Enlarged Prostate (ဆီးကျိတ်ကြီးခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Enlarged Prostate (ဆီးကျိတ်ကြီးခြင်း) ကဘာလဲ။

အမျိုးသားတွေရဲ့ ဆီးကျိတ် မူလအရွယ်ထက် ပိုပိုပြီးကြီးလာတာကို ဆိုလိုပါတယ်။ လိင်ဆက်ဆံချိန်မှာ သုက်ကောင်လေးတွေကို အပြင်သယ်ဆောင်ပေးတဲ့ အရည်ကို ဆီးကျိတ်က ထုတ်ပေးပါတယ်။ဆီးကျိတ်ဟာ ဆီးစွန့်ပြွန် ရဲ့ ဘေးပတ်လည်မှာ ရှိနေပါတယ် (ဆီးစွန့်ပြွန် ဆိုတာဟာ ဆီးတွေကို ခန္ဓာကိုယ်ထဲကနေ အပြင်ထုတ်ပေးတဲ့ ပြွန်လေးဖြစ်ပါတယ်)။ အသက်အရွယ် ကြီးရင့်လာတဲ့ အမျိုးသားအားလုံးလိုလိုမှာ ဆီးကျိတ်ကြီးလာတတ်ပါတယ်။ ဒီရောဂါကို ဆေးပညာ အသုံးအနှုန်းနဲ့ benign prostatic hyperplasia (BPH) လို့ခေါ်ပါတယ်။ဒါဟာ ကင်ဆာမဟုတ်သလို ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကိုလည်း ပိုမများစေပါဘူး။

 

Enlarged Prostate (ဆီးကျိတ်ကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

ရှင်းရှင်းပြောရရင် ဆီးကျိတ်ဘာလို့ ကြီးရတာလဲဆိုတာ အခုထိတော့ အတိအကျ မသိရသေးပါဘူး။ အသက်အရွယ်ကြီးရင့်တာ နဲ့ ဝှေးစေ့မှာရှိတဲ့ ဆဲလ်တွေ ပြောင်းလဲတာတွေဟာ ဆီးကျိတ်ကြီးခြင်းမှာ တနည်းတဖုံ ပတ်သက်နေတယ်လို့ ယူဆရပါတယ်။ အချက်အလက်တွေအရ အသက်၄၀ကျော် အမျိုးသားအများအပြားမှာ နည်းနည်းလေးပဲဖြစ်ဖြစ် ဆီးကျိတ် ကြီးနေလေ့ရှိပြီး အသက်၈၀ကျော် အဖိုးတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းမှာတော့ ဆီးကျိတ်ကျိန်းသေပေါက်ကြီးနေတယ်လို့ ဆိုပါတယ်။ ငယ်ရွယ်စဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဝှေးစေ့ဖြတ်ထုတ်ထားသူတွေ (ဥပမာ ဝှေးစေ့ကင်ဆာကြောင့်)မှာ ဆီးကျိတ်ကြီးလေ့မရှိပါဘူး။ ဒါ့အပြင် ဆီးကျိတ်ကြီးပြီးတဲ့နောက် ဝှေးစေ့တွေကို ဖယ်ရှားလိုက်ရင်လည်း ဆီးကျိတ်ဟာ အရွယ်ပြန်သေးသွားတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

 

ဘယ်သူတွေမှာ ဆီးကျိတ်ကြီးနိုင်သလဲ။

ဆီးကျိတ်ကြီးတာဟာ အသက်၆၀အထက် အမျိုးသားတွေအတွက် အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတခုဆိုရင် မမှားပါဖူး။အသက်၈၀ကျော် အဖိုးတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းဟာ ဆီးကျိတ်ကြီးနေကြပါတယ်။

လက္ခဏာများ

Enlarged Prostate (ဆီးကျိတ်ကြီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

ဆီးကျိတ်ကြီးခြင်းရဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဆီးလုံးသေးခြင်း
  • ဆီးကျန်တယ်လို့ ခံစားရတာ၊ဆီးသွားလို့ အားမရခြင်း
  • ဆီးစပြီး ထွက်ဖို့ ခက်ခြင်း
  • ဆီးခဏခဏသွားရခြင်း
  • ဆီးမအောင့်နိုင်ခြင်း
  • ညဖက် ခဏခဏထပြီး ဆီးသွားရခြင်း။
  • ဆီးသွားရင် ရပ်လိုက်သွားလိုက် ဖြစ်နေခြင်း (တုံ့နှေးနှေးဖြစ်နေတာ)။
  • ဆီးထွက်ဖို့ အားစိုက်ရခြင်း။
  • ဆီးသွားပြီးရင်လည်း တစက်စက်နဲ့ ဆက်ထွက်နေခြင်း။
  • ဆီးသွားပြီး မိနစ်အနည်းငယ်အကြာမှာ ထပ်သွားခြင်း။

အောက်ဖော်ပြပါ လက္ခဏာတွေပေါ်လာရင် ဆေးကုသမှု ချက်ချင်းခံယူပါ။

  • ဆီးနည်းခြင်း
  • ချမ်းတုန်ဖျားလာခြင်း
  • နောက်ကျော၊ဘေးဖက် ဒါမှမဟုတ် ဗိုက်နာ/အောင့်ခြင်း
  • ဆီးထဲ သွေး ဒါမှမဟုတ် ပြည်တွေ ပါလာခြင်း။

 

ဆီးကျိတ်ကြီးခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘာတွေလဲ။

ကာလကြာရှည် ဆီးကျိတ်ကြီးမယ်ဆိုရင် ပိုမိုဆိုးရွားတဲ့ အောက်ဖော်ပြပါ လက္ခဏာတွေ ဖြည်းဖြည်းချင်း ပေါ်လာပါလိမ့်မယ်။
• ရုတ်တရက်ဆိုသလို ဆီးလုံးဝ မသွားနိုင်တော့ခြင်း
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း
• ဆီးကျောက်တည်ခြင်း
• ကျောက်ကပ်ထိခိုက်ခြင်း
• ဆီးထဲ သွေးပါခြင်း

ခွဲစိတ်မှု ပြုလုပ်ပြီးရင်တောင် ဆီးကျိတ်ပြန်ကြီးနိုင်ပါသေးတယ်။

စမ်းသပ်စစ်ဆေးခြင်း

ဆီးကျိတ်ကြီးနေကြောင်းကို ဘယ်လိုစမ်းသပ်စစ်ဆေး ဖော်ထုတ်နိုင်မလဲ။

ဆရာဝန် အနေနဲ့ သင့်ရဲ့ ရောဂါရာဇဝင်အကြောင်း မေးမြန်းပြီးတဲ့နောက်မှာ ဆီးကျိတ်ကို စမ်းမိနိုင်ဖို့အတွက် စအိုထဲ လက်ထည့်ပြီး စမ်းသပ်ပါလိမ့်မယ်။အခြား စစ်ဆေးမှုတွေ အနေနဲ့

  • ဆီးသွားနှုန်း။
  • ဆီးသွားပြီးချိန်မှာ ဆီးအိမ်ထဲ ဆီးဘယ်လောက်ကျန်ခဲ့သလဲ စစ်ဆေးတာ။
  • ဆီးသွားချိန်မှာ ဆီးအိမ်ထဲရှိ ဖိအားကို တိုင်းတာတာ။
  • ဆီးထဲသွေးပါတာရှိမရှိ ဒါမှမဟုတ် ဘက်တီးရီးယားပိုးတွေ ရှိမရှိကို စစ်ဆေးတာ (Urinalysis)။
  • ဆီးပိုးမွေးတာ။
  • သွေးထဲမှာ Prostate-specific antigen (PSA) ရှိမရှိ စစ်ဆေးတာ (ဆီးကျိတ်ကင်ဆာအတွက်)။
  • ဆီးလမ်းကြောင်း မှန်ပြောင်းကြည့်တာတို့ပဲ ဖြစ်ပါတယ်။

 

 

ကုသမှုများ

ဆီးကျိတ်ကြီးတာကို ဘယ်လိုကုသမလဲ။

သင့်ရောဂါလက္ခဏာတွေ ဘယ်လောက်ဆိုးနေသလဲ၊ သင့်ကို ဘယ်လောက်ဒုက္ခပေးနေသလဲ ဆိုတာအပေါ်မူတည်ပြီး ကုသမှုပုံစံတွေ ကွာခြားမှာ ဖြစ်ပါတယ်။သင့်မှာတခြားဘာရောဂါတွေ ရှိနေသေးလဲဆိုတာပေါ်လည်း မူတည်ပါသေးတယ်။ ကုသမှုပုံစံတွေအနေနဲ့ နေထိုင်သွားလာစားသောက်မှုပုံစံတွေကို ပြောင်းလဲပြီး အခြေအနေကို စောင့်ကြည့်တာ၊ဆေးသောက်တာ ဒါမှမဟုတ် ခွဲစိတ်တာတွေကို ပြုလုပ်နိုင်ပါတယ်။

 

ပြောင်းလဲသင့်တဲ့ နေထိုင်မှု ပုံစံတွေက

  • အရက်နဲ့ ကဖင်းဓာတ်တွေကို ရှောင်ရပါမယ် (အထူးသဖြင့် ညစာ စားပြီးချိန်မှာပါ)။
  • ရေအများကြီးကို တခါတည်း မသောက်ပါနဲ့။တနေ့လုံး နည်းနည်းစီသောက်ပါ။
  • Antihistamines ပါတွင်တဲ့ နှာစေးအအေးမိ ပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်မသောက်ပါနဲ့။
  • နွေးနွေးထွေးထွေးနေပါ၊လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ရာသီဥတုအေးတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာတွေကြောင့် ရောဂါအခြေအနေ ပိုဆိုးလာနိုင်ပါတယ်။
  • ကီဂယ်လေ့ကျင့်ခန်းလုပ်ပါ။
  • စိတ်ဖိစီးမှုတွေကို လျှော့ချပါ။ဂနာမငြိမ်ဖြစ်တာနဲ့ ဖိစီးမှုတွေဟာ ဆီးခဏခဏ သွားစေနိုင်လို့ ဖြစ်ပါတယ်။

 

သောက်ဆေးတွေ

 Alpha-1 blockers တွေဟာ သွေးပေါင်တက်တာကို ကုသပေးနိုင်တဲ့ ဆေးတွေ ဖြစ်ပါတယ်။ဒီဆေးတွေဟာ ဆီးအိမ်အဝနဲ့ ဆီးကျိတ်မှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတာမို့ ဆီးသွားရလွယ်ကူစေပါတယ်။

  • Finasteride နဲ့ dutasteride တွေဟာ ဆီးကျိတ်က ထုတ်ပေးတဲ့ ဟော်မုန်းပမာဏကို လျော့နည်းစေပြီး ဆီးကျိတ်ရဲ့ အရွယ်အစားကို သေးစေတဲ့အပြင် ဆီးသွားနှုန်းကို များစေတာမို့ ဆီးကျိတ်ကြီးခြင်းရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။
  • ဆီးကျိတ်ကြီးတာနဲ့ တွဲဖြစ်တတ်တဲ့ ကာလရှည် ဆီးကျိတ်ရောင်ရမ်းတာကို ကုသပေးဖို့အတွက် ပိုးသတ်ဆေးတွေလည်း ပေးနိုင်ပါတယ်။ပိုးသတ်ဆေးတွေကို သတ်မှတ်ရက်ပြည့်အောင် သောက်ပြီးတဲ့အခါ တချို့လူနာတွေမှာ ဆီးကျိတ်ကြီးတာရဲ့ လက္ခဏာတွေ သက်သာသွားလေ့ ရှိပါတယ်။

 

ခွဲစိတ်ကုသခြင်း

 သင့်ဆီးကျိတ်ရဲ့ အရွယ်အစား၊ပုံစံ၊ရောဂါလက္ခဏာတွေရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး အောက်ဖော်ပြပါ ခွဲစိတ်ကုသမှု နည်းလမ်းတွေထဲက တခုကို ရွေးချယ်ပါလိမ့်မယ်။

  • Transurethral resection of the prostate (TURP) ။ လိင်တံကတစ်ဆင့် မှန်ပြောင်းထည့်ပြီး ဆီးကျိတ်ကို အပိုင်းလိုက် အပိုင်းလိုက် ဖြတ်ထုတ်ခွဲစိတ်တဲ့ နည်းလမ်းဖြစ်တဲ့ TURP ဟာ ပြုလုပ်မှုအများဆုံးနဲ့ အကျိုးအရှိဆုံး ခွဲစိတ်ကုသမှု ပုံစံပဲ ဖြစ်ပါတယ်။
  • ဆီးကျိတ်ကို ရိုးရိုးဖြတ်ထုတ်ခြင်း ။ ဆီးကျိတ်ရဲ့ အတွင်းပိုင်းကို ဖြတ်ထုတ်တဲ့ နည်းလမ်းဖြစ်ပြီး သင့်ဗိုက်အောက်ခြေနားကို ခွဲစိတ်မှာ ဖြစ်ပါတယ်။ဆီးကျိတ်အရမ်းကြီးသူတွေမှာ ဒီခွဲစိတ်မှုကို အများဆုံး ပြုလုပ်လေ့ရှိပါတယ်။
  • အခြား ။ မခွဲမစိတ်ဘဲ လုပ်တဲ့နည်းတွေထဲမှာ ဆီးကျိတ်ကို အပူပေးပြီး ဖျက်ဆီးပစ်တဲ့ နည်းလည်း တစ်ခုအပါဖြစ်ပါတယ်။ဒါပေမယ့် TURP ထက်ပိုကောင်းတဲ့ နည်းလမ်းတော့ မရှိသေးပါဖူး။ဒီမခွဲမစိတ်တဲ့ နည်းလမ်းကို ရွေးချယ်ကြသူတွေအနေနဲ့ နောက် ငါးနှစ်ကနေ ဆယ်နှစ်အတွင်းမှာ ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကာကွယ်ခြင်း

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

 

ဆီးကျိတ်ကြီးတာကို ဘယ်လိုကာကွယ်မလဲ။

 ဒါဟာ အသက်ကြီးလာခြင်းရဲ့ တစိတ်တပိုင်း ဖြစ်တဲ့အတွက် ဆီးကျိတ်ကြီးတာကို ကာကွယ်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်းတော့ မရှိသေးပါဖူး။ဒါပေမယ့် အောက်ပါအချက်လေးတွေကို လိုက်နာမယ်ဆိုရင် ဆီးကျိတ်ကြီးနိုင်ချေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

  • ညဖက်ဆီးခဏခဏထသွားရတာကို ရှောင်ရှားနိုင်စေဖို့အတွက် ညနေခြောက်နာရီကျော်ရင် အရည်တွေကို တတ်နိုင်သမျှ မသောက်ပါနဲ့တော့။
  • ပိုးဝင်တာကို ကာကွယ်ဖို့အတွက် တနေ့ကို ရေရှစ်ခွက်လောက်အထိ သောက်ပေးပါ။

ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေများသူတွေအနေနဲ့ cranberry သီးဖျော်ရည်ကို သောက်ပေးမယ်ဆိုရင် ဒီအခြေအနေကို ကာကွယ်ပေးနိုင်မှာပါ။

 

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 13, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 13, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ