backup og meta

ခရီးမသွားခင် လုပ်ဆောင်ရမည့်အရာများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရီးသွားခြင်းဟာ လူတွေအတွက် ပုံမှန် ရှုပ်ထွေးတဲ့ဘဝတွေ ဆီကနေ ခဏတာ လွန်မြောက်ဖို့အတွက် ကောင်းမွန်တဲ့ အချိန်ပဲဖြစ်ပါတယ်။ အခုခေတ်မှာ လူတွေဟာ နိုင်ငံခြားသွားကြပြီး ယဉ်ကျေးမှု အသစ်တွေ၊ လူအသစ်တွေ၊ ဘဝနေထိုင်ပုံအသစ်တွေ အစရှိတာတွေကို လေ့လာကြပါတယ်။ ဒါပေမယ့် နိုင်ငံခြားကို ခရီးသွားခြင်းဟာ သင့်ခရီးစဉ်ကို ပျော်ရွှင်မှု ပျက်ပြားစေမယ့် ထူးဆန်းတဲ့ ဖျားနာမှုတွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခရီးမသွားခင် သင့်ကျန်းမာရေးအတွက် ဘယ်လိုကြိုတင် ပြင်ဆင်ရမလဲဆိုတာကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    ကာကွယ်ဆေးတွေ ထိုးသွားပါ။

    နိုင်ငံခြားမသွားခင်မှာ travel immunisations လို့ ခေါ်တဲ့ ခရီးသွားဖို့အတွက် ကာကွယ်ဆေးတွေ ထိုးသွားသင့်ပါတယ်။ ဒီကာကွယ်ဆေးတွေဟာ သင့်ကို ခရီးနဲ့ ပတ်သက်တဲ့ ပြင်းထန်တဲ့ ရောဂါတွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ သင့်ကျန်းမာရေး အခြေအနေ၊ ကာကွယ်ဆေး ရာဇဝင်တွေ၊ သင်သွားလည်မယ့်နိုင်ငံ၊ ကြာမည့်အချိန် အစရှိတာတွေပေါ်မူတည်ပြီးတော့ သီးသန့် ကာကွယ်ဆေးတွေ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

    အောက်ဖေါ်ပြပါ ပုံမှန်ကာကွယ်ဆေးတွေကိုလည်း ထိုးထားသင့်ပါတယ်။

    • အသည်းရောင် အသားဝါ အေ၊ဘီ ကာကွယ်ဆေး

    • ဆုံဆို့၊ ကြက်ညှာ ၊ မေးခိုင် ကာကွယ်ဆေး

    • Haemophilus influenza type B ကာကွယ်ဆေး

    • ဝက်သက်၊ ပါးချိတ်ရောင် ကာကွယ်ဆေး

    • ပိုလီယို ကာကွယ်ဆေး

    တစ်ချိန်ထဲမှာပဲ ပုံမှန်ထိုးနေကြမဟုတ်တဲ့ အောက်ဖေါ်ပြပါ ကာကွယ်ဆေးတွေဟာလည်း သင်အချို့တိုင်းပြည်တွေ သွားမယ်ဆိုရင် ထိုးသွားဖို့ လိုအပ်ပါတယ်။

    • တိုက်ဖွိုက်၊ ပါရာတိုက်ဖွိုက် ရောဂါ

    • ဦးနှောက်အမြှေးရောင်ရောဂါ

    • Yellow fever (ခြင်မှတစ်ဆင့် ကူးစက်သော အပူပိုင်းဒေသ ရောဂါ)

    • ခွေးရူးပြန်ရောဂါ

    • ဂျပန် ဦးနှောက်ရောင် ရောဂါ။

    သင့်ခရီးစဉ်ကို လေ့လာပါ။

    သင့်ခရီးစဉ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို သေချာစွာ သိထားဖို့လိုအပ်ပါတယ်။ အချို့ရောဂါပိုးတွေဟာ တိုင်းပြည်တစ်ပြည်ရဲ့ နေရာများစွာမှာ (သို့) နယ်နိမိတ်ကိုတောင် ဖြတ်ပြီးတော့ ဖြစ်ပွားနိုင်ကြပါတယ်။ ဒါ့ကြောင့် သင်တစ်ယောက်တည်း ခရီးသွားသည်ဖြစ်စေ၊ တိုးဂိုက်နဲ့ ခရီးသွားသည်ဖြစ်စေ၊ ခရီးစဉ်ကို သေချာစွာ သိထားဖို့ လိုအပ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်အလက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

    • သင်သွားမည့် နိုင်ငံရဲ့တိကျတဲ့ နေရာများ (မြို့ထဲ၊ နယ်) အပါအဝင် သင်သွားမယ့်နေရာ အကုန်

    • ခရီးစဉ် ကြာချိန်

    • သင်ရောက်မယ့် နိုင်ငံရဲ့ ရာသီဥတု

    • သင်တည်းခိုမယ့် နေရာရဲ့ အခြေအနေ (အဲကွန်း၊ လေရတဲ့တဲ၊ ကာထားတယ့်အခန်း၊ အစရှိသည်)

    • သင်သွားလည်မယ့်နေရာမှာ ရှိတဲ့ အစားအသောက် အမျိုးအစား

    • သင်ပါဝင်ဆောင်ရွက်မယ့် လှုပ်ရှားမှုများ

    ဒါ့အပြင် သင်သွားမယ့်နိုင်ငံတွေရဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေ (ဥပမာ၊ သံရုံး) ကိုလည်း အရေးပေါ်အခြေအနေကြုံလာရင် အသုံးပြုဖို့ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။

    ခရီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးကျွမ်းကျင်သူထံ သွားရောက်ပါ။

    ခရီးသွားဆိုင်ရာ ကျန်းမာရေးကျွမ်းကျင်သူဆိုတာ ခရီးသွားတာနဲ့ပတ်သက်ပြီး (သို့) အပူပိုင်းဒေသ ဆေးပညာနဲ့ ပတ်သက်ပြီး အထူးတလည် သင်ကြားထားတဲ့ ဆရာဝန် (သို့) ဆရာမတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ သူတို့ဟာ ခရီးသွားဆိုင်ရာ ကျန်းမာရေးဆေးခန်းတွေမှာ ရှိတာဖြစ်ပြီး သင့်အတွက် ခရီးမသွားခင် အကြံပေးမှုတွေနဲ့ ကာကွယ်ဆေးတွေအကြောင်းကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆေးခန်းတွေကို သွားတာဟာ ပုံမှန်ဆေးခန်းတွေကို သွားတာထက် ပိုအကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့

    • သူတို့ဟာ နိုင်ငံခြား ခရီးသွားခြင်းကို အထူးပြုထားတာကြောင့် သင့်အတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေနဲ့ အချက်အလက်တွေအကုန်လုံးကို ပြောပြနိုင်မှာပါ။

    • သင့်ကို လိုအပ်တဲ့ အညွှန်းတွေ အကုန် ပေးပါလိမ့်မယ်။

    • သင်သွားလည်မယ့် နိုင်ငံရဲ့ ကူးစက်ရောဂါတွေနဲ့ ကျန်းမာရေးအခြေအနေတွေ အကြောင်းကို နောက်ဆုံးပေါ် သတင်းအချက်အလက်တွေ ပေးနိုင်ပါတယ်။

    • သင့်ကို မလိုအပ်တဲ့ ဆေးတွေနဲ့ ကာကွယ်ဆေးထိုးခြင်းတွေကနေ ကာကွယ်ပေးမှာပါ။

    ခရီးကပြန်လာပြီး ကျန်းမာရေးအကြံပေးခြင်းတွေ၊ တိုင်ပင်ဆွေးနွေးခြင်းတွေနဲ့ ကျန်းမာရေးဝန်ဆာင်မှုတွေလည်း ရှိပါသေးတယ်။

    သင့်ခရီးစဉ်တစ်လျှောက် အစွမ်းကုန်ပျော်ရွှင်နိုင်စေဖို့ အထက်ဖေါ်ပြပါ အချက်အလက်တွေအပြင် သင့်တစ်ကိုယ်ရည် ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement