backup og meta

ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ

    ရေအသက်တစ်မနက်’ ဆိုတဲ့ဆိုရိုးအတိုင်း အသက်ရှင်ဖို့အတွက် ရေသောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကဆဲလ်တွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့ ရေဓာတ်လိုအပ်ပေမဲ့ လိုတာထက်ပိုပြီး သောက်မိရင်လည်း ရေဆိပ်တက်ပြီး ကျန်းမာရေးထိခိုက်နိုင်တာကို သိထားသင့်ပါတယ်။ ကဲ … ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ရေဆိပ်တက်တယ်ဆိုတာ ဘာလဲ

    လူတိုင်းဖျော်ရည် သောက်သုံးဖူးကြမှာပါ။ ဖျော်ရည်ဖျော်တဲ့အခါမှာ ထည့်ဖျော်ရမယ့် ရေပမာဏအနည်းအများက အရေးကြီးပါတယ်။ ရေနည်းနေရင် ဖျော်ရည်က လိုတာထက် ပိုချိုနေပြီး များလွန်းရင်လည်း ဘာအရသာမှမရှိဘဲ ဖြစ်သွားတတ်ပါတယ်။

    ရေဆိပ်တက်တဲ့အခြေအနေကလည်း ဒီပုံစံနဲ့ဆင်တူပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သက်စောင့်ဓာတ်အမျိုးမျိုးရှိပြီး ဆိုဒီယမ်ဓာတ်ကလည်း အရေးကြီးဆုံး သက်စောင့်ဓာတ်တွေထဲက တစ်ခုပါ။ ရေကို လိုအပ်တဲ့ပမာဏထက် အလွန်အကျွံသောက်သုံးမိရင် သွေးတွင်း ဆိုဒီယမ်ဓာတ်တွေ ကျဲပါးသွားပါတယ်။

    ဆိုဒီယမ်ဓာတ်ဟာ ဆဲလ်ရဲ့အတွင်းနဲ့ အပြင်မှာရှိရမယ့် ရေဓာတ်ပမာဏကို ချိန်ညှိပေးနိုင်စွမ်းရှိတဲ့အတွက် ဆိုဒီယမ်ဓာတ်ကို သတ်မှတ်ပမာဏအတိုင်း ထိန်းထားဖို့က အလွန်ပဲ အရေးကြီးပါတယ်။

    သွေးတွင်းဆိုဒီယမ်ပမာဏ 135mmol/l အောက်ကျသွားရင် ဆဲလ်အပြင်က ရေတွေ ဆဲလ်အထဲကို ဝင်ရောက်လာပြီး နောက်ဆက်တွဲ ရလဒ်ကတော့ ကိုယ်တွင်းကဆဲလ်တွေ ပုံမှန်ထက် ပိုဖေါင်းပွလာတော့တာပါပဲ။ ဦးနှောက်ထဲက ဆဲလ်တွေပါ ဒီလိုဖေါင်းပွလာရင် အသက်အန္တရာယ်စိုးရိမ်ရပါပြီ။

    ရေအလွန်အကျွံသောက်လိုက်လို့ ဦးနှောက်ထဲကဆဲလ်တွေ ဖောင်းပွလာတဲ့အတွက် ဦးခေါင်းခွံအတွင်းပိုင်းကို ဖိအားသက်ရောက်ပါတယ်။ ဦးခေါင်းခွံတွင်း ဖိအားတိုးလာရင် ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာ၊ အော့အန်တာတွေ ဖြစ်လာပါမယ်။

    အခြေအနေ ပိုဆိုးလာရင်တော့ မူးနောက်နောက်ဖြစ်တာ၊ကြွက်သားအားနည်းတာ၊ သွေးတိုးတာ၊ ပုံရိပ် နှစ်ထပ်မြင်တာ၊ စိတ်ရှုပ်ထွေးလာတာ စတဲ့လက္ခဏာတွေကနေ  အသက်ရှူရ ခက်ခဲလာတဲ့အထိ ခံစားရနိုင်ပါတယ်။

    ဦးနှောက်ဆဲလ်တွေထဲမှာ အရည်တွေပြည့်လာလေ ဦးနှောက်နဲ့ ပင်မအာရုံကြောစနစ်အပေါ်ကို ဖိအားသက်ရောက်လေဖြစ်ပါတယ်။ ဒီလိုဖိအားမြင့်တက်လာတာကို အချိန်မီ မကုသရင် တက်ခြင်း၊ ဦးနှောက်ထိခိုက်ပျက်စီးခြင်း၊ သတိလစ်မေ့မျောခြင်းကနေ နောက်ဆုံးအသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်ပါတယ်။

    သတင်းကောင်းတစ်ခုကတော့ ရေဆိပ်တက်တဲ့ပြဿနာက အဖြစ်နည်းပါတယ်။ ရေကို မတော်တဆနဲ့ အများကြီးသောက်သုံးမိဖို့ ဆိုတာလည်း တကယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ အောက်ပါအခြေအနေတွေမှာ ပါဝင်သူတွေကတော့ မတော်တဆကြုံရနိုင်ပါတယ်။

    ရေဆိပ်တက်နိုင်ခြေ များသူများ

    • အားကစားပြုလုပ်သူများ

    ကိုယ်လက်လှုပ်ရှားလုပ်ရင် ချွေးထွက်ပါတယ်။ ကိုယ်တွင်းက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ဖို့အတွက် ရေပြန်သောက်ဖို့လိုပါတယ်။ ရေဓာတ်ဆုံးရှုံးလို့ ရေပြန်သောက်တာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ချွေးထွက်တာကနည်းပြီး ပြန်သောက်တဲ့ပမာဏက တရားလွန် များနေရင်တော့ ပြဿနာရှိနိုင်ပါတယ်။

  • စစ်ရေးဆိုင်ရာ လေ့ကျင့်ခန်းပြုလုပ်သူများ
  • စစ်သားတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ရေး အပြင်းအထန် ဆင်းရတဲ့ အချိန်တွေရှိပါတယ်။ အားကစားလုပ်တဲ့သူတွေလိုဘဲ လေ့ကျင့်ရေး အပြင်းအထန်လုပ်ချိန်မှာ ရေဆာပြီး ရေကို လိုတာထက် ပိုသောက်သုံးမိရင် ရေဆိပ်တက်နိုင်ပါတယ်။

    ဒီလိုအခြေအနေ နှစ်မျိုးအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာခံစားနေရသူ တချို့မှာလည်း ရေအလွန်အကျွံ သောက်မိပြီး ရေဆိပ်တက်သွားတဲ့ ပြဿနာတွေ ရှိနိုင်ပါတယ်။

    တကယ်တော့ ရေဆိပ်တက်တဲ့ ပြဿနာဖြစ်ဖို့အတွက် သောက်သုံးလိုက်တဲ့ ရေပမာဏအပြင် ဘယ်လောက် အချိန်တိုအတွင်း သောက်လိုက်သလဲဆိုတာလည်း အရေးပါပါတယ်။ ပုံမှန်ဆို ကျောက်ကပ်က တစ်ရက်ကို ရေ ၂၀-၂၈ လီတာအထိ စွန့်ထုတ်သန့်စင်ပေးနိုင်ပြီး တစ်နာရီကို ၁ လီတာအထိ အများဆုံး စွန့်ထုတ်နိုင်တယ်လို့ ဆိုပါတယ်။

    ရေဆိပ်တက်တဲ့ပြဿနာ ကြုံဖူးသူတွေကို လေ့လာကြည့်တဲ့အခါမှာလည်း အချိန်တိုအတွင်း ရေပမာဏ အများကြီး သောက်လိုက်သူတွေသာ ဖြစ်နေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ရေဆာလို့ ရေသောက်တော့မယ်ဆို ချင့်ချိန်ပြီးသောက်ဖို့ အကြံပေးချင်ပါတယ်။

    လူတစ်ယောက် အနေနဲ့ တစ်နေ့ကို ရေဘယ်လောက်သောက်ရမယ်ဆိုတာ သုတေသနလုပ်ထားတာ အခုချိန်ထိ မရှိသေးပါဘူး။ အတော်များများက တစ်ရက်ကို ရေရှစ်ခွက် အနည်းဆုံးသောက်ရမယ်လို့ ဆိုပေမဲ့ ဒီအချက်ကလည်း အတိအကျမဟုတ်ပါဘူး။

    တကယ်တော့ တစ်ရက်သောက်သုံးရမယ့် ရေပမာဏဆိုတာ ယောကျ်ား/မိန်းမ၊ အသက်၊ အလုပ်အကိုင်၊ ကျန်းမာရေးအခြေအနေ စတာတွေနဲ့လည်း အများကြီး သက်ဆိုင်တဲ့အတွက် အတိအကျသတ်မှတ်ဖို့ ခက်ခဲနေပါသေးတယ်။

    ရေဆိပ်တက်တဲ့ ပြဿနာကတွေ့ရခဲတဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ အထူးသဖြင့် လေ့ကျင့်ခန်း အပြင်းအထန်လုပ်ပြီး ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်ဖြည့်ဖို့ အလွန်အကျွံ သောက်မိသူတွေမှာ ပိုအဖြစ်များကာ အခြားသူတွေမှာဖြစ်ဖို့ အတော်လေး ခဲယဉ်းပါတယ်။ ရေဆိပ်တက် မှာစိုးလို့ဆိုပြီး ရေကိုလိုအပ်တာထက် လျှော့သောက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

    ကိုယ်တွင်းအစိတ်အပိုင်းတွေအားလုံး ပုံမှန်အလုပ်လုပ်နိုင်ဖို့ ရေသောက်ဖို့လိုပါတယ်။ ယေဘုယျအားဖြင့် တစ်နာရီကို ရေ ဝ.၈ လီတာ ကနေ ၁ လီတာထက် ပိုမသောက်ရင် ရပါပြီ။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement