Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း) ကဘာလဲ။

လူတယောက်ဟာ အစားအသောက်ကို (ဆေးစွဲသလိုမျိုး) စွဲလမ်းလာနိုင်တယ်ဆိုတဲ့ ယူဆချက်ဟာ တဖြည်းဖြည်းနဲ့ ခေတ်စားလို့ လာပါတယ်။ ဦးနှောက်ကို ပုံရိပ်ဖော်ကြည့်ရှုတဲ့ စမ်းသပ်စစ်ဆေးမှုတွေအရ ဒီအချက်ကို သိရှိလာသလို အစားအသောက်အလွန်အကျွံစားခြင်းဟာ ရသာအာရုံ ခံစားနိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေတယ်ဆိုတာကို လေ့လာခြင်းကနေတဆင့်လည်း ဒီယူဆချက်တွေ ပေါ်ပေါက်လို့ လာပါတယ်။ လူနဲ့ တိရိစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်ချက်အချို့အရလည်း ဒီယူဆချက်ကို ထောက်ခံနေပါတယ်။ စွဲလမ်းစေတတ်တဲ့ အရာတွေဖြစ်တဲ့ ကဖင်းဓာတ်နဲ့ ဘိန်းဖြူတို့ကို တုံ့ပြန်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေဟာ အစားအသောက်တွေ (အထူးသဖြင့် အရသာရှိတဲ့ အစားအသောက်တွေ)ကိုလည်း တုံ့ပြန်မှုတွေရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။အရသာရှိတဲ့ အစားအသောက်တွေဟာ အောက်ပါအရာတွေ ကြွယ်ဝစွာ ပါဝင်လေ့ရှိပါတယ်။

  • သကြား
  • အဆီ
  • ဆား

စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါးတွေနည်းတူ ဒီအရသာရှိတဲ့ အစားအသောက်တွေဟာလည်း ဒိုပါမင်းလို့ခေါ်တဲ့ ပစ္စည်းတမျိုးကို ဦးနှောက်အတွင်းမှာ ထွက်ရှိလာစေပါတယ်။ လူတယောက်ဟာ အစားအသောက်တမျိုးမျိုးကို စားလိုက်လို့ ဦးနှောက်ထဲမှာ ဒိုပါမင်းတွေ အများကြီးထွက်လာပြီး သာယာကျေနပ်တဲ့ ခံစားမှုကို ခံစားရတဲ့အခါ သူ့အနေနဲ့ ဒီအစားအသောက်ကို နောက်တခါ အလျင်အမြန်ထပ်ပြီး စားချင်လာပါတော့တယ်။

Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

ဒီနေ့ခေတ်မှာ အစားအသောက်ကို အလွန်အကျွံစွဲလမ်းသူတွေဟာ နှစ်စဉ်နှစ်တိုင်း များများ လာပါတယ်။ဒါပေမယ့် ဒီအခြေအနေကို ဖြစ်စေတဲ့ အချက်တွေကို လျှော့ချပေးမယ်ဆိုရင်တော့ အစားအသောက်ကို အလွန်အကျွံစွဲလမ်းခြင်းကို ကာကွယ်လို့ ရနိုင်ပါတယ်။အသေးစိတ်ကို ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

ဒီပြဿနာဟာ အလွယ်တကူ ဖော်ထုတ်သိရှိနိုင်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ အစာစားဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစားအသောက်စွဲလမ်းခြင်းဟာ အချို့ရောဂါတွေ (ဥပမာ စိတ်ကျရောဂါ၊အစားတွေ အများကြီးကို ခဏခဏစားတာ၊ တခုခုကို စိတ်စွဲလမ်းတဲ့ရောဂါ စသဖြင့်)ရဲ့ လက္ခဏာတွေနဲ့ ဆင်ဆင်တူလို့ပဲ ဖြစ်ပါတယ်။ ဒီရောဂါခံစားနေရသူတွေအနေနဲ့ တခြားသူတွေမမြင်အောင် အစာစားလေ့ရှိပြီး အစားအသောက်တွေကို ဝှက်ထားလေ့တောင် ရှိပါသေးတယ်။အစားအသောက်ကို အလွန်အကျွံစွဲလမ်းခြင်းရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက

  • ဘာစားရမလဲ၊ဘယ်အချိန်မှာ စားရမလဲ၊ဘယ်လောက်စားရမလဲ၊ဘယ်ကနေအစားအသောက်တွေ ထပ်ရနိုင်မလဲ စတာတွေကိုပဲ တချိန်လုံးစဉ်းစားနေပါမယ်။
  • ပုံမှန်ထမင်းစားချိန်မှာလည်း အလွန်အကျွံစားမယ်။
  • သွားရည်စာတွေကိုလည်း တချိန်လုံးစားနေမယ်။
  • ညသန်းခေါင်လို အချိန်မျိုးကြီးမှာလည်း အစာထစားမယ်။
  • တခြားလူတွေ မမြင်အောင်ဝှက်ပြီးစားတာ ဒါမှမဟုတ် သူတို့ဒီလို အလွန်အကျွံစားတာကို သူငယ်ချင်းတွေ၊မိသားစုဝင်တွေ မသိအောင် ဖုံးထားတာ။
  • အစားတွေ အလွန်အကျွံစားပြီးရင် ဗိုက်ပြန်ဟာသွားအောင် ဝမ်းနှုတ်ဆေးစားမယ်၊လေ့ကျင့်ခန်းတွေလုပ်မယ်။
  • ဗိုက်တင်းနေတာလည်း ထပ်စားနေတုန်းပဲ။
  • တီဗွီကြည့်တာမျိုး၊ဖုန်းပြောတာမျိုးလို ပျင်းဖို့မကောင်းတဲ့ အရာတွေ လုပ်နေရင်းနဲ့တောင် စားနေမယ်။
  • အစာတွေ အများကြီးစားပြီးတဲ့အခါ ဒါမှမဟုတ် အချို့သော အစားအစာတွေကို စားပြီးတဲ့အခါ ရှက်သလို ခံစားရမယ်။
  • အစားစားတာကို ချုပ်တည်းဖို့ ဒါမှမဟုတ် အများကြီးမစားမိဖို့ တောက်လျှောက် ကြိုးစားပေမယ့် မအောင်မြင်ဘူး။

အစားအစာကို အလွန်အကျွံစွဲလမ်းတာဟာ ဆေးစွဲသလိုတော့ ဆိုးဆိုးရွားရွားကြီး မဟုတ်ပေမယ့် ဒီအခြေအနေဟာလည်း တဖြည်းဖြည်းတော့ ဆိုးလာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ဒီပြဿနာကနေ တသက်တာလုံး အဝလွန်တာ၊ကျန်းမာရေး ပြဿနာမျိုးစုံနဲ့ တွေ့ကြုံရတာ ဒါမှမဟုတ် ရှိပြီးသား စိတ်ရောဂါတွေကို ပိုဆိုးစေတာ စတဲ့အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

စောစောသိပြီး စောစောကုသမှုခံယူမယ်ဆိုရင် အခြေအနေပိုမိုဆိုးရွားလာတာကို တားဆီးနိုင်မှာဖြစ်တဲ့အပြင် အခြားသော အရေးပေါ်ကျန်းမာရေးပြဿနာတွေ ပေါ်ပေါက်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ဒါကြောင့် ဆရာဝန်နဲ့ တတ်နိုင်သမျှမြန်မြန်ပြရပါမယ်။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ။

ဒီလို အစားအသောက်တွေကို စွဲလမ်းတာဟာ နည်းနည်းတော့ ရှုပ်ထွေးပါတယ်။(မူးယစ်ဆေးဝါးနဲ့ အရက်တွေလိုပဲ) အစားအစာဟာလည်း သာယာကျေနပ်တဲ့ ခံစားချက်ကို ဖြစ်စေတဲ့ ဦးနှောက်တွင်းဒိုပါမင်းဓာတ်ကို ထွက်စေပါတယ်။ဒါကြောင့်မို့ အစားအသောက်နဲ့ စိတ်ကျေနပ်မှုတို့ အကြားမှာ ဆက်သွယ်ချက်လေးတခု ဖြစ်လာပါတယ်။ဒီလိုနဲ့ ဦးနှောက်ဟာ အစားအသောက်ကို မူးယစ်ဆေးတမျိုးအဖြစ် မှတ်ယူလာပါတော့တယ်။အစားစွဲနေသူတွေအနေနဲ့ ခန္ဓာကိုယ်က ကယ်လိုရီတွေ မလိုအပ်သေးတဲ့ အချိန်မှာတောင် အစားအသောက်စားခြင်းဟာ စိတ်ကျေနပ်သာယာမှုကို ပေးစွမ်းနိုင်ပါတယ်။ဓာတ်ခွဲခန်းသုံး ကြွက်ဖြူလေးတွေဟာ အဆီအဆိမ့် နဲ့ သကြားအချိုဓာတ်တွေ များပြားစွာ ပါဝင်တဲ့ အစားအစာတွေကို စိတ်တိုင်းကျ စားခွင့်ပေးလိုက်တဲ့အခါမှာ သူတို့ဦးနှောက်ဟာ ပြောင်းလဲလာတယ်လို့ ၂၀၁၀ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ လေ့လာချက်တခုအရ သိရှိရပါတယ်။ဒီလိုမျိုး အမူအကျင့်တွေ၊ခန္ဓာဖြစ်စဉ်တွေ ပြောင်းလဲလာတာဟာ မူးယစ်ဆေးကြောင့် ပြောင်းလဲလာတဲ့ပုံစံနဲ့ ခပ်ဆင်ဆင်တူပါတယ်။အဆိုပါ လေ့လာမှုကို ပြုလုပ်ခဲ့ကြသူတွေကတော့ ဆေးစွဲခြင်းနဲ့ အစားအသောက် စွဲခြင်းတို့ကို နှိုင်းယှဉ်တာမျိုး မလုပ်ကြဖို့ သတိပေးခဲ့တယ်ဆိုပေမယ့် ဒီစွဲလမ်းခြင်းနှစ်ခုအကြားမှာ တကယ်ပဲ တူတာတွေ ရှိနေပါတယ်။ဒါ့အပြင် ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အစားအစာတွေ အများကြီးစားတာဟာ အစားစွဲနိုင်ချေကို ပိုများစေတယ်လို့လည်း ဒီလေ့လာသုတေသနပြုမှုက ထောက်ပြနေပါတယ်။

ဖြစ်နိုင်ခြေများ

Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

အစားအစာ အလွန်အကျွံစွဲလမ်းမှုကို ပိုမိုဖြစ်စေနိုင်တဲ့ အချက်တွေက

  • စိတ်ကျဝေဒနာ၊စိတ်ဖိစီးမှု။
  • အရက်စွဲခြင်း။

ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ။

တကယ်လို့ သင့်မှာ ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ဆရာဝန်က ယူဆတယ်ဆိုရင် သင်အစားအသောက်စားတဲ့ အလေ့အထနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဆရာဝန်က မေးမြန်းပါလိမ့်မယ်။သင့်ရဲ့ ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ဒါဟာ အစားစွဲလမ်းခြင်းပြဿနာ ဟုတ်မဟုတ် ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။

Food Addiction (အစားအသောက်ကို တပ်မက်စွဲလမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အစားစွဲလမ်းတာကို ကုသဖို့နည်းလမ်းတွေကို သိပ္ပံပညာရှင်တွေအနေနဲ့ လက်ရှိအချိန်ထိ ရှာဖွေနေဆဲပဲ ဖြစ်ပါတယ်။အစားစွဲလမ်းတာကို ကုသဖို့ဟာ မူးယစ်ဆေးစွဲတာကို ကုသရတာထက် ပိုပြီးခက်ခဲတယ်လို့ အချို့ကဆိုပါတယ်။ဥပမာအားဖြင့် အရက်စွဲတဲ့လူတွေ အရက်ဖြတ်ဖို့ဆိုရင် အရက်မသောက်ဘဲ နေလိုက်ရုံပါပဲ။ဒါပေမယ့် အစားစွဲတဲ့သူတွေကျတော့ အစားလုံးဝမစားဘဲ နေခိုင်းလို့မရတဲ့အတွက် ဒါဟာ ပြဿနာတစ်ခုပါ။အာဟာရပညာရှင်၊ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဒါမှမဟုတ် အစားစွဲခြင်းအကြောင်း လေ့လာထားတဲ့၊ဗဟုသုတရှိတဲ့ ဆရာဝန်တွေအနေနဲ့ သင့်ရဲ့ အစားအစာ အလွန်အကျွံစွဲလမ်းတဲ့ ရောဂါကို ကူညီဖြေရှင်းကုသပေးနိုင်ပါလိမ့်မယ်။အစားစွဲလမ်းတဲ့သူတွေကို ကူညီပေးနေတဲ့ တခြား အစီအစဉ်တွေလည်း ရှိပါသေးတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အစားအသောက်တပ်မက်စွဲလမ်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အစားစွဲသူတွေ အနေနဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝလိုအပ်ချက်နဲ့ လိုက်လျောညီထွေစွာ စားသောက်တတ်ဖို့ ပြန်လည်လေ့ကျင့်ရပါမယ်။စိတ်ကဆာလို့ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေများလို့ အစားစားတာမျိုးမဟုတ်ဘဲ တကယ်ဗိုက်ဆာမှ အစာစားဖို့ ကြိုးစားရပါမယ်။အစားအစာဟာ လူသားတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တာမို့ ဒီပြဿနာနဲ့ ကြုံတွေ့နေရသူတွေဟာ အစာလုံးဝမစားဘဲ နေဖို့မဖြစ်နိုင်တဲ့အတွက် သူတို့အနေနဲ့ သင့်တော်မှန်ကန်စွာ အစာစားတတ်ဖို့ကိုပဲ လေ့ကျင့်ရမှာပါ။ဒါ့အပြင် ကျန်းမာတဲ့ နေထိုင်မှုဘဝကို ရရှိနိုင်ဖို့အတွက် အားကစားခန်းမတွေမှာ သွားရောက်ကစားတာ၊အာဟာရဆိုင်ရာ သင်တန်းတွေတက်တာ ဒါမှမဟုတ် စိတ်ဖိစီးမှု လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေကို လေ့လာသင်ယူတာတွေကို ပြုလုပ်ရပါမယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 2, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 13, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
ကျိုးသွားတဲ့ အရိုးမြန်မြန်ပြန်ဆက်စေဖို့ ဒါတွေလိုက်နာပါ။
ကျန်းမာခြင်းနည်းလမ်းများ, ကျန်းမာစွာနေထိုင်ခြင်း
ကျိုးသွားတဲ့ အရိုးမြန်မြန်ပြန်ဆက်စေဖို့ ဒါတွေလိုက်နာပါ။
ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံ ပိုင်ဆိုင်စေဖို့ လိုက်နာသင့်တဲ့အချက် (၃) ချက်
ကျန်းမာစွာနေထိုင်ခြင်း, ကျန်းမာခြင်းနည်းလမ်းများ, ကျန်းမာရေးစင်တာ
ကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံ ပိုင်ဆိုင်စေဖို့ လိုက်နာသင့်တဲ့အချက် (၃) ချက်
သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ
ကျန်းမာစွာနေထိုင်ခြင်း, ကျန်းမာရေးနဲ့ အာဟာရ
သွေးတွင်းကိုလက်စထရောမြင့်စေနိုင်တဲ့ အစားအစာတွေက ဘာတွေလဲ
ဆီးချိုနဲ့ကျောက်ကပ်ရောဂါရှိသူတွေအတွက်အထောက်အကူပြုပေးမယ့် ကျန်းမာရေးစောင့်ရှောက်မှု ဖေ့ဘွတ်ဂရု
ကျန်းမာစွာနေထိုင်ခြင်း, ကျန်းမာခြင်းနည်းလမ်းများ, ကျန်းမာရေးစင်တာ
ဆီးချိုနဲ့ကျောက်ကပ်ရောဂါရှိသူတွေအတွက်အထောက်အကူပြုပေးမယ့် ကျန်းမာရေးစောင့်ရှောက်မှု ဖေ့ဘွတ်ဂရု
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။