backup og meta

ဒစ်ဂျစ်တယ် ခေတ်ရဲ့ ကျန်းမာရေး ဆိုးကျိုးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒစ်ဂျစ်တယ် ခေတ်ရဲ့ ကျန်းမာရေး ဆိုးကျိုးများ

    ဒစ်ဂျစ်တယ် အသုံးအဆောင်ပစ္စည်းတွေနဲ့ မကင်းနိုင်တဲ့ ဒီဘက်ခေတ်မှာ သူတို့ဆီက ကောင်းကျိုးရော ၊ ဆိုးကျိုးရော မတောင်းဆိုဘဲ ရနေမှာပါ။ နေရာတကာ အသုံးဝင်လှတဲ့ ဒီအသုံးအဆောင်ပစ္စည်းတွေ မရှိတဲ့ အိမ်၊ ဒစ်ဂျစ်တယ်ပစ္စည်း မရှိတဲ့ ရုံးခန်းရယ်လို့ မရှိပါဘူး။

    ဒီပစ္စည်းတွေက သိပ်အကျိုးပြု သလို လူ့ကျန်းမာရေးအတွက် သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။

    (၁) မျက်စိ ထိခိုက်မယ်

    အီလက်ထရောနစ်ပစ္စည်းတချို့ကြောင့် ဖြစ်လာစေတဲ့ အဖြစ်များဆုံး ဆိုးကျိုးတစ်ခုပါ။ တီဗီဖန်သားပြင် သို့မဟုတ် လပ်တော့ နဲ့ မျက်နှာပြင်ကျယ်တဲ့ မိုဘိုင်းဖုန်းတွေကို တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် ကြည့်နေရင်ပဲ မျက်သားခြောက်လာတာ၊ မျက်စိယားယံတာ၊ မျက်ကွင်းညိုတာ၊ စတာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။

    ကွန်ပျူတာရှေ့မှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျောက်ချနေရပြီဆိုရင်တော့ သင့်မှာ ကွန်ပျူတာမျက်စိရောဂါ (မျက်စိညောင်းခြင်း၊ မျက်စိနီရဲခြင်း၊ စပ်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း) ရှိနေလောက်ပါတယ်။

    မျက်စိကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် ကွန်ပျူတာအသုံးများရင် မျက်မှန်တပ်ပါ။ မျက်မှန်နဲ့ မျက်ကပ်မှန်တွေကို မျက်စိပါဝါနဲ့ အမြဲစစ်ဆေးကိုက်ညှိပါ။

    (၂) အဆစ်တွေမှာ ဒဏ်ဖြစ်မယ်

    တချို့မှာ ဖုန်းနဲ့စာရိုက်တာ များလွန်းရင်၊ တက်ဘလက်နဲ့ ဖုန်းပွတ်တာ များလွန်းရင် အရွတ်ပြားတွေ ရောင်တာ၊ လက်မနဲ့ လက်ညှိုး အဆစ်တွေရောင်တာ ဖြစ်လာတတ်ပါတယ်။

    စာရိုက်တဲ့အခါ လက်ချောင်းကို ဘယ်လောက်ပဲ ခပ်ဖွဖွသုံးတယ်ပြောပြော ထပ်ကာတလဲလဲ သုံးပါများလာရင် ဒဏ်ဖြစ်လာစေနိုင်ပါတယ်။

    နောက်တော့ လက်ကောက်ဝတ်နာလာတာ၊ ဆုပ်ကိုင်အား မကောင်းတော့ဘဲ လက်မမြဲတာ၊ လက်ချောင်းတွေ လှုပ်ရှားတဲ့အခါ အသံမြည်တာတွေ ဖြစ်လာစေတတ်ပါတယ်။

    (၃) အအိပ်မမှန်တော့ဘူး

    အိပ်ရာမဝင်ခင် အနည်းဆုံး ၂နာရီလောက်အတွင်း လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုခြင်းကို ကန့်သတ်ပါ။ မိုဘိုင်းဖုန်း နဲ့ တက်ဘလက်ဆီက ထွက်လာတဲ့ အလင်းတုတွေက pineal gland ရဲ့ melatonin ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေပါတယ်။

    အိပ်စက်ခြင်းပြဿနာ ရှိလာတာက တစ်နေကုန် ကွန်ပျူတာ မသုံးမဖြစ် သုံးနေရပြီး ဖုန်းနဲ့ပဲ ဆက်သွယ် အလုပ်လုပ်နေရတဲ့ နည်းပညာလုပ်သားတွေမှာ အဖြစ်များပါတယ်။

    ညဘက်မှာ ထိတ်လန့်သည်းဖိုရုပ်ရှင်တွေ၊ အက်ရှင်ကားတွေလို နိုးနိုးကြားကြားဖြစ်စေမယ့် ရုပ်ရှင်တွေ၊ တီဗီအစီအစဉ်တွေကို မကြည့်ပါနဲ့။ ကြည့်မိပြီးရင် နောက်နာရီအတော်ကြာတဲ့အထိ အာရုံကို နိုးကြားစေနိုင်လို့ပါ။

    (၄) အဝလွန် လာနိုင်တယ်

    အဝလွန်ခြင်းနဲ့ ဒစ်ဂျစ်တယ်ခေတ်နေထိုင်မှုပုံစံက ဆက်နွှယ်မှုကိုပိုကြီးမားပါတယ်။ အထိုင်များလွန်းရင် ဝလာတတ်တာကြောင့် တီဗီကြည့်တာများလေ၊ ဖုန်းထိုင်ပွတ်တာများလေ ပိုပိုဝလာလေပဲဖြစ်ပါတယ်။ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံမှာ ဝစေမယ့်အစားအစာလည်း ပိုစားမိစေတယ်လို့ ဆိုကြပါတယ်။

    (၅) အကြားအာရုံ ထိခိုက်နိုင်တယ်

    အပြင်သွားတဲ့အခါမှာတောင်မှ iPods ၊ ဖုန်း စတဲ့ သီချင်းနားထောင်ဖို့ အီလက်ထရောနစ်ပစ္စည်းတွေက ကိုယ်နဲ့မကွာ ပါလာတတ်ကြပါတယ်။ ပြင်ပကဆူညံသံတွေက ကင်းလွတ်အောင်လို့ နားကို ကာကွယ်ထားတာ ကောင်းပါတယ်။

    ဒါပေမယ့် နားကြပ်နဲ့ သီချင်းနားထောင်တာက အကြားအာရုံဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ အန္တရာယ် ပိုများပါတယ်။

    (၆) ပန်းနာရင်ကျပ်  ဖြစ်လာနိုင်တယ်

    အဆင့်မြင့်ပြီး သပ်ရပ်နေတဲ့ သင့်ရဲ့ရုံးခန်းက အတွင်းပိုင်း လေထုညစ်ညမ်းမှု အရင်းအမြစ်တစ်ခု ဖြစ်နေနိုင်ပါတယ်။ လေဆာပရင့်တာ မော်ဒယ်တချို့က အလုပ်လုပ်တဲ့အခါ မမြင်ရတဲ့အမှုန်တွေ လေထုထဲကို ထွက်လာစေနိုင်ပါတယ်။

    သေးငယ်လွန်းတဲ့ ဒီအမှုန်တွေက အဆုတ်ထဲကို ရောက်ရှိသွား တတ်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ပစ္စည်းတွေဆီက အမှုန်တွေကြောင့် ပန်းနာရင်ကျပ်ဖြစ်လာနိုင်ပါတယ်။

    ပရင့်တာတိုင်းတော့ အန္တရာယ်ရှိတာ မဟုတ်ပါဘူး ။ လေ့လာမှုတစ်ခုအရ ပရင့်တာ ၆၂ မျိုးမှာ ၄၀% က အမှုန်ထွက်ရှိကြောင်း တွေ့ရပါတယ်။ အဲဒီထဲမှာ ၁၇ မျိုးကတော့ အမှုန်ထွက်ရှိမှု များနေတယ်လို့ ဆိုပါတယ်။

    (၇) E-mentia ( အီလက်ထရောနစ်ပစ္စည်း အားကိုးနဲ့ မေ့တတ်လာခြင်း) ဖြစ်လာမယ်

    ကွန်ပျူတာစနစ်တွေအပေါ် အားထားလွန်းတာက လှုပ်ရှားအားကောင်းနေဖို့ လိုအပ်တဲ့ ဦးနှောက်ရဲ့ အာရုံနှိုးဆွမှုကို ပျက်ယွင်းစေနိုင်ပါတယ်။

    ကိုယ့်ဦးနှောက်ကိုယ် ပုံမှန်အလုပ်မခိုင်းရင်၊ သင်ယူလေ့လာမှုမရှိရင် နောက်ပိုင်း အသက်အရွယ်တွေမှာ dementia ဖြစ်လာနိုင်ခြေ ပိုများတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။

    (၈) ဝက်ခြံထွက်လာမယ်

    လက်ကိုင်ဖုန်းတွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တာကြောင့် ဖုန်းနဲ့ ထိတွေ့မိတဲ့ ပါးနဲ့ မေးစေ့မှာ ဝက်ခြံထွက်တတ်ပါတယ်။

    ဝက်ခြံထွက်လွယ်တဲ့သူတွေမှာ ဖုန်းပြောတဲ့အခါ နားကြပ် ၊ hand free တွေ၊ Headset တွေ မကြာမကြာ သုံးပေးသင့်ပါတယ်။

    (၉) ကလေးရနိုင်စွမ်း ထိခိုက်စေမယ်

    လပ်တော့ကွန်ပျူတာကို ပေါင်ပေါ်မှာတင်သုံးတဲ့အခါ ပေါင်ခြံအတွင်းက အပူချိန်က ပုံမှန်ခန္ဓာကိုယ်အပူချိန်ဖြစ်တဲ့ 98.6 ဒီဂရီထက် 35 ဒီဂရီပိုများလာနိုင်ပါတယ်။ ဒီအပူချိန်က သုက်ပိုးထုတ်လွှတ်မှုကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကိုတောင် ထိခိုက်စေပါတယ်။

    မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားတာကလည်း အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။

    ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပစ္စည်းတစ်ခုနှစ်ခုလောက်က ပြဿနာမရှိပေမယ့် ဒါတွေချည်း နေရာတကာမှာ အသုံးများလာလေ ထုတ်လွှတ်မှုက များလေဖြစ်ပြီး ကျန်းမာရေးအတွက်ဆိုးကျိုးတွေ သက်ရောက်နိုင်မှာသေချာပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement