backup og meta

သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး

    သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး အကြောင်း လေ့လာလိုက်ရအောင်လား …… မျက်နှာက လူတိုင်းအတွက် အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုပါ။ မျက်နှာသွင်ပြင်ကလည်း လူတစ်ယောက်စီတိုင်းအတွက် တော်တော်လေး အရေးပါလှပါတယ်။ မျက်နှာက လူမှုဆက်ဆံရေးနယ်ပယ်မှာ အရေးပါရုံသာမက လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကိုလေ့လာရာမှာလည်း အရေးကြီးပါတယ်။ မျက်နှာပေါ်က ပြောင်းလဲလာတဲ့အနေအထားတွေက ခန္ဓာကိုယ်မှာ ဘာတွေချို့ယွင်းနေလဲဆိုတာကို တစေ့တစောင်းဖော်ပြပေးပါတယ်။

    သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး

    သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး အကြောင်း လေ့လာလိုက်ရအောင်နော်။

    • ဝက်ခြံ

    လူပျိုဖော်ဝင်တဲ့အချိန်၊ အပျိုဖော်ဝင်တဲ့အချိန်မှာ ဝက်ခြံထွက်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် မကြာခဏဆိုသလို ဝက်ခြံထွက်နေတာဆိုရင်တော့ သတိထားဖို့ လိုလာပါပြီ။ အထူးသဖြင့် မေးစေ့၊ မေးရိုးတစ်လျှောက်၊ ဆံစပ်တစ်ကြောမှာ ဝက်ခြံတွေ ဖြစ်ပေါ်ရင်တော့ ဟော်မုန်း မညီမျှတာမျိုး ခံစားနေရတာဖြစ်နိုင်သလို အစာချေစနစ်မှာ ပြဿနာရှိတာ၊ အချို့အစားအသောက်တွေနဲ့ ဓာတ်မတည့်တာနဲ့ အသည်းရောဂါတစ်မျိုးမျိုး ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

    • နှုတ်ခမ်းထောင့်တွေ ကွဲတာ (ကျီးကန်းပါးစပ်ဖြစ်တာ)

    ဒါကတော့ ဗီတာမင် ဘီ ချို့တဲ့နေတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒါက အစားအသောက်သင့်တင့်မျှတအောင် စားသုံးပေးခြင်းဖြင့် သက်သာအောင် လုပ်လို့ရပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဆန်၊ ဂျုံတို့ကို ထည့်သွင်းစားသုံးတာ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးတာ၊ အသားတွေကို ထည့်သွင်းစားသုံးတာမျိုး လုပ်ဆောင်လို့ရသလို အဆိုပါ အစားအစာတွေနဲ့အတူ ဗီတာမင် Bဖြည့်စွက်စာတွေကိုပါ ထည့်သွင်းစားသုံးပေးဖို့လိုပါလိမ့်မယ်။

    • အသားအရေခြောက်သွေ့ခြင်း

    လည်ပင်းကြီးဝေဒနာ နဲ့ ဆီးချိုဝေဒနာတွေကြောင့် အသားအရေခြောက်သွေ့တာကို ခံစားရနိုင်ပါတယ်။ အဆိုပါရောဂါတွေက အရေပြားပေါ်က အစိုဓာတ်ကို ကုန်ခမ်းသွားစေပါတယ်။ ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အရေပြားက ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးနေတာကြောင့် ရေများများသောက်ဖို့ လိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ အာဟာရဓာတ်အချို့ ချို့တဲ့တာကြောင့်လည်း အရေပြားက ခြောက်သွေ့ပြီး အရေပြားအပေါ်ယံလွှာကွာတာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    • အသားအရေအရောင် ပုံမှန်မဟုတ်ခြင်း

    အသားအရောင်က ဖျော့တော့ပြီး မျက်ကွင်းတွေ ညိုနေတာက သံဓာတ်ချို့တဲ့မှုကြောင့် ခန္ဓာကိုယ်ထဲမှာ တော်တော်လေးအားအင်ကုန်ခမ်းနေပြီဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အစားအသောက်အုပ်စုတွေကို ရွေးချယ်စားသုံးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးပေးလိုက်ပါ။ အသားအရောင်ဝါနေတာကတော့ အသည်းမှာ တစ်ခုခုဖြစ်နေတယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။

    • မျက်နှာမှာ အမွေးအမျှင်တွေ အရမ်းထူတာ

    Polycystic Ovary Syndrome (PCOS) မျိုးဥအိမ်မှာ အရည်အိတ်တည်တဲ့ရောဂါက တစ်ခါတလေမှာ မျက်နှာမှာ၊ မေးရိုးတစ်လျှောက်၊ မေးစေ့နဲ့ အပေါ်နှုတ်ခမ်းတို့မှာ အမွေးအမျှင်တွေ ထွက်လာတတ်ပါတယ်။ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ အမွေးတွေ ထူလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။

    • အသားအရေနဲ့ မျက်စိတွေဝါလာတာ

    ဒါက အသားဝါရောဂါပါ။ ကလေးငယ်လေးတွေမှာလည်း မွေးကင်းစမှာ အသားဝါပါလာတာမျိုး ရှိတတ်ပါတယ်။ လူကြီးတွေမှာတော့ အသည်းရောင်ပိုးကူးစက်ခံရတာ၊ အသည်းမှာ ရောဂါရှိနေတာ၊ သည်းခြေအိတ်၊ ပန်ကရိယတို့မှာ ရောဂါရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အရက်သောက်သုံးတာကြောင့်လည်း အသားဝါနိုင်ပါတယ်။

    • မျက်နှာပေါ်က မှဲ့တွေ

    မျက်နှာပေါ်က မှဲ့တိုင်းက စိုးရိမ်စရာမဟုတ်ပါဘူး။ မှဲ့တွေက များသောအားဖြင့်တော့ အနက်ရောင်ပါ။ တစ်ခါတလေမှာတော့ မှဲ့တွေကနေ ကင်ဆာဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ မှဲ့က ခပ်ထူထူဖြစ်လာရင်၊ အရောင်က ပုံမှန်မဟုတ်တာမျိုးဖြစ်လာရင်၊ မှဲ့ရဲ့ အချင်းဝက်က ပဲစေ့တစ်စေ့ထက် ပိုကြီးလာရင်၊ လွန်ခဲ့တဲ့ သီတင်းပတ်တွေကထက် ပုံသဏ္ဍာန်ပြောင်းလဲလာရင်တော့ ကင်ဆာဟုတ်၊ မဟုတ်ဆိုတာကို စစ်ဆေးကြည့်ဖို့ အကြံပေးပါရစေ။

    • အနာတွေ ထွက်ရင်

    နှုတ်ခမ်းနဲ့ ပါးစပ်တဝိုက်မှာ အနာတွေဖြစ်နေရင်တော့ အမျိုးအစား – ၁ ရေယုန်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက တစ်ခါ ကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာ အမြဲရှိနေတတ်ပါတယ်။ ဖျားနာတဲ့အခါမျိုး၊ စိတ်ဖိစီးတဲ့အခါမျိုး၊ အရမ်းပင်ပန်းတဲ့အခါမျိုးနဲ့ နေရောင်နဲ့ တာရှည် ထိတွေ့တဲ့အခါမျိုးမှာ ပြန်ပြီးခေါင်းထောင်လာတတ်ပါတယ်။ ဒီအနာမျိုးက သူ့ဘာသာအလိုလိုပျောက်သွားတတ်တယ်ဆိုပေမယ့် မကြာခဏဖြစ်လာရင်ဖြစ်ဖြစ်၊ အနာကကြီးလာရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ပြသကြည့်တာအကောင်းဆုံးပါ။

    • နှုတ်ခမ်းကွဲခြင်း

    လူတိုင်းလိုလို နှုတ်ခမ်းခြောက်တာ၊ ကွဲတာမျိုးကို ကြုံဖူးကြမှာပါ။ အထူးသဖြင့်တော့ ဆောင်းရာသီမှာ နှုတ်ခမ်းပိုကွဲတတ်ကြပါတယ်။ အဆီတစ်မျိုးမျိုးလိမ်းပေးလို့ ရပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ နှုတ်ခမ်းခြောက်တာက ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတာလိုမျိုး ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ကိုဖော်ပြနေတာပါ။ သောက်သုံးနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာ၊ စတီးရွိုက်နဲ့ ဓာတ်မတည့်တာမျိုးတွေကြောင့်လည်း နှုတ်ခမ်းခြောက်နိုင်ပါတယ်။

  • မျက်နှာပေါ်မှာ အနီရောင်ပြင်လိုက် ထွက်လာခြင်း
  • မျက်နှာနီတိုင်း စိုးရိမ်စရာအနေအထားတစ်ရပ်မဟုတ်ပါဘူး။ ဒါပေမယ့် ပါးနှစ်ဖက်စလုံးမှာ လိပ်ပြာပုံစံအနီပြင်တွေ ထွက်နေပြီဆိုရင်တော့ ကိုယ်ခံအားစနစ် က ကိုယ်တွင်းက တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တိုက်ခိုက်တဲ့ဝေဒနာခံစားနေရတာဖြစ်ပါတယ်။

    အဖျားတက်တာ၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာ၊ အဆစ်တွေ တောင့်တင်းတာမျိုးဖြစ်နိုင်ပါတယ်။ လက်ချောင်းလေးတွေက အေးစက်ပြာနှမ်းတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဘာကြောင့်မှန်းမသိ မျက်နှာရဲပြီး အခြားလက္ခဏာတွေပါဖြစ်ပေါ်ခံစားလာရရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါလိမ့်မယ်။

    • မျက်ခွံတွဲကျခြင်း

    မျက်လုံးတစ်ဖက်တည်းမှာ ဖြစ်နိုင်သလို မျက်လုံးနှစ်ဖက်စလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခြေအနေမျိုးမှာ မျက်ခွံတွဲကျတာက အမြင်အာရုံကို ပိတ်ဆို့သွားတာမျိုးအထိ ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာတော့ အန္တရာယ်မရှိဘူးဆိုပေမယ့် ဒီလိုဖြစ်တာက ဦးနှောက်၊ အာရုံကြောနဲ့ အမြင်အာရုံပိုင်းဆိုင်ရာမှာ ပြဿနာရှိနေပြီလို့ဖော်ပြနေတာဖြစ်ပါတယ်။

    ရက်ပိုင်းအတွင်း ဒါမှမဟုတ် နာရီပိုင်းအတွင်း ရုတ်တရက် ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ အမြင်အာရုံနှစ်ထပ်ဖြစ်တာ၊ ကြွက်သားတွေ အားနည်းလာတာ၊အစားအစာတွေ မျိုချရခက်လာတာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာမျိုးတွေဖြစ်လာမယ်ဆိုရင်တော့ ဒါတွေက လေဖြတ်ဝေဒနာရဲ့ အကြိုလက္ခဏာတွေပါ။

    • မျက်နှာတစ်ခြမ်းလှုပ်လို့မရခြင်း

    ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု လှုပ်လို့မရတော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာ အမှန်ကန်ဆုံးသော နည်းလမ်းပါ။ အခြားရောဂါလက္ခဏာတွေမရှိဘူးဆိုရင်တောင်မှ ဒီအခြေအနေမျိုးက Bell’s palsy လို့ခေါ်တဲ့ ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။

    ဗိုင်းရပ်စ်ဝင်ရောက်တာကြောင့် မျက်နှာကြွက်သားတွေကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ ရောင်ရမ်းတာကြောင့်လည်း မျက်နှာတစ်ခြမ်းလှုပ်လို့မရတာမျိုးဖြစ်နိုင်ပါတယ်။။ မေးရိုးနဲ့ နားနောက်ပိုင်းမှာ နာကျင်တာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် သိပ်မပြင်းထန်ဘူးဆိုရင် ၃ လကနေ ၆ လကြာတဲ့အခါ သက်သာသွားပါတယ်။

    • မျက်ခွံပေါ်မှာ အဝါရောင်အစက်အပြောက်လေးတွေ ထွက်ခြင်း

    အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံတဝိုက်မှာ အဝါရောင်အဖုလေးတွေ ထွက်တာက ကိုလက်စထရောတွေ စုနေတာကြောင့် ဖြစ်နိုင်ပါတယ်။ အန္တရာယ်မရှိသလို နာကျင်တာမျိုးလည်း မခံစားရပါဘူး။

    ခွဲထုတ်ဖယ်ရှားတာမျိုး လုပ်လို့ရတာလည်း ရှိပါတယ်။ ဒီအဖုလေးတွေက အန္တရာယ်မရှိဘူးဆိုပေမယ့် နှလုံးရောဂါဖြစ်နိုင်တယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာဖြစ်သလို ရုတ်တရက်နှလုံးရပ်တန့်နိုင်တယ်ဆိုတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။

    • မျက်အိတ်တွဲခြင်း

    မျက်လုံးအောက်ဖက်မှာ အရည်တွေ စုနေတာကို ဆိုလိုတာပါ။ ရာသီဥတု ပူနွေးစိုစွတ်တာကြောင့် ခန္ဓာကိုယ်က ရေကို စုထားတဲ့ အခြေအနေကြောင့် ဖြစ်နိုင်သလို အိပ်ရေးပျက်တာ၊ အငန်ပါတဲ့ အစားအသောက်တွေ အများကြီးစားတာနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်နိုင်ပါတယ်။

    • အမွေးတွေ ကျွတ်ထွက်တာ

    ဆံပင်တွေကျွတ်တာ၊ မျက်ခုံးမွေးတွေ ကျွတ်တာနဲ့ မျက်တောင်မွေးတွေ ကျွတ်တာပြီဆိုရင်တော့ (alopecia areata) လို့ခေါ်တဲ့ ဆံပင်နဲ့ အမွေးအမျှင်တွေကျွတ်တဲ့ အခြေအနေကိုခံစားနေရတာပါ။ ကိုယ်ခံအားစနစ်က မွေးညှင်းပေါက်တွေကို မှားယွင်းတိုက်ခိုက်နေမိတာ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုယူမယ်ဆိုရင်တော့ မျက်ခုံမွေး၊ မျက်တောင်မွေးနဲ့ ဆံပင်တွေ ပြန်ပေါက်လာနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement