backup og meta

ကျန်နေတဲ့ အစားအစာတွေ ဘေးကင်းအောင် ဘယ်လိုပြန်နွှေးကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်နေတဲ့ အစားအစာတွေ ဘေးကင်းအောင် ဘယ်လိုပြန်နွှေးကြမလဲ

    ပြန်နွှေးမစားသင့်တဲ့အစားအစာတွေ ဘာတွေ အကြောင်းရေးထားတဲ့ဆောင်းပါးတွေဖတ်ပြီး ခေါင်းထဲ ဘာကိုအရင်တွေးမယ်ထင်လဲ။ ပရိသတ်ကြီး အယောက် ၁၀၀ ရဲ့အဖြေက….

    ကျန်နေတဲ့ အစားအသောက်တွေ အကုန်လွှင့်ပစ်ရမှာလား။

    မကုန်တာနဲ့လွှင့်ပစ်ရမယ်လို့ မဆိုလိုပါဘူးနော်။ အကြွင်းအကျန်တွေကို အပူပြန်ပေးလိုက်ရင် အာဟာရအာနိသင်ပြောင်းလဲသွားနိုင်တဲ့၊ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တဲ့ အစားအစာတွေရှိပေမယ့် မကုန်သင့်တာမကုန်အောင် လုပ်လို့ရတဲ့နည်းတွေလည်းရှိပါတယ်။ နည်းလမ်းမှန်မှန် စီမံသိမ်းဆည်းမယ်ဆိုရင် အလဟဿလည်းမဖြစ်၊ အာဟာရလည်းမလျော့၊ဘေးလည်းမဖြစ်အောင် ခဲတစ်လုံးနဲ့ ငှက်သုံးကောင်လောက်ပစ်လို့ရပါတယ်။

    အစားအသောက်ကို လုံလောက်တဲ့အပူချိန်နဲ့ ကြာချိန်မပေးဘဲ ချက်ပြုတ်တာ(ကျက်အောင်မချက်တာပေါ့)၊ မသင့်တော်တဲ့အပူချိန်မှာ သိမ်းဆည်းထားရှိတာက အစားအစာကနေ ရောဂါပိုးတွေပေါက်ဖွားစေတဲ့အဓိကအကြောင်းရင်းနှစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာသန့်ရှင်းတဲ့ အစားအသောက်တွေ စီမံနိုင်မယ့်၊ အလေအလွင့်နည်းစေမယ့် နည်းလမ်းလေးတွေ အကြံပြုလိုက်ပါတယ်။

    ချက်ပြုတ်တဲ့အခါ

    မကုန်လို့ကျန်နေတဲ့ အစားအစာကိုဘေးကင်းစွာပြန်စားသုံးချင်ရင် စစချင်းချက်ပြုတ်တဲ့အချိန်တည်းကသေချာချက်ဖို့ပါ။ အထူးသဖြင့် အနီရောင်ရှိတဲ့အသားတွေ (အမဲသား၊ဝက်သား)ကို အပူချိန်ပြင်းပြင်းနဲ့ချက်ပြုတ်ရပါမယ်။ Steak အသားပြားပဲဖြစ်ဖြစ်၊ကြော်တာဖြစ်ဖြစ် မကျက်တကျက်ဆို အန္တရာယ်များပါတယ်။ ကျန်နေရင် ပိုဆိုးတာပေါ့။ ဒီအသားတွေမှာ ပါတဲ့ သန်ကောင်ဥလိုမျိုး ကပ်ပါးပိုးတွေက မကျက်တကျက်အသားမှာ လိုက်ပါလာနိုင်ပါတယ်။

    ပူပူလေးစားပါ

    ပူပူလေးစားပါ ဆိုတာ အပိုစကားတော့မဟုတ်ပါဘူး။ အပူချိန် 40° F နဲ့ 140° F အတွင်းမှာ ဘက်တီးရီးယားတွေပေါက်ဖွားလွယ်တာကြောင့် အစားအစာတွေကိုချက်ပြီးတာနဲ့ စားရင်စား မစားရင် အပူချိန်ထိန်းထားသင့်ပါတယ်။ အပူခံထမင်းဘူးတွေ ဒါ့ကြောင့်ပေါ်လာတာပါ။ ချက်ပြီး ၂ နာရီအတွင်း စားပါ၊ ဒါမှမဟုတ်ရင်ရေခဲသေတ္တာထဲတန်းထည့်သိမ်းပါ။ အခန်းအပူချိန်မှာဆို သိုးလွယ်တဲ့အစားအစာတွေအကုန် ၂ နာရီကျော်တာနဲ့ မစားသင့်ပါဘူး။ H. pylori ပိုး၊ ဝမ်းကိုက်ပိုး၊ အစာအဆိပ်သင့်စေတဲ့ဘက်တီးရီးယားတွေ စတဲ့ရောဂါပိုးတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် နှမျောစာစားရင်း ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ကြတာပါ။

    သေချာလုံအောင်ထည့်ပါ

    ရေခဲသေတ္တာထဲထည့်သိမ်းမယ်ဆိုလည်း အဖုံးလုံတဲ့ဘူးနဲ့သေချာထည့်ပါ။ရေငွေ့မဝင်အောင်၊ ဘက်တီးရီးယားမပေါက်အောင်၊ရေခဲသေတ္တာထဲကတခြားအနံ့တွေ မဝင်အောင် ကာကွယ်နိုင်ဖို့ပါ။ အပြင်မှာအကြာကြီးထားပြီး မစားချင်မှ ထည့်သိမ်းတာမျိုးရှောင်ပါ။ဖြစ်နိုင်ရင်စောနိုင်သမျှစောအောင် ဆုံးဖြတ်ပြီး ထည့်သိမ်းပါ။ အခန်းအပူချိန်မှာ ပိုးတွေပေါက်ပြီးမှ ထည့်သိမ်းလည်း ထူးမှာမဟုတ်လို့ပါ။

    အခန်းအပူချိန်မှာထားမယ်ဆိုရင်

    အဖုံးလုံအောင်ပိတ်ရင် သိုးလွယ်တာမို့ အစားအစာတွေကို ဖွင့်ထားတတ်ကြပါတယ်။ အုပ်ဆောင်းလေးနဲ့ အုပ်ထားတတ်ကြပေမယ့် ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေ ကျနိုင်၊ ဝင်နိုင်တာကြောင့် သန့်ရှင်းတဲ့နေရာမှာပဲ သိမ်းဆည်းသင့်ပါတယ်။ အုပ်ဆောင်းလေးတွေ၊ကြောင်အိမ်တွေ၊ ထမင်းစားပွဲဝန်းကျင်တွေကိုသေချာသန့်ရှင်းထားတာကောင်းပါတယ်။ အစားအစာတွေကို လုံးဝကြီးတော့ ဖွင့်မထားပါနဲ့။

    အကြာကြီးထားမှာလား

    ရေခဲသေတ္တာထဲထည့်ထားတဲ့ အစားအစာတွေကို ၃/၄ ရက်အတွင်းစားသုံးလို့ရပါတယ် ဒါမှမဟုတ် လုံးဝခဲထားမယ်ဆိုရင်တော့ ၃/၄လလောက်အထိ အထားခံပါတယ်။ အပြင်ထုတ်လိုက်ပြန်ထည့်လိုက်ကတော့ပြဿနာရှိနိုင်ပါတယ်။

    ခဲနေရင် ဘယ်လိုလုပ်စားမလဲ

    အများအားဖြင့်တော့ အပူပြန်ပေးပြီးနွှေးစားကြတာပေမယ့်နွှေးမစားသင့်တဲ့အစားအစာတွေရှိနေတာဆိုတော့ ဒီအတိုင်းစားချင်တယ်ဆို လုပ်လို့ရမယ့်နည်းရှိပါတယ်။ ခဲနေရင် အရည်ပျော်ဖို့စောင့်ရတာကြာပါလိမ့်မယ်။ အစားအစာကို ယိုစိမ့်မှုမရှိတဲ့၊ လုံတဲ့ ပလတ်စတစ်အိတ်ထဲထည့်ပြီး အပြင်ကနေရေနဲ့လောင်းပေးပါ။ ရေပိုက်ခေါင်းအောက် ခံပေးထားလိုက်ပေါ့။

    ပြန်နွှေးစားမယ်ဆိုရင်

    ပြန်နွှေးစားမယ်ဆိုရင်တော့ရေလောင်းတဲ့နည်းမလုပ်ပါနဲ့။ရေလောင်းပြီး အရည်ပျော်စေထားတဲ့ အစားအစာတွေကိုပြန်နွှေးမယ်ဆို ကြာကြာနွှေးဖို့ လိုပါလိမ့်မယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement