အနာကျက်မြန်စေဖို့ဆိုရင် ကန်စွန်းဥကလည်းမေ့မထားသင့်တဲ့အစားအသောက်တစ်မျိုးပါ။

    အခွံမာသီးနဲ့အစေ့အဆန်များ

    ဖရုံစေ့နဲ့နှမ်းတို့လိုမျိုး အစေ့အဆန်တွေမျာ ဇင့်ဓါတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဇင့်က ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုးပါ။ ဇင့်က အနာကျက်စေဖို့အတွက် နဲ့ ဆဲလ်ကြီးထွားဖို့အတွက်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးလည်းဖြစ်ပါတယ်။

    ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးက အနာထဲကို ပိုးမဝင်ရောက် ကာကွယ်ပေးနိုင်သလို အနာကျက်မြန်စေအောင်လည်းလုပ်ဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးက ဆဲလ်တွေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်ပေးသလို ကိုယ်ခံအားစနစ်ကိုလည်း အားဖြည့်ပေးပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ခရမ်းချဉ်သီးတစ်ကွင်းလောက်ထည့်စားတာမျိုးပဲဖြစ်ဖြစ်၊ ခရမ်းချဉ်သီးကို ဟင်းအနှစ်ချက်ပြီးစားတာ၊ သုတ်စားတာမျိုးဖြစ်ဖြစ်လုပ်ပြီးစားမယ်ဆိုရင် အနာကျက်မြန်စေမှာ အသေအချာပါပဲ။

    ပန်းဂေါ်ဖီစိမ်း

    ပန်းဂေါ်ဖီစိမ်းမှာphytonutrientsတွေမြင့်မားစွာပါရှိပါတယ်။ အဆိုပါ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကရာင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း တိုးမြင့်စေပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ ဗီတာမင် C ကအနာကျက်စေနိုင်သလို ပျက်စီးစုတ်ပြဲသွားတဲ့ တစ်ရှုးတွေကိုပြုပြင်ပေးပြီး ကြီးထွားစေပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပန်းဂေါ်ဖီစိမ်းကြော်ကို နည်းနည်းထည့်စားပေးတာက အနာကျက်စေမှာဖြစ်ပါတယ်။

    ပဲပိစပ်

    ပဲပိစပ်မှာ အစားခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေနိုင်တဲ့ ဗီတာမင် A၊C၊D၊E နဲ့ K တို့လိုမျိုး ဗီတာမင် ဓါတ်တွေကြွယ် ဝစွာပါဝင်နေပါတယ်။ ပဲပိစပ်က ကိုယ်ခံအားစနစ်ကောင်းမွန်အောင် အထောက်အကူပြုနိုင်သလို အရေပြားကျန်းမာအောင်လည်း အထောက်အကူပြုပေးပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ပဲပိစပ်ကိုထည့်ပြီးစားသုံးပေးမယ် အနာကျက်မြန်စေမှာလည်းဖြစ်ပါတယ်။

    ချောကလက်

    အချိုကြိုက်တဲ့သူတွေအတွက် သတင်းကောင်းတစ်ရပ်ပါ။ချောကလက်ကကျန်းမာရေးကိုကောင်းမွန်အောင်လည်း အထောက်အကူပြုပေးပါတယ်။ချောကလက်ရဲ့နောက်ထပ်အာနိသင်တစ်ခုက အနာကျက်စေနိုင်တာပါ။ ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာတွေမှာ အနက်ရောင်ချောကလက်ကသွေးဖိအားကို ထိန်းညှိပေးနိုင်တယ်၊လို့လည်းဖော်ပြထားပါတယ်။ချောကလက်က ခန္ဓါကိုယ်ရဲ့ အောက်ဆီဂျင်၊ အာဟာရဓါတ်တွေနဲ့ ဗီတာမင်တွေကို ထုတ်လွှတ်မှုမှာ အထောက်အကူပြုပေးပါတယ်။ချောကလက်စားသုံးပေးမယ်ဆိုရင် အနာကို ပိုးမဝင်အောင်ကာကွယ်ပြီးရာရောက်မယ့်အပြင် အနာကိုကျက်စေနိုင်မှာဖြစ်ပါတယ်။

    အရည်သောက်ပါ

    နောက်ဆုံးတစ်ချက်အနေနဲ့ပြောပြချင်တာက အနာကျက်အောင်အရည်များများသောက်ဖို့ပါ။ အရည်ဓါတ်လုံလောက်မှုကလည်း အနာကျက်အောင်အထောက်အကူပြုပေးပါတယ်။ အရည်သောက်ပါဆိုတဲ့နေရာမှာလည်းကော်ဖီ၊လက်ဖက်ရည်နဲ့အရက်လိုမျိုးသောက်စရာတွေကိုပြောချင်တာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသောက်စရာကတော့ရေပါ။ လိမ္မော်သီးကိုဖျော်ထားတဲ့ သစ်သီးဖျော်ရည် နဲ့ အခြားကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းရည်တစ်မျိုးမျိုးကိုသောက်ပေးလို့ရပါတယ်။

    ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ အခုဖော်ပြခဲ့တဲ့ အစားအစာတွေကို အာဟာရမျှတအောင်စားသုံးပေးပြီး အနာမြန်မြန်ကျက်အောင်လုပ်ဆောင်နိုင်ကြပါစေကြောင်း။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement