backup og meta

ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့

    အလုပ်ခွင်ထဲမှာ အချိန်ကြာမြင့်စွာအလုပ်လုပ်တဲ့အခါ လေးကန်ထိုင်းမှိုင်းလာပြီး တက်တက်ကြွကြွနေနိုင်ဖို့က မလွယ်ကူတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါတယ်။ ဒီလိုဖြစ်တဲ့အခါ လေးလံထိုင်းမှိုင်းနေတာကို သက်သာစေဖို့ လုပ်ဖြစ်တာတစ်ခုက ကော်ဖီသောက်တာပါပဲ။ ဒါပေမယ့် ကော်ဖီက သောက်တိုင်းမကောင်းပါဘူး။ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်များတဲ့အခါ ရင်တုန်ပြီး အိပ်မပျော်တာမျိုးတောင် ဖြစ်စေနိုင်ပါတယ်။ ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့ ဒီအချက်လေး ၁၀ ချက်ကိုလုပ်ကြည့်ရအောင်လား။

    ကော်ဖီသောက်စရာမလိုဘဲ အလုပ်ခွင်ထဲမှာ တစ်နေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့ နည်းလမ်းများ

    (၁) အစားအသောက်တွေကို သေချာစီစဉ် စားသုံးပေးပါ

    စားသုံးမယ့် အစားအစာတွေထဲမှာ ခန္ဓာကိုယ်ကို လန်းဆန်းနေစေမယ့် အစားအသောက်မျိုးကိုရွေးပြီးစားသုံးပါ။ လူတော်တော်များများက အချိန်မရတာကြောင့် မနက်စာကို မစားဘဲ ထားလိုက်တာမျိုးရှိပါတယ်။ ဒါပေမယ့် မနက်စာကို ပြည့်ပြည့်ဝဝစားသုံးမှ အလုပ်ခွင် ဒါမှမဟုတ် ကျောင်းမှာ တစ်နေ့တာလုံးခွန်အားပြည့်ဝနေမှာပါ။

    အစားအသောက်တွေ စားသုံးတိုင်းမှာ သတိထားရမှာက သင့်တင့်မျှတတဲ့ အာဟာရဓာတ်တွေ ပါဝင်နေရဲ့လားဆိုတာပါ။ စားသုံးလိုက်တဲ့ အစားအသောက်တိုင်းမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေ ပါဝင်အောင် စားသုံးပေးပါ။ ကောက်နှံတစ်ခုလုံး၊ အခွံမာသီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသားဓာတ်တွေ ပါဝင်အောင် စားသုံးပေးပါ။

    (၂) ထိုင်နေရာကနေ ထပြီး လမ်းနည်းနည်းပတ်လျှောက်ပါ

    တကယ်လို့ သင်က စားပွဲခုံမှာထိုင်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် အမြဲထိုင်နေတာမျိုးမလုပ်ဘဲ ခဏလောက်ထပြီး ၁၀ မိနစ်လောက် လမ်းပတ်လျှောက်လိုက်ပါ။ သုတေသနပြုလုပ်ချက်တွေအရ သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးတာက သတ်လတ်ပိုင်းအရွယ်တွေမှာ ခွန်အားပြည့်ဝအောင်လုပ်ဆောင်ပေးပါတယ်။

    လေ့ကျင့်ခန်းလုပ်တာက နှလုံးခုန်နှုန်းကို တိုးတက်ကောင်းမွန်စေပြီး သွေးကြောတွေကနေတဆင့် ဦးနှောက် နဲ့ ကြွက်သားတွေဆီကို အောက်ဆီဂျင်တွေရောက်ရှိမှု ‌ကောင်းစေတာကြောင့် ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွနေစေမှာ ဖြစ်ပါတယ်။

    (၃) လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောလိုက်ပါ

    အလုပ်ခွင်ထဲမှာ လေးလံထိုင်းမှိုင်းလာတဲ့အခါ ကိုယ့်ရဲ့ လုပ်ဖော်ကိုက်ဖက်တွေနဲ့ စကားစမြည်ပြောလိုက်ပါ။ Email တို့ chatbox တို့ကနေမဟုတ်ဘဲ ထိုင်နေရာကနေ ထသွားပြီး စကားပြောခိုင်းတာပါ။

    အလုပ်ကိစ္စတွေပြောနိုင်သလို နိုင်ငံရေး အကြောင်းအရာမျိုးဖြစ်ဖြစ်၊ ဟာသတစ်ခုခု ဒါမှမဟုတ် ပုံပြင်တွေလိုမျိုး စိတ်ဝင်စားစရာကောင်းမယ့် အကြောင်းအရာတွေကိုပြောပေးပါ။ လူသားတွေက သက်ရှိတွေဖြစ်တာကြောင့် တစ်ဦးနဲ့ တစ်ဦးပြောဆိုဆက်ဆံတာက အပြုအမူပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ လှုံ့ဆော်ပေးပါတယ်။

    ကိုယ့်အနီးဝန်းကျင်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတာက စိတ်ကိုအပြောင်းအလဲဖြစ်စေပြီး တက်ကြွလန်းဆန်းစေမှာပါ။

    (၄) နေရောင်ခြည်နဲ့ ထိတွေ့လိုက်ပါ

    လေ့လာချက်တွေအရ  နေရောင်ခြည်နဲ့ထိတွေ့တာက ဦးနှောက်မှာ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ serotonin ဟော်မုန်းကို ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ serotonin ဟော်မုန်းပမာဏ များနေတဲ့အခါ အိပ်ချင်တာကို ဖြစ်စေတဲ့ melatonin ဟော်မုန်း အလွန်အကျွံထွက်ရှိနေတာကိုလျော့ကျသွားစေပါတယ်။

    တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀လောက် နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။ နေရောင်ခြည်နဲ့ ထိတွေ့မှုက စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့အပြင် ညဘက်မှာလည်း ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။

    (၅) အသက်ခပ်ပြင်းပြင်း ရှူပေးပါ

    အသက်ခပ်ပြင်းပြင်းရှူတာက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်တွေ ပိုမိုရောက်ရှိစေနိုင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်သလို ခွန်အားလည်းပြည့်ဝစေပါတယ်။ လေကို နှာခေါင်းနဲ့ ဝအောင်ရှူပြီး ပါးစပ်ကနေ ပြန်ထုတ်ပေးပါ။ ၁၀ ကြိမ်လောက် လုပ်ဆောင်ပေးပါ။

    အသက်ခပ်ပြင်းပြင်းရှူတာက စိတ်ဖိစိးမှုကို လျော့ကျစေနိုင်သလို စိုးရိမ်မှုကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေမှာပါ။

    (၆) ရေသောက်ပါ

    ခန္ဓာကိုယ်မှာ ရေဓာတ်နည်းပါးသွားတဲ့အခါ လေးလံထိုင်းမှိုင်းလာတတ်တယ်ဆိုတာကို သိရဲ့လား။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နည်းပါးနေတဲ့အခါ လူက ပင်ပန်းနွမ်းနယ်လာပါတယ်။ မအီမသာဖြစ်တာတွေ ခံစားရနိုင်သလို ထိုင်းမှိုင်းလာတာ၊ ခေါင်းကိုက်တာ၊ အိပ်ငိုက်တာ၊ အာရုံစိုက်ရခက်တာတွေ ဖြစ်လာနိုင်ပါတယ်။

    ဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးကတော့ ရိုးရှင်းပါတယ်။ ရေအေးအေးလေး တစ်ခွက်လောက် သောက်ပေးလိုက်ပါ။ ရေဓာတ်ပြည့်ဝနေမှုကသွေးတွင်းအောက်ဆီဂျင်တွေ ရောက်ရှိမှုကို ကောင်းမွန်စေသလို ဆဲလ်တွေကိုလည်း အာဟာရတွေပြည့်ဝအောင် လုပ်ဆောင်ပေးပါတယ်။ ခွန်အားပြည့်ဝပြီး လန်းဆန်းတက်ကြွနေစေမှာလည်းဖြစ်ပါတယ်။

    (၇) ခန္ဓာကိုယ်ကို ခေတ္တခဏ အနားပေးလိုက်ပါ

    တစ်ချိန်လုံး ကွန်ပျူတာကို စိုက်ကြည့်နေတာက မျက်လုံးတွေကို ညောင်းညာစေပြီး အိပ်ချင်တာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ခဏလောက်အနားပေးလိုက်တာက ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ၅ မိနစ်လောက်အနားပေးလိုက်တာက မျက်လုံးတွေ ညောင်းညာတာကို သက်သာစေနိုင်သလို ခေါင်းကိုလည်း ကြည်လင်စေမှာဖြစ်ပါတယ်။ မျက်လုံးတွေကို ကွန်ပျူတာပေါ်ကနေ ဖယ်လိုက်ပြီး မျက်လုံးမှိတ်ပြီး မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်လေးနေပေးတာကို လုပ်ပေးပါ။

    (၈) အားပြည့်စေမယ့် သရေစာစားပေးပါ

    တစ်နေ့တာလုံးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာတစ်မျိုးမျိုးကို ၄ နာရီခြားတစ်ခါ နည်းနည်းစီစားပေးပါ။ ခန္ဓာကိုယ်က စွမ်းအင်တွေ လုံးဝမကုန်သွားခင်မှာ လိုအပ်တဲ့အင်အားတွေ ဆက်လက်ပြည့်ဝနေအောင် လုပ်ဆောင်ပေးတာက အကောင်းဆုံးပါ။

    သံဓာတ်၊ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေလိုမျိုး အာဟာရဓာတ်တွေပါဝင်နေတဲ့ သရေစာလေးတွေကို စားသုံးပေးတာက တစ်နေ့တာလုံး ခွန်အားပြည့်ဝနေစေမှာဖြစ်ပါတယ်။

    (၉) အလုပ်စားပွဲမှာ ထိုင်နေရင်း လှုပ်ရှားမှုလေးတွေလုပ်ပေးပါ

    တစ်နေ့တာလုံး အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်နေရတာက ခန္ဓာကိုယ်ကို လှုပ်ရှားမှုနည်းစေနိုင်ပြီး လေးလံထိုင်းမှိုင်းစေတဲ့အချက်တွေထဲက တစ်ခုပါ။ ကံကောင်းတာတစ်ချက်က အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရင်း ကိုယ်လက်လှုပ်ရှားမှုတွေလုပ်လို့ရတာပါ။

    ခြေချောင်းလေးတွေ လှုပ်ရှားပေးတာ၊ ပခုံးတွေကို လက်နဲ့ နှိပ်နယ်ပေးတာ၊ ပခုံးတွေကို လှုပ်ရှားပေးတာ၊ ဒူးတွေကို မြှောက်ပြီး လေ့ကျင့်ခန်းလုပ်တာ၊ လည်ပင်းလေ့ကျင့်ခန်းလုပ်တာ၊ ဖနောင့်လေ့ကျင့်ခန်းလုပ်တာ၊ ခြေချင်းဝတ်တွေကို လေ့ကျင့်ခန်းလုပ်တာမျိုး လုပ်လို့ရပါတယ်။ ဒီလိုမျိုးလှုပ်ရှားမှုတွေက ခန္ဓာကိုယ်ကို သွေးစီးဆင်းမှုကောင်းစေပြီး ကြွက်သားတွေကို ပြေလျော့စေပါတယ်။

    (၁၀) ညဘက်မှာ အိပ်ရေးဝဝအိပ်ပါ

    လူတော်တော်များများ ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တာက အထူးအဆန်းတော့မဟုတ်ပါဘူး။ ဒီလို ညဘက်အိပ်မပျော်တာတွေက မနက်ခင်းနိုးထလာတဲ့အခါ အားအင်မပြည့်ဝတာနဲ့ စိတ်မကြည်လင်တာတွေကို ဖြစ်စေပါတယ်။ လူတိုင်းဟာ တစ်ညကို အိပ်ချိန် ၇ နာရီကနေ ၈ နာရီကြားရှိဖို့ လိုပါတယ်။

    ညဘက်အိပ်ပျော်စေဖို့ဆိုရင် အိပ်ရာမဝင်ခင်မှာ ကွန်ပျူတာသုံးတာ၊ တီဗွီကြည့်တာ၊ လက်တော့ပ်သုံးတာ၊ ဖုန်းသုံးတာတွေမလုပ်ပါနဲ့။ အဲ့ဒါတွေအစား ရေနွေးနွေးလေးနဲ့ရေချိုးပြီး သီချင်းအေးအေးလေးတွေ နားထောင်ပေးလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement