Fibromyalgia ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Fibromyalgia ကဘာလဲ။

သင့်ဦးနှောက်က နာကျင်မှုအချက်ပြခြင်းကို တုန့်ပြန်တဲ့နေရာမှာ ပြဿနာရှိနေခြင်း ဖြစ်ပါတယ်။ နေရာအနှံ့ ကြွက်သားနဲ့အရိုးများ နာကျင်ခြင်း ဖြစ်စေပါတယ်။ ရောဂါဖြစ်တဲ့ ကာလကြာလာလျှင် သင့်နေ့စဉ်ဘ၀ကို ထိခိုက်လာနိုင်ပါတယ်။ ဒီရောဂါသည်တွေဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ခြင်း၊ မှတ်ဉာဏ်နဲ့ စိတ်ခံစားမှုဆိုင်ရာ ပြဿနာများနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်း၊ မေးရိုးအဆစ်ဆိုင်ရာ ပြဿနာများ၊ ၀မ်းပျက်ခြင်း၊ စိတ်သောက၊ စိတ်ဓါတ်ကျခြင်းများကိုလည်း ခံစားရနိုင်ပါတယ်။

Fibromyalgia က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအတော်အဖြစ်များပါတယ်။ လူ၂၀မှာ ၁ဦးနီးပါး အနည်းနဲ့အများ fibromyalgia ရှိနေတတ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ ရောဂါအတည်ပြုပြီးသူတွေရဲ့ ၉၀%ဟာ အမျိုးသမီးများဖြစ်ပါတယ်။  အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အသက်၃၀မှ ၅၀အတွင်း အဖြစ်များဆုံးဖြစ်ပေမယ့် ကလေးများနဲ့ သက်ကြီးရွယ်အိုများမှာလည်း တွေ့ရပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Fibromyalgia ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါပိုးဝင်ခြင်းတို့ဖြစ်ပြီးနောက် သို့မဟုတ် အကြီးအကျယ်စိတ်ထိခိုက်မှုရှိလျှင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အချို့လူတွေမှာ အကြောင်းတစုံတရာမရှိဘဲ တဖြည်းဖြည်းရောဂါပိုဆိုးလာတတ်ပါတယ်။

Fibromyalgia ရဲ့ အဖြစ်များသော ရောဂါလက္ခဏာတွေကတော့

  • ခန္ဓာကိုယ်ရဲ့ ဘယ်ညာနှစ်ဘက်လုံး၊ ခါးအပေါ်ပိုင်းရော အောက်ပိုင်းပါ နေရာအနှံ့ အနည်းဆုံး၃လ နာကျင်ခြင်း
  • နာကျင်မှု၊ ခြေထောက်များလှုပ်ခြင်း၊ အိပ်နေစဉ်အသက်ရှူရပ်ခြင်းတို့ကြောင့် အိပ်ရေးပျက်ပြီး ပင်ပန်းနွမ်းနယ်ခြင်း
  • စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှု ကျဆင်းခြင်း
  • စိတ်ဓါတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်းစတဲ့ အခြားပြဿနာများ

 

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

နာကျင်ခြင်းနဲ့ အိပ်ရေးပျက်ခြင်းကြောင့် အိမ်မှာရော အလုပ်မှာပါ သင့်စွမ်းဆောင်ရည် ကျဆင်းလာပါလိမ့်မယ်။ အများစုမှာ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်းစသည်တို့ ဖြစ်လာပါမယ်။ သင့်မှာ ကာလရှည်ကြာ ကြွက်သားနာကျင်ခြင်းနဲ့ အလွန်အကျွံပင်ပန်းနွမ်းနယ်ခြင်းတို့ ရှိနေလျှင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

အကြောင်းရင်းများ

Fibromyalgia ကိုဘာတွေကဖြစ်စေသလဲ

Fibromyalgia ရဲ့အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။ သိပ္ပံပညာရှင်များက ဦးနှောက်ရှိ သတင်းအချက်အလက်ပေးပို့မှု၊ ဓါတုပစ္စည်းများနဲ့ သက်ဆိုင်လိမ့်မယ်လို့ ယူဆကြပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကတော့

  • မျိုးရိုးဗီဇ။ အချို့မျိုးဗီဇ ဖောက်ပြန်ခြင်းတွေကြောင့် ဒီရောဂါပိုဖြစ်စေတတ်ပါတယ်။
  • ရောဂါပိုးဝင်ခြင်း။ အချို့ဖျားနာခြင်းများကြောင့် fibromyalgia ကို ဖြစ်ပွားစေ/ပိုဆိုးစေပါတယ်။
  • ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ဥပမာ

ဒဏ်ရာရခြင်း၊ ရောဂါပိုးဝင်ခြင်း

ကလေးမွေးခြင်း

ခွဲစိတ်ကုသခံရခြင်း

မိမိချစ်သူနှင့်ပြတ်စဲခြင်း စတဲ့အဖြစ်အပျက်များအပြီး စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။

အာရုံကြောကို ထပ်တလဲလဲ လှုံ့ဆော်ခြင်းဖြင့် fibromyalgia ဖြစ်စေပါတယ်။ ဦးနှောက်ထဲရှိ အချို့ဓါတုပစ္စည်းများ များလာခြင်းကြောင့် နာကျင်မှုကို ပိုမိုလက်ဆင့်ကမ်းပေးနိုင်ပါတယ်။ ထို့ပြင် ဦးနှောက်ရဲ့ နာကျင်မှုကိုလက်ခံတဲ့ အစိတ်အပိုင်းများမှာ မှတ်ဉာဏ်ဖြစ်လာပြီး လိုတာထက်ပို တုန့်ပြန်တာမျိုးဖြစ်လာပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Fibromyalgia ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

Fibromyalgia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ကျား၊မကွဲပြားမှု။ အမျိုးသမီးများမှာ အမျိုးသားများထက် ပိုအဖြစ်များသည်။
  • မိသားစု၏ ရောဂါရာဇ၀င်
  • သွေးလေးဘက်နာ၊ အရေပြားလေးဘက်နာတို့ကဲ့သို့ အဆစ်ရောင်ရောဂါရှိသူများ

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ Fibromyalgia မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Fibromyalgia ကို ဘယ်လိုအတည်ပြုပါသလဲ

ယခင်ကတော့ နာကျင်တတ်တဲ့နေရာ ၁၈ခုလုံးကို စမ်းသပ်ရတဲ့အတွက် ဒီရောဂါကို အတည်ပြုဖို့ ခက်ခဲခဲ့ပါတယ်။ အခုတော့ လူတစ်ယောက်မှာ နာကျင်စေတဲ့ အကြောင်းအရင်းမရှိဘဲ နေရာအနှံ့နာကျင်မှု ၃လထက်ပိုရှိနေလျှင် Fibromyalgia လို့ သတ်မှတ်နိုင်ပါပြီ။ ရောဂါလက္ခဏာ ဆင်တူတဲ့အခြေအနေများမရှိကြောင်း သွေးစစ်ကြည့်ပြီး သိရှိပါက fibromyalgia ဖြစ်ကြောင်းသိနိုင်ပါတယ်။ စစ်ဆေးမှုများမှာ

  • သွေးတွင်းဆဲလ်များအေ၇အတွက်
  • သွေးနီဥအနည်ကျနှုန်း
  • သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက် တို့ပါဝင်ပါတယ်။

 

Fibromyalgia ကို ဘယ်လိုကုသပါသလဲ

လက်ရှိမှာ fibromyalgia ကို ပျောက်ကင်းအောင် မကုသနိင်သေးပေမယ့် ရောဂါလက္ခဏာများကို ထိန်းဖို့ ဆေးအမျိုးမျိုးရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အနားယူခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းတို့ကလည်း ကူညီနိုင်ပါလိမ့်မယ်။ ကုသရန် ရွေးချယ်စရာများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

နာကျင်ခြင်းသက်သာစေရန်နဲ့ ကောင်းစွာအိပ်စက်နိုင်စေဖို့ ဆေးများ

  • Acetaminophen, ibuprofen, naproxen, tramadol တို့ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ။ မူးယစ်ဆေးပါသည့် အကိုက်အခဲပျောက်ဆေးများသည် ဆေးစွဲစေတတ်ပြီး အချိန်ကြာလာလျှင် နာကျင်မှုကို ပိုဆိုးစေနိုင်သဖြင့် ပေးလေ့မရှိပါ။
  • Duloxetine, milnacipran, amitriptyline, fluoxetine တို့ကဲ့သို့ စိတ်ကျရောဂါအတွက် သုံးသောဆေးများ
  • Gabapentin, pregabalin တို့ကဲ့သို့ အတက်ရောဂါအတွက် သုံးသောဆေးများသည် အချို့နာကျင်မှုများကို ကုသရာတွင် သုံးနိုင်သည်။
  • ကုထုံးများ။ နှစ်သိမ့်ဆွေးနွေးခြင်း၊ ဆင်ခြင်ဉာဏ်နှင့် ပြုမူခြင်းဆိုင်ရာကုထုံးများ ကဲ့သို့ စိတ်ဖိစီးမှုကိုရင်ဆိုင်ရန် နည်းလမ်းများကို လေ့ကျင့်သင်ကြားပေးခြင်း။ နှစ်သိမ့်ဆွေးနွေးပေးသူနှင့် စကားပြောခြင်းဖြင့် သင့်လုပ်ဆောင်နိုင်စွမ်းများကို ယုံကြည်မှုပိုလာပြီး စိတ်ဖိစီးမှုကိုရင်ဆိုင်ရန် နည်းလမ်းများကိုလည်း သင်ကြားပေးပါလိမ့်မယ်။ အပ်စိုက်ခြင်း၊ အနှိပ်ခံခြင်း၊ ကြွက်သားအရွတ်များကို ဖြေလျော့စေခြင်းဖြင့် ယာယီဝေဒနာ သက်သာစေနိုင်ပါတယ်။ သို့ပေမယ့် အာမခံအစီအစဉ်မှာ မပါဝင်တဲ့အတွက် ရေရှည်ကုသမှုရရန် ခဲယဉ်းပါတယ်။
  • လူနေမှုပုံစံပြောင်းလဲခြင်း။ လေ့ကျင့်ခန်းနဲ့ အနားယူခြင်းအစီအစဉ်များ

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Fibromyalgia ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်  Fibromyalgia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

သင့်မှာ fibromyalgia ရှိကြောင်းသိလျှင် ဒီရောဂါအကြောင်းတတ်နိုင်သမျှ သိအောင်ကြိုးစားရပါမယ်။ သို့မှသာ ရောဂါနဲ့ရင်ဆိုင်ဖို့ နည်းလမ်းများတွေ့မှာ ဖြစ်ပါတယ်။ သင့်မိသားစုနဲ့ မိတ်ဆွေများကလည်း သိထားသင့်ပါတယ်။ ဘေးလူတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာမတွေ့ရတဲ့အတွက် fibromyalgia ရောဂါရှင်များ နာကျင်နေတာကို နားမလည်နိုင်ဘဲ ကိုယ်ချင်းစာကူညီမှု မပေးနိုင် ဖြစ်နေတတ်ပါတယ်။

ကူညီရေးအဖွဲ့များ။ fibromyalgia ရောဂါသည်များအနေနဲ့ အခြေအနေတူသူများနဲ့ စကားပြောဆိုခြင်းက များစွာအကူအညီ ဖြစ်စေပါတယ်။ နှစ်သိမ့်ဆွေးနွေးပေးသူရှိခြင်းဖြင့် ကုသမှုများအပေါ် ပိုမိုယုံကြည်လာစေပြီး ရောဂါရှိလျက်နဲ့ ပိုပြီးအဆင်ပြေပြေနေနိုင်အောင် ကူညီပေးပါလိမ့်မယ်။ fibromyalgia ရောဂါသည်များအတွက် ကူညီရေးအဖွဲ့များဟာ ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေပါတယ်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း။ fibromyalgia ရောဂါသည်များအတွက် လေ့ကျင့်ခန်းက ကောင်းကျိုးများစွာ ရရှိစေပါတယ်။ အစပိုင်းမှာတော့ လေ့ကျင့်ခန်းကြောင့် ပိုနာနိုင်ပါတယ်။ သို့ပေမယ့် ဖြည်းဖြည်းနဲ့မှန်မှန်လုပ်ခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ မပြင်းထန်တဲ့ အေရိုးဘစ်လေ့ကျင့်ခန်းပါ။ လေ့ကျင့်ခန်းအပျော့စားများ လုပ်ကျင့်ရှိလာလျှင် လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ တင်းနစ်တို့ ကစားကြည့်နိုင်ပါတယ်။ ရေကူးခြင်း၊ ရေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ စက်နဲ့ စက်ဘီးနင်းခြင်း၊ နှင်းလျှောစီးသလို စက်နဲ့လေ့ကျင့်ခြင်းတို့လည်း ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းကုထုံးဆရာက သင့်ကို အိမ်မှာလုပ်ဖို့ လေ့ကျင့်ခန်းအစီအစဉ် ဆွဲပေးပါလိမ့်မယ်။ အကြောဆန့်ခြင်း၊ မှန်ကန်သောကိုယ်နေဟန်နဲ့ အနားပေးသည့်လေ့ကျင့်ခန်းများကလည်း အကူအညီဖြစ်စေပါတယ်။

ကျန်းမာသောနေထိုင်မှုပုံစံကို ထိန်းသိမ်းခြင်း။ ကျန်းမာရေးနှင့် ညီညွတ်သော အစာများကို စားပါ။ ကဖင်းဓါတ်၊ ဆေးလိပ်နှင့် အရက်များသောက်သုံးခြင်းကို လျော့ချပါ။ သင့်ကို ပျော်ရွှင်ကျေနပ်စေသောအရာများကို နေ့တိုင်းလုပ်ဆောင်ပါ။

အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ခြင်းဟာ fibromyalgia နဲ့ တွဲတတ်ပြီး နာကျင်မှုကို ပိုဆိုးစေပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဓါတ်ကျခြင်းတို့ ဖြစ်စေပါတယ်။ နေ့လယ်ဘက် တရေးအိပ်ခြင်းမှ ရှောင်ကြဉ်ပြီး ညဘက်စောစောအိပ်ပျော်ဖို့ ကြိုးစားသင့်ပါတယ်။ အိပ်ချိန် ထချိန်သတ်မှတ်စေပြီး သင့်ခန္ဓာကိုယ်ကို အချိန်မှန်အောင် လေ့ကျင့်သင့်ပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချခြင်း။  နေ့စဉ်လုပ်နေကျ အလုပ်တွေကို မပြောင်းလဲဘဲ အနားယူချိန်ရအောင် ကြိုးစားသင့်ပါတယ်။ အနားယူဖို့နဲ့ စိတ်ဖိစီးမှုလျှော့ချဖို့ အစီအစဉ်များ ရှိသင့်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းနဲ့ တရားထိုင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

ဖြည်းဖြည်းသက်သာလုပ်ဆောင်ပါ။ နေ့ဘက်မှာ လုပ်ဆောင်စရာများကို အပိုင်းခွဲထားပါ။ အဆင်ပြေတဲ့နေ့ မပြေတဲ့နေ့များ ရှိပါလိမ့်မယ်။ တစ်နေ့ထဲမှာ အများကြီးလုပ်လျှင် နောက်နေ့ပင်ပန်းနေမှာ သေချာပါတယ်။ အင်အားအလွန်အကျွံစိုက်ထုတ်တာမျိုး မလုပ်ဘဲ မိမိကိုယ်ကို ဂရုစိုက်သင့်ပါတယ်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ