backup og meta

သင့်ခန္ဓာကိုယ်အပေါ် ကဖိန်းရဲ့ သက်ရောက်မှု


Dr. Thant Zin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ခန္ဓာကိုယ်အပေါ် ကဖိန်းရဲ့ သက်ရောက်မှု

    များသောအားဖြင့် လူသားများရဲ့ တနေ့တာ စအဖွင့်မှာ ကော်ဖီဟာ မပါမဖြစ်ပါကြပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ် အဓိက ပါဝင်ပြီး သောက်သုံးသူများကို တက်ကြွလန်းဆန်းစေတဲ့ အာနိသင်ရှိပါတယ်။ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်စေတဲ့ အာနိသင်ရှိပြီး ကိုယ်ခန္ဓာအပေါ် သက်ရောက်စေတဲ့ တခြားနည်းလမ်းတွေလည်း ရှိပါတယ်။

    ကဖိန်းမှာ သူ့ချည်းသက်သက်ဆိုရင် အာဟာရတန်ဖိုး မရှိပါဘူး။ ဒါပေမယ့် ပမာဏနည်းနည်းပါဝင်ရုံနဲ့ သင့်ကို စွမ်းအင်ပြည့်ဝစေပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကဖိန်းများများ သောက်သုံးမိရင် မသောက်ရမနေနိုင်ဖြစ်သလို ကြုံလာရပါတယ်။ သုတေသနလေ့လာချက်များအရ အရွယ်ရောက်ပြီး ကျန်းမာသူတယောက်ဟာ တနေ့ကို ကဖိန်း ၄၀၀ မီလီဂရမ်ထိ ဘေးကင်းစိတ်ချစွာ သောက်သုံးနိုင်ပါတယ်။ ပုံမှန် ကော်ဖီတခွက်ဆိုရင် ၈အောင်စ ပါဝင်ပါတယ်။

    သင်ဟာ ကော်ဖီကို နေ့တိုင်းသောက်သွားမယ်ဆိုရင် သင့်ကိုယ်ခန္ဓာဟာ ကဖိန်းဓာတ်ကို ယဉ်ပါးသွားပါပြီ။ အသက်အရွယ်၊ ကိုယ်ခန္ဓာအချိုးအဆ၊ တကိုယ်ရေကျန်းမာရေး စတာတွေပေါ်မူတည်ပြီး ကဖိန်းစွဲလန်းခြင်း ဖြစ်ပေါ်လာပါတယ်။ တကယ်လို့ ကဖိန်းဓာတ်ကို လျှော့ချချင်တယ်ဆိုရင် ကော်ဖီသောက်သုံးမှုကို ဖြည်းဖြည်းချင်းပဲ လျှော့ချသင့်ပါတယ်။

    ဗဟိုအာရုံကြောစနစ်ပေါ် သက်ရောက်မှု

    ကဖိန်းဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ဦးနှောက်ဆီရောက်သွားရင် သင့်ကို နိုးကြားလာစေပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးစေပါတယ်။ အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ ဝေဒနာတွေအတွက် ပေးတဲ့ဆေးဝါးတွေမှာလည်း ကဖိန်းဟာ တစိတ်တပိုင်း ပါဝင်ပါတယ်။

    သုတေသနတွေအရ ကော်ဖီကို နေ့စဉ်သောက်သုံးသူတွေမှာ အယ်လ်ဇိုင်းမားနဲ့ အတိတ်မေ့ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုနည်းတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကဖိန်းများများ သောက်သုံးရင်တော့ ခေါင်းကိုက်တတ်ပါတယ်။ ဒါဟာ ကဖိန်းစွဲလန်းမှုနဲ့ ဆိုင်ပါတယ်။ ဦးနှောက်ထဲက သွေးကြောတွေဟာ ကဖိန်းရဲ့ အာနိသင်ကို ယဉ်ပါးနေရာကနေ ရုတ်တရက် သုံးစွဲခြင်း ရပ်တန့်လိုက်တဲ့အခါ ခေါင်းကိုက်ခြင်း ဖြစ်စေပါတယ်။

    ကဖိန်းပြတ်တောက်မှုရဲ့ တခြားလက္ခဏာတွေကတော့

    – စိတ်ပူပန်ခြင်း

    – ကသိကအောင့်ဖြစ်ခြင်း

    – အိပ်ငိုက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ တခါတရံ ခြေတုန်လက်တုန်ခြင်းပါ ဖြစ်စေတတ်ပါတယ်။

    တခါတရံမှာ ကဖိန်းဓာတ်လွန်ကဲခြင်းလည်း ဖြစ်စေတတ်ပါတယ်။ ကဖိန်းလွန်ကဲခြင်းလက္ခဏာတွေကတော့

    – စိတ်ရှုပ်ထွေးခြင်း

    – အာရုံမှောက်မှားခြင်း

    – အန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

    ကဖိန်းလွန်ကဲလွန်းရင် တက်တတ်ပြီး သေဆုံးခြင်းထိပါ ဖြစ်စေတယ်လို့လည်း ဆိုထားပါတယ်။ ကဖိန်းလွန်ကဲလွန်းရင် ဖြစ်တတ်ပြီး စွမ်းအားဖြည့်အချိုရည်၊ ဆေးပြားတွေ သုံးစွဲခြင်းကြောင့် ဖြစ်တတ်ပါတယ်။ တနေ့ကို ကဖိန်း ၄၀၀ မီလီဂရမ်ထိတော့ သုံးစွဲနိုင်ပါတယ်။ ဒါဟာ ကော်ဖီလေးခွက်စာလောက်နဲ့ ညီမျှပါတယ်။

    အစာခြေစနစ်၊ စွန့်ထုတ်စနစ်

    ကဖိန်းဟာ အစာအိမ်ထဲက အက်ဆစ်ပမာဏကို မြင့်တက်စေပါတယ်။ အစာမကြေ ရင်ပူခြင်း၊ အစာအိမ်အောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ကဖိန်းကို ခန္ဓာကိုယ်ထဲမှာ အပိုဆောင်းတော့ သိုလှောင်ခြင်း မရှိပါဘူး။ အသည်းထဲကို ဝင်ရောက်ပြီး ဆီးကနေပြန်စွန့်ထုတ်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီးချိန်မှာ ဆီးရွှင်တတ်ပါတယ်။ တကယ်လို့ အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာအိမ် အနာဖြစ်ခြင်း စတာတွေ ဖြစ်ပွားနေရင်တော့ ကော်ဖီသောက်ခြင်း၊ ကဖိန်းသုံးစွဲခြင်းများ မပြုသင့်ပါဘူး။

    သွေးလည်ပတ်မှုစနစ်၊ အသက်ရှူစနစ်

    ကဖိန်းကို အစာအိမ်ကနေ စုပ်ယူသွားပြီး တနာရီ နှစ်နာရီအတွင်း သွေးကြောထဲမှာ အမြင့်ဆုံးကို ရောက်လာပါတယ်။ ကဖိန်းဟာ သွေးပေါင်ချိန်ကို ခဏတာ မြင့်တက်စေပါတယ်။ ဒါဟာ အဒရီနယ်လင်ကို မြင့်တက်စေခြင်း၊ သွေးကြောကို သဘာဝအလျောက် ကျယ်စေတဲ့ ဟော်မုန်းကို ယာယီပိတ်ဆို့ထားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    လူအများစုမှာတော့ သွေးပေါင်ချိန်အပေါ် ရေရှည်သက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့် နှလုံးခုန်တဲ့ စည်းချက်ကိုတော့ သက်ရောက်မှုရှိပါတယ်။ နှလုံးခုန်မြန်စေပါတယ်။ တကယ်လို့ သွေးတိုးခြင်းနဲ့ တခြားနှလုံးပြဿနာတွေ ရှိနေရင် ကဖိန်းသုံးစွဲခြင်း မပြုသင့်ပါဘူး။

    ကဖိန်းဓာတ် အလွန်အကျွံသုံးစွဲမိရင် နှလုံးခုန်မြန်ခြင်း၊ စည်းချက်မမှန်ခြင်း၊ အသက်ရှူရခက်ခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

    အရိုးနှင့်ကြွက်သားအဖွဲ့အစည်း

    ကဖိန်းများများသုံးစွဲရင် ကယ်လ်ဆီယမ်စုပ်ယူမှုနဲ့ ဇီဝဖြစ်ပျက်မှုပေါ် ထိခိုက်စေပါတယ်။ အရိုးပွခြင်းကို ဦးတည်စေနိုင်ပါတယ်။ ဒါ့အပြင် ကြွက်တက်ခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ ကြွက်သားများ နာကျင်ကိုက်ခဲစေပါတယ်။

    မျိုးပွားအဖွဲ့အစည်း

    ကဖိန်းဟာ သွေးကြောထဲကတဆင့် အချင်းကို ဖြတ်သန်းသွားနိုင်ပါတယ်။ ကဖိန်းဟာ အာရုံကြောလှုံ့ဆော်တဲ့အရာဖြစ်တာမို့ ကလေးရဲ့ နှလုံးခုန်နှုန်းနဲ့ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပါတယ်။ ကဖိန်းဓာတ်လွန်ကဲလွန်းရင် ကလေးရဲ့ ဖွံ့ဖြိုးမှုကို နှေးကွေးစေပြီး ပျက်ကျစေခြင်းလည်း ဖြစ်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေအနေနဲ့ ကဖိန်းကို တနေ့တာမှာ ၂၀၀ မီလီဂရမ်နဲ့ ၃၀၀ မီလီဂရမ်ကြားပဲ သုံးစွဲသင့်ကြောင်း သိရပါတယ်။ ကဖိန်းလွန်ကဲရင် အီစထရိုဂျင်ဟော်မုန်း ထုတ်လုပ်ခြင်းကို အနှောက်အယှက်ဖြစ်စေပြီး သန္ဓေအောင်ခြင်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement