backup og meta

အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း

    လူကြီး တော်တော်များများ ကတော့ ဒီလို အပြုအမူကို ဘာသာရေးအရ၊ လူမျိုးရေးအရ ရှက်စရာ ကောင်းတယ်၊ မလုပ်သင့်ဘူးလို့ မြင်တတ်ကြပေမယ့် ကျန်းမာရေးအရတော့ ဒါသည် လူတိုင်းလုပ်နေကျ ပုံမှန်အပြုအမူတစ်ခုပါပဲ။ ဒါပေမယ့်လည်း တန်ဆေး၊ လွန်ဘေးဆိုသလို နေ့စဉ်ရက်ဆက် ဘာမှမလုပ်ဘဲ အပြာရုပ်ရှင် မကြည့်ရမနေနိုင်တာ၊ လွန်လွန်ကျူးကျူး အာသာဖြေတတ်တယ်ဆိုရင်တော့ ဘယ်ကောင်းပါ့မလဲ။ ခုဆောင်းပါးမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း နဲ့ လိင်ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။

    အပြာရုပ်ရှင်တွေကို ဘယ်အရွယ်တွေမှာ အများဆုံးကြည့်ကြလဲ။

    အသက်အရွယ်မရွေး၊ ကျား၊ မ မရွေး အပြာရုပ်ရှင်ကြည့်ကြပါတယ်။ အထူးသဖြင့် လူပျို၊ အပျိုဖြစ်ကာစအရွယ်၊ လိင်မှုကိစ္စဆိုတာကို အသစ်အဆန်းကိစ္စတစ်ခုလို စမ်းသပ်လေ့လာချင်ကြတဲ့ လူငယ်သဘာဝတွေကတော့ ပိုပြီးကြည့်တာ များပါတယ်။ ချစ်သူရည်းစားရှိသူတွေ၊ အိမ်ထောင်ရှိသူတွေအနေနဲ့လည်း အပြာရုပ်ရှင်ကြည့်ခြင်းဖြင့် ကျနေတဲ့ ကိုယ့်ရဲ့ လိင်စိတ်ကို မြှင့်တင်ပေးနိုင်သလို ကိုယ်ချစ်ရတဲ့သူနဲ့လည်း ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်သုခကို ဖြည့်ဆည်းပေးဖို့ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။

    အပြာရုပ်ရှင်စွဲလမ်းစိတ်ဆိုတာ တကယ်ရှိလား။

    ဒါကိုတော့ စိတ်ကျန်းမာရေး ပြဿနာတစ်ခုအဖြစ် သတ်မှတ်ခံယူထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အပေါ်မှာပြောခဲ့သလိုပါပဲ။ တစ်နေ့လုပ်ရမယ့် တာဝန်ဝတ္တရားတွေကို အကုန်လျစ်လျူရှုပြီး ဒီဘက်ကိုပဲ စိတ်ရောက်နေတာ၊ ရုပ်ရှင်ထဲမှာပါတဲ့ အန္တရာယ်ရှိနိုင်လောက်တဲ့ ဆက်ဆံပုံတွေကို ချစ်သူရဲ့ သဘောတူညီချက်မပါဘဲ ပြုကျင့်တာ၊ ကိုယ့်ရဲ့ လုပ်ငန်းတာဝန်၊ မိသားစုတာဝန်တွေပါ လစ်ဟင်းပြီဆိုရင်တော့ အနည်းငယ်စွဲလမ်းစိတ် ဖြစ်နေပြီလို့ သတ်မှတ်လို့ရပါတယ်။

    အပြာရုပ်ရှင်နဲ့ ပတ်သက်ပြီး ဘာကို အရင်ဆုံးသိထားသင့်လဲ။

    ရုပ်ရှင်ဆိုတာ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုပါပဲ။ ကြည့်နေရတဲ့သူတွေအတွက် ထင်မထားလောက်တဲ့ ရသတစ်မျိုး ပေးစွမ်းနိုင်ဖို့ ရိုက်ကူးရတာ ဖြစ်ပြီး ဒါကိုကြည့်နေသူတွေကတော့ အဲ့အတိုင်း တိတိကျကျ လိုက်လုပ်ဖို့ မလိုအပ်ပါဘူး။ လူသားတိုင်း လိင်မှုကိစ္စကို ရှောင်လွှဲနိုင်တာမဟုတ်ဘူးဆိုပေမဲ့ လိင်ကိစ္စရဲ့ သားကောင်ဘဝကိုတော့ အရောက်မခံပါနဲ့။

    အပြာရုပ်ရှင်ကြည့်ခြင်းဟာ မကောင်းတဲ့ ကိစ္စတစ်ခုလား။

    စိတ်ပညာအရရော ကျန်းမာရေးအနေနဲ့ပါ ဘာမှအပြစ်ပြောစရာမရှိတဲ့ ကိစ္စတစ်ခုပါပဲ။ လူတိုင်း အရွယ်ရောက်ပြီးတဲ့အခါမှာ အပြာရုပ်ရှင်ကို အနည်းဆုံးတစ်ကြိမ်လောက်တော့ ကြည့်ဖူး၊ တွေ့ဖူး၊ စူးစမ်းလေ့လာဖူးကြတာချည်းပါပဲ။ ကိုယ့်အကြိုက်နဲ့ကိုယ်မို့ ဆက်ကြည့်ကြတယ်၊ တချို့ကလည်း ကြည့်ဖို့အတွက်ကို ရှက်ရွံ့တတ်ကြတယ်။ ဒါကတော့ သဘာဝပါပဲ။ မိဘတွေအနေနဲ့လည်း အပြာရုပ်ရှင်ကြည့်တာကို မကောင်းတဲ့ကိစ္စတစ်ခုသဖွယ် ပုံဖော်နေမယ့်အစား ကလေးတစ်ယောက် အရွယ်ရောက်လာပြီဆိုရင် အပြာရုပ်ရှင်၊ လိင်ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်ခြင်း၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ပြောပြပေးပါ၊ တိုင်ပင်ဆွေးနွေးလို့ရတဲ့ အဖော်အဖြစ် သူတို့မြင်အောင် ပံ့ပိုးပေးပါ။

    အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း

    အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အပြာရုပ်ရှင်ကြည့်ခြင်း အကြောင်းလေး ဆက်ပြောရမယ်ဆိုရင်

    အပြာရုပ်ရှင်ဟာ ဘာအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်လဲ။

    ၁။ လိင်ဆက်ဆံခြင်းဆိုတာ ရှက်ရွံ့စရာ၊ ကြောက်စရာ၊ အားငယ်စရာမဟုတ်ကြောင်းကို ဖော်ပြပေးတယ်။

    ၂။ ကိုယ့်ရဲ့ ချစ်သူ၊ ပါတနာနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ကာမသုခကို ပိုင်ဆိုင်ရစေဖို့ ကူညီပေးတယ်။

    ၃။ သမားရိုးကျ ပုံစံအနေအထားသာမက အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ ကိုယ်နဲ့ အဆင်ပြေနိုင်လောက်မယ့် ဆက်ဆံပုံအနေအထားကို လေ့လာနိုင်တယ်။

    ၄။ အပြာရုပ်ရှင်ကြည့်ပြီး တစ်ကိုယ်ရေအာသာဖြေနေကျသူတွေမှာ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက ခံစားသိရှိနိုင်မှုပိုကောင်းလဲ၊ ကာမအထွတ်အထိပ်ကို လျင်မြန်စွာ ရောက်ဖို့ နှိုးဆွပေးနိုင်လဲဆိုတာကို သိရှိနိုင်တယ်။

    အပြာရုပ်ရှင်ကြည့်ခြင်းရဲ့ မကောင်းတဲ့အချက်တွေကရော ဘာတွေလဲ။

    ၁။ ရုပ်ရှင်တွေမှာပါတဲ့ ဇာတ်ဝင်ခန်းတွေအပေါ် စွဲလမ်းမှုလွန်ကဲပြီး ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကို တစ်ပုံစံတည်း ကျင့်ကြံတာ၊ ရိုက်နှက်နှိပ်စက်ပြီး လိင်အာသာဖြေတဲ့ အကျင့်ဖြစ်လာတာ

    ၂။ နဂိုက လိင်စိတ်ထက်သန်သူတွေမှာ ပိုမိုရဲတင်းလာပြီး အန္တရာယ်များတဲ့ အပြုအမူတွေ ပြုလုပ်လာတာ

    ၃။ လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုတာ၊ အုပ်စုဖွဲ့ လိင်ဆက်ဆံရတာ၊ မူးယစ်ဆေးဝါးအသုံးပြုပြီး လိင်ဆက်ဆံရတာကို ကြိုက်နှစ်သက်လာတာ

    ၄။ လိင်ဆက်ဆံဖို့ကိုပဲ စိတ်အားထက်သန်နေပြီး ကျန်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစု၊ အလုပ်တာဝန်တွေ လစ်ဟင်းတာ

    ၅။ လက်တွေ့ဆက်ဆံရတာထက် အပြာရုပ်ရှင်ကြည့်ပြီး အာသာဖြေရတာကိုပဲ ပိုမိုစိတ်အားထက်သန်လာတာ စတဲ့ ပြဿနာတွေကိုတော့ တွေ့နိုင်ပါတယ်။ ဒီပြဿနာအများစုဟာ တစ်နေ့ကို နာရီပေါင်းများစွာ အပြာရုပ်ရှင်ကြည့်တဲ့သူတွေမှာသာ ပိုအဖြစ်များပြီး ပုံမှန်အပြာရုပ်ရှင်ကြည့်တဲ့သူတွေအတွက်တော့ ဒီလိုစိတ်အခြေအနေမျိုး ဖြစ်လာနိုင်စရာ အခွင့်အလမ်းနည်းပါတယ်။

    အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် အပြာရုပ်ရှင်ကြည့်ခြင်းဟာ လူတွေထင်ထားသလို မကောင်းတဲ့ အကျင့်စရိုက်ဆိုတာတော့ လုံးဝမဟုတ်ပါဘူး။ ကျား၊ မ မရွေး၊ လူငယ်၊ လူကြီး၊ အိမ်ထောင်ရှိသူတွေပါ ကြည့်နိုင်သလို အသုံးချတတ်ရင်လည်း ကိုယ့်အတွက် လိင်မှုဘဝမှာ ပိုကောင်းတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာပါ။ ဒါပေမယ့် ဒီလိုရုပ်ရှင်တွေကြည့်ဖို့ အချိန်တွေအများကြီး ပေးတာ၊ မကြည့်ရမနေနိုင်ဖြစ်တာ၊ တစ်ခုခုလုပ်နေရင်းနဲ့ ဒီဘက်ကိုပဲ စိတ်ရောက်လာတာမျိုးတော့ မဖြစ်သင့်ပါဘူး။ အတုယူသင့်တာကိုယူ၊ ရှောင်သင့်တာကို ရှောင်ရင်း ပိုမိုကောင်းမွန်တဲ့ ဘဝအနာဂတ်ကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement