Gallstones ( သည်းခြေကျောက်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gallstones ( သည်းခြေကျောက်) ကဘာလဲ။

သည်းခြေကျောက်တည်ခြင်းဟာ အသည်းက အဆီတွေကို ချေဖျက်ဖို့ ပြုလုပ်ထားတဲ့ အရည်ဖြစ်တဲ့ သည်းခြေရည် ခဲသွားတဲ့ အခါမှာ ဖြစ်တတ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

သည်းခြေအိတ်ဟာ အသည်းအောက်မှာရှိပြီး သည်းခြေရည်တွေ သိမ်းထားတဲ့ သစ်တော်သီးပုံစံရှိ အင်္ဂါတစ်ခုဖြစ်ပါတယ်။ သည်းခြေအိတ် (သို့) သည်းခြေပြွန်တွေ ပိတ်ဆို့တဲ့အခါ သည်းခြေကျောက် ဖြစ်နိုင်ပါ တယ်။

သည်းခြေကျောက်တွေဟာ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ သဲမှုန်တစ်မှုန်စာလောက်ကနေ ဂေါက်သီး အရွယ်အစားအထိ ရှိနိုင်ပါတယ်။ သူတို့ဟာ နာကျင်မှုကို ဖြစ်ပေါ်စေပြီး ကိုယ်ခန္ဓာကို ထိခိုက်စေပါတယ်။

သည်းခြေကျောက်နှစ်မျိုးရှိပါတယ်။ သူတို့ကတော့
• အဆီသည်းခြေကျောက် –

အဝါရောင်ရှိပြီးတော့ မခြေဖျက်ရသေးတဲ့ Cholesterol အဆီ တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အတွေ့အများဆုံးလဲ ဖြစ်ပါတယ်။

• ရောင်ခြယ် သည်းခြေကျောက် –

အညိုရင့်ရောင် (သို့) အမဲရောင်ရှိပြီး ပိုလျှံနေတဲ့ bilirubin အ၀ါဓာတ် တွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

Gallstones ( သည်းခြေကျောက်) က ဘယ်လောက်အဖြစ်များသလဲ

သည်းခြေကျောက်ဟာ အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အမျိုးသမီးတွေနဲ့ ကိုယ်အလေးချိန်များတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေဟာ အီစထရိုဂျင်ဟော်မုန်း ကြောင့် ပိုပြီး သည်းခြေကျောက်တည်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Gallstones ( သည်းခြေကျောက်) ရဲ့လက္ခဏာတွေကဘာတွေလဲ

သည်းခြေကျောက်တည်ခြင်းအများစုဟာ တိကျတဲ့ လက္ခဏာတွေ မရှိကြပါဘူး။ ဒါပေမယ့် သည်းခြေကျောက်တွေကြီးလာရင်တော့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
သည်းခြေကျောက်တည်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
• ဗိုက်ညာဘက် အပေါ်ပိုင်းမှာ ရုတ်တရက် ပြင်းထန်စွာ နာလာခြင်း
• ရင်ညွန့်ရိုးအောက် ဗိုက်အလယ်မှာ ပြင်းထန်စွာ ရုတ်တရက် နာကျင်လာခြင်း
• ပုခုံးနှစ်ခုကြား ခါးနာခြင်း
• အသားဝါခြင်း၊ မျက်လုံးဝါခြင်း
• အဖျားတက်ခြင်း
• ဝမ်းမည်းမည်း သွားခြင်း
• ပျို့အန်ခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါ လက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ယေဘူယျအသိပေးချက် – သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
• မတ်မတ်မထိုင်နိုင်အောင် ပြင်းထန်စွာ ဗိုက်နာခြင်း
• အသားဝါခြင်း (သို့) မျက်လုံးဝါခြင်း
• အဖျားတက်ခြင်း
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Gallstones ( သည်းခြေကျောက်) ကိုဘာတွေကဖြစ်စေသလဲ

တိကျသေချာတဲ့အချက်မရှိပေမယ့် ဆရာဝန်တွေကတော့ အောက်ဖေါ်ပြပါ အချက်တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ဆိုပါတယ်။

• သည်းခြေအိတ်ဟာ အဆီများစွာ ပါဝင်ပါတယ်။

ပုံမှန်အားဖြင့် သည်းခြေအိတ်မှာ အသည်းက ထုတ်လိုက်တဲ့အဆီတွေကို ဖျော်နိုင်တဲ့ အရာဝတ္ထု လုံလောက်စွာ ပါဝင်ပါတယ်။ ဒါပေမယ့် အသည်းက သည်းခြေအိတ်ခြေဖျက်နိုင်တဲ့ ပမာဏထက် ပိုပြီးတော့ အဆီ ပိုထုတ်ခဲ့ရင် ပိုနေတဲ့အဆီတွေက သည်းခြေကျောက်ဖြစ်နိုင်ပါတယ်။

• သည်းခြေရည်မှာ bilirubin ( အ၀ါဓာတ် ) များစွာ ပါဝင်ပါတယ်။

ကိုယ်ခန္ဓာက သွေးနီဥတွေကို ဖျက်ဆီးလိုက်ချိန်မှာ bilirubin ဖြစ်ပေါ်လာပါတယ်။ အချို့ရောဂါတွေဟာ အသည်းကို bilirubin အများအပြား ထုတ်လုပ်စေပါတယ်။ အသည်းအဆီဖုံးခြင်းနဲ့ သည်းခြေဆိုင်ရာ ရောဂါပိုးဝင်ခြင်းတွေပါဝင်ပါတယ်။ ပိုနေတဲ့ bilirubin တွေဟာ သည်းခြေကျောက် ဖြစ်စေပါတယ်။

• သည်းခြေအိတ်ဟာ ပုံမှန်အတိုင်း ပြောင်အောင် မစွန့်ထုတ်နိုင်ပါဘူး။

ဒါဟာ သည်းခြေရည်တွေကို ပိုမို ပျစ်လာစေပြီး မာလာစေကာ သည်းခြေကျောက် ဖြစ်စေပါတယ်။

Risk factors

 Gallstones ( သည်းခြေကျောက်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သည်းခြေကျောက်တည်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
• အသက် ၆၀ ကျော်
• ဝခြင်း (သို့) အဝလွန်ခြင်း
• ကိုယ်ဝန် ရှိခြင်း
• အစားအစာတွင် အဆီများခြင်း၊ သွေးတွင်းအဆီများခြင်း၊ အမျှင်ဓါတ်နည်းခြင်း
• သည်းခြေကျောက်တည်ဖူးသူ မိသားစုတွင် ရှိခြင်း
• ဆီးချို၊ အသည်းရောဂါ၊ အသည်းအဆီဖုံးရောဂါများ ရှိခြင်း
• အဆီကျဆေးများ၊ ဟော်မုန်းပါဝင်သော ဆေးများ သောက်သုံးနေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Gallstones ( သည်းခြေကျောက်) ကို ဘယ်လိုအတည်ပြုပါသလဲ

• ရောဂါ ရာဇဝင် မေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်း
• သည်းခြေအိတ်ကို အာထရာဆောင်း (သို့) ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်း
• သည်းခြေပြွန်တွေကို စစ်ဆေးမှု ပြုခြင်း၊ ဒီစစ်ဆေးမှုတွေမှာ HIDA ဟုခေါ်သော hepatobiliary iminodiacetic acid ဓါတ်ကို စစ်ဆေးခြင်း၊ သံလိုက်ဓါတ်မှန် ရိုက်ခြင်းနဲ့ ERCP ဟုခေါ်သော သည်းခြေမှန်ပြောင်းကြည့်ခြင်း တို့ ပါဝင်ပါတယ်။

Gallstones ( သည်းခြေကျောက်) ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာမပြတဲ့ သည်းခြေကျောက်တည်ခြင်းဟာ ကုသမှုမလိုအပ်ပေမယ့် စောင့်ကြည့်ဖို့တော့လိုပါတယ်။ ရောဂါလက္ခဏာ
တွေ ဖြစ်လာခဲ့ရင် အောက်ဖေါ်ပြပါအတိုင်း ကုသဖို့လိုပါတယ်။

• ခွဲစိတ်ကုသခြင်း –

သည်းခြေကျောက်တွေ ခဏခဏ ပြန်ဖြစ်လာခဲ့ရင် ခွဲစိတ်မှုလိုအပ်နိုင်ပါတယ်။ သည်းခြေအိတ်ကို ဖယ်ထုတ်လိုက်မယ်ဆိုရင် သည်းခြေရည်တွေဟာ အသည်းမှတစ်ဆင့် အူသိမ်ထဲကို တိုက်ရိုက်စီးဝင်မှာ ဖြစ်ပါတယ်။

• ဆေးသောက်ခြင်း

သည်းခြေကျောက်ကို ပျော်စေတဲ့ ဆေးတွေ ရှိပါတယ်။ ဒါပေမယ့် ဆေးအကြာကြီးသောက်ရမှာပါ။ ခွဲစိတ်ကုသဖို့ မလိုဘူးဆိုရင်တော့ ဆေးသောက်ခြင်းဟာ အကောင်းဆုံးကုသမှု ဖြစ်ပါတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် အခြေအနေခြင်းမတူညီတာကြောင့် ဘယ်ကုသမှုဟာ သင့်အတွက် အသင့်လျော်ဆုံးလဲဆိုတာ သိဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် သည်းခြေကျောက်တည်ခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်
လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိရင် သည်းခြေကျောက်တည်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အဆီ၊ပရိုတင်းတွေကိုလျှော့ချသင့်ပြီး အမျှင်ဓါတ်ကို ပိုမို စားသုံးသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းဟာလည်း သည်းခြေကျောက်တွေကို ထိန်းချုပ်ရုံတင်မက နှလုံးနဲ့ အစာခြေ ပြဿနာတွေကိုပါ လျော့ကျစေပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။