backup og meta

နာလန်ထလူနာတွေကို မြန်မြန်သက်သာစေမယ့်နည်းလမ်းတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာလန်ထလူနာတွေကို မြန်မြန်သက်သာစေမယ့်နည်းလမ်းတွေ

    နာလန်ထလူနာတွေကို မြန်မြန်သက်သာစေမယ့်နည်းလမ်းတွေ ကို သိပြီးပြီလား ….. လူရယ်လို့ ဖြစ်လာရင် အနာရောဂါနဲ့ မကင်းကြ ပါဘူး။ တစ်နေ့တာ လှုပ်ရှားလုပ်ကိုင်နေမှု အတွင်း အသေးစား ထိခိုက်ဖျားနာမှုတွေ ရှိနိုင်သလို အကြီးစား ထိခိုက်မိတာတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လို ထိခိုက် ဖျားနာမှုမျိုး မဆို နာလန်ထတဲ့ အချိန် ဆိုတာ ရှိပါတယ်။ ဖျားနာပြီးရင် ပဲဖြစ်ဖြစ်၊ အကြီးစား မတော်တဆမှုတွေ ကနေ ပြန်ကောင်းလာရင်ပဲ ဖြစ်ဖြစ်၊ ခွဲစိတ်ကုသမှု ခံယူပြီးချိန်မှာ အကောင်းပကတိ ပြန်ကောင်း လာစေဖို့ ထိုက်သင့်တဲ့ အချိန် ယူရပါတယ်။

    နောက်တစ်ခုက ဖျားနာနေတဲ့ အချိန်မှာပဲ ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ဖို့ လိုတာ မဟုတ်ပါဘူး။ နာလန်ထ အချိန်မှာလည်း ဖျားနာတာနဲ့ နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာစေဖို့ အတွက် သေသေချာချာ ဂရုစိုက်ပေးဖို့ လိုပါမယ်။ အခု တစ်ခေါက်တော့ နာလန်ထ လူနာတွေ ရောဂါ ကင်းကင်းနဲ့ မြန်မြန် ကျန်းမာလာအောင် ဘယ်လို လုပ်ပေးလို့ ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    နာလန်ထလူနာတွေကို မြန်မြန်သက်သာစေမယ့်နည်းလမ်းတွေ

    နေ့စဉ် နေထိုင်မှုပုံစံကို ပြောင်းလဲရုံနဲ့ ခန္ဓါကိုယ်ကို ကျန်းမာလာအောင် လုပ်ဆောင်လို့ ရပါတယ်။ နာလန်ထလူနာတွေကို မြန်မြန် သက်သာစေမယ့် နည်းလမ်းတွေ က ဘာတွေ ဖြစ်မလဲ ဆိုတော့-

    အိပ်ရေး ဝဝအိပ်ပါ – လူတစ်ယောက် ကျန်းမာနေစေဖို့က လုံလောက်ပြည့်ဝတဲ့ အိပ်ချိန် ရှိနေဖို့ လိုအပ်ပါတယ်။ အိပ်ရေးပျက်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ လုံလောက်ပြည့်ဝတဲ့ အိပ်စက်မှုက ခန္ဓါကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေသလို ကိုယ်ခံအားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

    ညအိပ်ရာ မဝင်ခင်နဲ့ မနက်ခင်းတိုင်းမှာ ပရိုတင်း စားပေးပါ –မအိပ်ခင်မှာ ခန္ဓါကိုယ်ကို အာဟာရ ပြည့်အောင် စားသုံးပေးတာကကောင်းကောင်း အိပ်ပျော်စေမှာပါ။ ညမအိပ်ခင်မှာ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေ စားမယ်ဆိုရင် ညအိပ်ချိန်မှာ ခန္ဓါကိုယ်က ကြွက်သားတွေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

    ညဘက်မှာ ကောင်းကောင်း အနားယူပြီးသွားလို့ မနက် နိုးလာပြီဆိုရင်လည်း ပရိုတင်းကြွယ်ဝတဲ့ မနက်စာတွေကို စားသုံးပေးဖို့ လိုပါမယ်။ ဒါမှသာ ခန္ဓါကိုယ်က ခွန်အားပြည့်ဝနေပြီး တက်ကြွလန်းဆန်းနေမှာ ဖြစ်ပါတယ်။ ခဏခဏ ဗိုက်ဆာတာမျိုး မဖြစ်တာကြောင့် ကျန်းမာရေး နဲ့မညီညွတ်တဲ့ အစားတွေ စားမိနိုင်ခြေလည်း နည်းသွားပါတယ်။

    ရေများများသောက်ပါ –ခန္ဓါကိုယ် ကျန်းမာစေနိုင်ဖို့အတွက် ရေဓါတ် လုံလောက်နေဖို့ လိုပါမယ်။ လေ့ကျင့်ခန်း လုပ်နေချိန်အတွင်း ခန္ဓါကိုယ်က ရေဓါတ် မလုံလောက်တဲ့အခါ ကြွက်သားတွေ ထိခိုက်ပျက်စီးနိုင်သလို ခန္ဓါကိုယ်ရဲ့ ထိခိုက်ပျက်စီးမှု ဒဏ်ရာတွေကို ပြုပြင်နိုင်စွမ်းကိုလည်း ကျဆင်းစေနိုင် ပါတယ်။ ခန္ဓါကိုယ်က ရေဓါတ်ပြည့်ဝနေတဲ့အခါ အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေကို အလွယ်တကူ တိုက်ဖျက်ပေးနိုင်မှာ ဖြစ်ပါတယ်။

    အနားယူပေးပါ – အထူးသဖြင့် ခြေထောက်တွေ၊ လက်တွေမှာ ထိခိုက်ဒဏ်ရာ ရထားသူတွေဆိုရင် အနားယူပေးဖို့ လိုပါတယ်။ ဗိုက်ခွဲထားတဲ့ လူနာတွေ ဆိုရင်တော့ အလှုပ်အရှား နည်းနည်းနဲ့ အနားယူနိုင်ဖို့က တော်တော်လေးကို လိုအပ်ပါတယ်။ အသက်အရွယ်နဲ့ ကိုယ်ခံအားကောင်းမှု အနေအထားကို လိုက်ပြီး အနားယူရမယ့် အချိန်ကလည်း ကွာခြားနိုင်ပါတယ်။ နေပြန်ကောင်းလာတဲ့ အချိန်မှာသေသေချာချာ အနားယူဖို့ဆိုတာက မေ့ထားလို့ မရတဲ့ အဆင့် တစ်ခုပါ။

    ဒဏ်ရာကို ရေခဲကပ်ပေးပါ – ရေခဲကပ်တာက ထိခိုက်ဒဏ်ရာတွေ နာကျင်တာ၊ရောင်ရမ်းတာနဲ့ရောင်ကိုင်းတာတွေကိုလျောပါးသက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါပေမယ့်အနာကိုရေခဲတိုက်ရိုက်ကပ်တာမျိုးတော့မလုပ်သင့်ပါဘူး။ရေခဲကို ကြွပ်ကြွပ်အိတ်နဲ့ထုပ်ပြီး အပေါ်ကနေ အဝတ်စသန့်သန့်လေးနဲ့ပတ်ပြီးရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ် ၂၀လောက်စီကပ်ပေးပါ။

    အားပြည့်စေမယ့် အစားအသောက်တွေ စားပေးပါ –ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ ဝမ်းချုပ်တာ၊ မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်သလို ဗိုက်မဆာတာ၊ စားချင်စိတ်မရှိတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါပေမယ့်နေကောင်းလာဖို့နဲ့ ခွဲစိတ်ထားတဲ့ ချုပ်ရိုးအကျက်မြန်စေဖို့က ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးဖို့လိုအပ်မှာဖြစ်ပါတယ်။ ခွဲစိတ်ပြီးစလူနာတွေအနေနဲ့ ပရိုတင်း၊ဗီတာမင် C ၊ ဗီတာမင် B12၊ သံဓါတ်၊ အမျှင်ဓါတ်နဲ့probioticsတွေပြည့်ဝအောင်စားသုံးပေးဖို့လိုပါမယ်။ ကြက်သား၊ ဥအမျိုးမျိုး၊ သစ်သီးတွေ၊ငါး၊ ဒိန်ချဉ်နဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ သစ်သီးဝလံတွေ စားသုံးပေးသင့်ပါတယ်။

    နလန်ထချိန်မှာ အာဟာရပြည့်ဝအောင်စားဖို့လိုတယ်ဆိုပေမယ့်သွေးတွင်းသကြားဓါတ်ကိုမြင့်မားစေနိုင်တဲ့ အချိုဓါတ်များတဲ့ အစားအစာတွေကို မစားသုံးဖို့တော့လိုပါမယ်။သွေးတွင်းမှာ သကြားဓါတ်များတဲ့အခါ ပင်ပန်းနုံးချိတာကို ပိုဆိုးစေနိုင်တာကြောင့်ပါ။

    ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် အားဖြည့်ဆေးတွေ သောက်ပေးပါ – ဗီတာမင် အားဖြည့်ဆေးတွေက အအေးမိဖျားနာမှုတွေ အပေါ် ဘယ်လောက်ထိ ထိရောက်မှု ရှိလဲဆိုတာကို သေချာ မသိနိုင်ပေမယ့် ဗီတာမင် အားဖြည့်ဆေးတွေမှာ ပါတဲ့ ဗီတာမင် C နဲ့ Zinc ဓါတ်တွေကတော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်သလို ဖျားနာမှုတွေကို သက်သာစေနိုင်စွမ်းလည်း ရှိပါတယ်။ ဗီတာမင် အားဖြည့်ဆေးတွေကို ပုံမှန် သောက်သုံးမယ်ဆိုရင် ခန္ဓါကိုယ်က ခွန်အာပြည့်ဝပြီး လန်းဆန်းတက်ကြွ နေမှာပါ။ ဗီတာမင် အားဖြည့်ဆေး သောက်တယ်ဆိုတဲ့နေရာမှာလည်း ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေ ပြည့်ဝစွာ ပါဝင်ဖို့က အရေးကြီးပါတယ်။ လူသားတိုင်း ကျန်းမာကြပါစေကြောင်း။

    # ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင်ရမလဲ

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement