အဓိပ္ပါယ်ဖွင့်ဆိုချက်

Encopresis (၀မ်းပေကျံခြင်း) ကဘာလဲ။

Encopresis ဆိုသည်မှာ ကိုယ်တိုင်အိမ်သာသွားတတ်သည့်အရွယ် ကလေးငယ်များတွင် အောက်ခံဘောင်းဘီ၌ ၀မ်းများပေကျံခြင်းကိုဆိုလိုပါသည်။ ကလေးငယ်များ ၀မ်းကိုထိန်းတတ်သော်လည်း အသက် ၄ နှစ်အထက်မဟုတ်လျှင် ဒီရောဂါဟု ဆရာဝန်များက မယူဆပါ။ ဤကဲ့သို့ ၀မ်းပေကျံခြင်းသည် ရုပ်ဆိုင်ရာအရ ဖြစ်ရသည့်အကြောင်းရှိသလို ကလေးကိုယ်တိုင် တမင်လုပ်ခြင်းမဟုတ်ပဲ တစ်နည်း စိတ်နှင့်ထိန်းမရပဲ ပေကျံခြင်းဖြစ်ပါသည်။

Encopresis (၀မ်းပေကျံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

US တွင် အသက် ၁၀ နှစ်အောက်ကလေး ၁ – ၂% အထိ Encopresis ဖြစ်နေပါသည်။ မိန်းကလေးများထက် ယောက်ျားလေးများတွင် အဖြစ်များပြီး ဖြစ်ရပ် ၈၀% တွင် ယောက်ျားလေးများသာ ဖြစ်လေ့ရှိသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Encopresis (၀မ်းပေကျံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Encopresis ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ-

  • အောက်ခံဘောင်းဘီတွင် ၀မ်း သို့ အရည်ဝမ်းများ ပွထနေခြင်း
  • မာကျောခြောက်သွေ့သော ၀မ်းများနှင့် ၀မ်းချုပ်နေတတ်ခြင်း
  • သွားသည့်ဝမ်းအတုံးကြီးသောကြောင့် အိမ်သာပေါက် ပိတ်လုခြင်း သို့ ပိတ်ခြင်း
  • ၀မ်းသွားရန် ရှောင်နေခြင်း
  • ၀မ်းတစ်ခါနှင့်တစ်ခါကြား အချိန်အတော်ကြာခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဗိုက်နာခြင်း
  • နေအချိန် သို့ ညအချိန် အိပ်စဉ်သေးပေါက်ချခြင်း
  • ဆီးအိမ်ခဏခဏ ပိုးဝင်ခြင်း (များသောအားဖြင့် မိန်းကလေးများ)

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • ပြင်းထန်ပြီး အမြဲမြဲလိုလို သို့မဟုတ် ခဏခဏ ၀မ်းချုပ်တတ်ခြင်း
  • ၀မ်းသွားစဉ် နာကျင်ခြင်း
  • ၀မ်းမသွားချင်ခြင်း သွားလျှင်လဲ ညှစ်ထုတ်ရခြင်း
  • အသက် ၄ နှစ်အထက်ကလေးများတွင် ၀မ်းပေကျံနေလျှင်

အကြောင်းရင်းများ

Encopresis (၀မ်းပေကျံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Encopresis သည် မွေးရာပါ ခန္ဓာဗေဒမူမမှန်ခြင်းကြောင့်ဖြစ်ရသည်မှာ ရှား၏။ ဖြစ်ရပ်အများစုတွင် Encopresis မှာ နာတာရှည် ၀မ်းချုပ်ခြင်းကြောင့် ဖြစ်ရခြင်းပင်။

ဖြစ်နိုင်ခြေများ

Encopresis (၀မ်းပေကျံခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Encopresis ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်-

  • ၀မ်းချုပ်စေသောဆေးများ သောက်ခြင်း ဥပမာ ချောင်းဆိုးပျောက်ဆေး
  • အာရုံမစိုက်နိုင်သောရောဂါ (ADHD)
  • အောတစင်ရောဂါ
  • စိတ်လှုပ်ရှား သို့ စိတ်ကျရောဂါ

 

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Encopresis (၀မ်းပေကျံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

Encopresis ကိုအတည်ပြုရန်အတွက် ဆရာဝန်မှ ကလေး၏ရောဂါရာဇ၀င်၊ ၀မ်းကျင့်ပေးထားပုံ၊ အစားအသောက်၊ နေထိုင်မှုပုံစံ၊ အမူအကျင့်၊ ဆေးဝါးများနှင့် အပြုအမူများကို မေးမြန်းပါမည်။ ကလေး၏ ယေဘုယျကျန်းမားရေးအခြေအနေ၊ အူမကြီး၊ အစာဟောင်းအိမ်နှင့် စအို အခြေအနေတို့ကိုပါက စမ်းသပ်ပါလိမ့်မည်။ ထို့အပြင် ဆရာဝန်မှာ ကလေးစအိုအတွင်းနှိုက်ကာ ၀မ်းအခြေအနေ၊ စအိုအပေါက်ပါမပါ၊ အစာဟောင်းအိမ်၏ အရွယ်အစားပုံမှန်ဟုတ်မဟုတ်၊ စအိုကြွက်သားအား ပုံမှန်ဟုတ်မဟုတ် စမ်းပါလိမ့်မည်။

ဖြစ်ရပ်အများစုတွင် သွေးစစ်မှုများမှာ ၀မ်းချုပ်ခြင်း သို့မဟုတ် Encopresis အတွက် လုပ်ရန်ခြင်းမဟုတ်ပါ။ တစ်ချိြု့ဖစ်ရပ်များတွင်တော့ ကလေး၏၀မ်းဗိုက် သို့မဟုတ် ဆီးခုံရိုးခွေ ဓာတ်မှန်ရိုက်ပြီး အူမကြီးအတွင်းရှိ ၀မ်းပမာဏကိုကြည့်ခြင်း၊ အူမကြီးနှင့် အစာဟောင်းအိမ်ကြီးမကြီးစစ်ခြင်းများ ပြုလုပ်ရနိုင်ပါသည်။ မကြာခဏဆိုသလို ဘေရီယမ်ဆိုးဆေးနှင့်လည်း ဓာတ်မှန်ရိုက်ရနိုင်သည်။ ၎င်းမှာ အထူးပြုဓာတ်မှန်တစ်မျိုးပင်။ ပြွန်ငယ်လေးတစ်ခုအား ကလေး၏အစာဟောင်းအိမ်မှတစ်ဆင့် အူမကြီးဆီသို့ထိုးသွင်းကာ ဓာတ်ရောင်ခြည်ပိတ် ဆိုးဆေးအား ထိုးသွင်းပါလိမ့်မည်။ ထို့နောက် ဓာတ်မှန်ရိုက်ကာ အူမကြီးတွင် သိပ်နေခြင်း၊ လိမ်နေခြင်း၊ ခေါက်နေခြင်းများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

တစ်ချို့ဖြစ်ရပ်များတွင် Anorectal manometry ပြုလုပ်ရနိုင်သည်။ ထိုစစ်ဆေးမှုတွင်လည်း သေးငယ်သောပြွန်လေးကို ကလေး၏ အစာဟောင်းအိမ်အတွင်းသို့ ထိုသွင်းပါမည်။ ၎င်းတွင် ဖိအားကိုအာရုံခံနိုင်သောပစ္စည်းပါသည်။ စစ်ဆေးနေစဉ်တွင် ကလေးသည် ၀မ်းညှစ်ရန် ဗိုက်၊ ဆီးခုံ၊ စအိုကြွက်သားများသုံးမသုံး သိနိုင်ပါမည်။ နာတာရှာဝမ်းချုပ်သော သို့မဟုတ် Encopresis ရှိသောကလေးများမှာ ၀မ်းသွားသည့်အခါ အဆိုပါကြွက်သားများကို ညီညီမျှမျှ မသုံးတတ်ကြပါ။

Manometry လုပ်ရခြင်း၏ရည်ရွယ်ချက်မှာ စအိုတွင် ဖိအားများနေခြင်းကို အတည်ပြုရန်ဖြစ်ပါသည်။ Manometry သည် စအိုကွင်းကြွက်သားနှင့် အစာဟောင်းအိမ်တို့အား ထိန်းချုပ်နေသော အာရုံကြောများ အလုပ် လုပ်မလုပ်ကို ထိုဧရိယာများတွင်ရှိသော Reflexes များ အလုပ်လုပ်မလုပ်ကြည့်ပြီး သိနိုင်ပါသည်။ Manometry သည် အစာဟောင်းအိမ်ပမာဏကိုသိနိုင်ပြီး ထိုဧရိယာအတွင်း အာရုံခံစားမှုရှိမရှိကိုလဲ သိနိုင်၏။ ဆီးခုံကြမ်းပြင်မှကြွက်သားများ မူမမှန်ကျုံ့ဆန့်ခြင်းကိုလည်း Manometry ဖြင့် မှတ်တမ်းတင်နိုင်ပါသေးသည်။

Anorectal Manometry သည် Hirschsprung ရောဂါမဟုတ်ကြောင်း အတည်ပြုရတွင်လည်း အသုံးဝင်၏။ ၎င်းသည် Encopresis မဖြစ်သော ၀မ်းချုပ်ခြင်းတစ်မျိုးဖြစ်သည့် ရှားပါးရောဂါတစ်မျိုးဖြစ်သည်။ Hirchsprung ရောဂါကို Encopresis ဖြစ်ရသည့်အကြောင်းရင်းဟု စဉ်းစားစရာရှိလာပါက အစာဟောင်းအိမ်အသားစ စစ်ဆေးရန်လိုပါမည်။ ထိုမှ Hirschsprung ရောဂါ၏ အဓိကလက္ခဏာဖြစ်သော အာရုံကြောအလုပ်မလုပ်ခြင်းကို ရှာဖွေနိုင်မည်ဖြစ်သည်။

Encopresis (၀မ်းပေကျံခြင်း) ကို ဘယ်လိုကုသပါသလဲ

ယေဘုယျအားဖြင့် Encopresis ကိုစောစောကုလေလေ ကောင်းလေလေပင်။ ပထမအဆင့်မှာ ပိတ်နေသော စမြင်းများကို အူမကြီးအတွင်းမှ ဖယ်ရှာခြင်းဖြစ်သည်။ ထို့နောက်တွင် ကျန်းမာသောဝမ်းသွားကျင့်ကို ဦးတည်ကုသရမည်။ တစ်ချို့ဖြစ်ရပ်များတွင် စိတ်ကုသခြင်းများကို ထပ်ပေါင်းထည့်ပါက ပိုအထောက်အကူရပါသည်။

ပိတ်နေသောစမြင်းများ အူမကြီးအတွင်းမှ ရှင်းထုတ်ခြင်း

အူမကြီးအတွင်းမှဖယ်ရှားရန်နှင့် ၀မ်းချုပ်သက်သာစေရန် လုပ်သည့်နည်းများစွာ ရှိပါသည်။ သင့်ကလေးအား အောက်ပါတို့ထဲမှတစ်ခုခုကို ဆရာဝန်မှ လမ်းညွှန်ပါလိမ့်မည်။

ဝမ်းပျော့ဆေးများ

စအိုတွင်းထည့်ချုဆေးများ

အန်နီမာချူဆေး

အူမကြီးရှင်းခြင်းအား စစ်ဆေးရန် ခဏခဏပြန်ကြည့်ဖို့ရာ ခေါ်ပါလိမ့်မည်။

ကျန်းမာသော ၀မ်းသွားအကျင့်အား အားပေးပါ။

အူမကြီးရှင်းသွားသည်နှင့် ကလေးအား ၀မ်းပုံမှန်သွားနိုင်ရန် အားပေးဖို့ရာ အရေးကြီး၏။ သင့်ကလေးအား ဆရာဝန်မှ အောက်ပါတို့ကို အကြံပြုပါလိမ့်မည်။

အမျှင်ပိုပါအောင်စားရန်၊ ရေလုံလုံလောက်လောက်သောက်ရန်

ဝမ်းပျော့ဆေးများကို ပုံမှန်ဝမ်းအကျင့်ရလာပါက တဖြည်းဖြည်းခြင်း လျော့သွားရန်

ဝမ်းသွားချင်သည်နှင့် ချက်ချင်းအိမ်သာသွားရန် ကလေးအား ကျင့်ပေးခြင်း

နွားနို့ခဏဖြတ်ခြင်း သို့မဟုတ် နွားနို့နှင့်တည့်မတည့် စစ်ဆေးခြင်း

အမူအကျင့်ပြောင်းပေးခြင်း

ပုံမှန်ဝမ်းသွားအကျင့်ရရှိနိုင်ရန် ကလေးဆရာဝန် သို့မဟုတ် စိတ်ရောဂါအထူးကုမှ နည်းလမ်းများကို ဆွေးနွေးပေးပါလိမ့်မည်။ ၎င်းကုထုံးအား အမူအကျင့်ပြုပြင်ခြင်း သို့မဟုတ် ၀မ်းကျင့်ခြင်းဟု ခေါ်ပါသည်။

Encopresis  သည် စိတ်အခြေအနေများနှင့် ဆက်နွှယ်နေပါက ကလေးငယ်အား စိတ်ကုထုံးပြုလုပ်ရန် စိတ်ရောဂါအထူးကုများနှင့် ပြဖို့ ဆရာဝန်မှညွှန်ပါလိမ့်မည်။ ကလေးငယ်မှာ ရှက်တတ်ခြင်း၊ သူ့အပြစ်ကြောင့်ဟုထင်နေခြင်း၊ စိတ်ကျခြင်း၊ ကိုယ့်ကိုယ်မနှစ်သက်ခြင်းများကြောင့် Encopresis ဖြစ်နေသည်ဆိုပါက စိတ်ကုထုံးမှာ အတော်အလုပ်ဖြစ်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Encopresis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် Encopresis ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

အမျှင်ဓာတ်ကိုအားပြုပါ။ ကလေးငယ်အား အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဂျုံကြမ်းနှင့် တခြားအမျှင်များသည့် အစာများကိုကျွေးပါ။ ၎င်းတို့သည် ၀မ်းကိုပျော့စေ၏။

ကလေးကို ရေများများသောက်ခိုင်းပါ။ ရေသောက်ခြင်းက ၀မ်းမာခြင်းကို ကာကွယ်နိုင်ပါသည်။ တခြားသော အရည်များက အထောက်အကူပြုသည်ဆိုသော်လည်း ကယ်လိုရီကို တစ်ချက်ကြည့်ပေးပါ။

ဆရာဝန်ညွှန်ပါက နွားနို့သောက်ခြင်းကို ကန့်သတ်ပေးပါ။ တစ်ချို့ဖြစ်ရပ်များတွင် နွားနို့သည် ၀မ်းချုပ်မှုနှင့် ဆက်စပ်နေသည်။ သို့သော် နို့ထွက်ပစ္စည်းများတွင် အရေးကြီးသောအာဟာရများ ပါရှိနေသည့်အတွက် နေ့စဉ်စားသုံးနိုင်မည့်ပမာဏကို မေးမြန်းပါ။

အိမ်သာတက်ချိန်များကို စီမံပေးပါ။ နေ့စဉ်ပုံမှန်ချိန်များ၌ ကလေးငယ်အား အိမ်သာထဲတွင် ၅ မိနစ်မှ ၁၀ မိနစ်ထိ ထိုင်ခိုင်ပါ။ အစာစားပြီးတိုင်း ထိုင်းခိုင်းတာမျိုးက အကောင်းဆုံးပင်။ အဘယ်ကြောင့်ဆိုသော အစာစားပြီးနောက်တွင် အူလှုပ်ရှားမှုကောင်းသောကြောင့်ဖြစ်သည်။ ကလေးငယ်အား အိမ်သာတွင်ထိုင်ခိုင်းပြီး ကြိုးစားကြည့်ခိုင်းပါ။

အိမ်သာတွင် ခွေးခြေခုံအားချထားပေးပါ။ ထိုမှသာ ခြေထောက်အနေအထားအပြောင်းအလဲမှ ၀မ်းအတွင်းအား ဖိအားပိုပေးစေနိုင်ပြီး ၀မ်းသွားမှုကို လွယ်ကူစေပါသည်။

ထိုအတိုင်းသာလုပ်သွားပါ။ ပုံမှဝမ်းအကျင့်နှင့် အမူအကျင့်အသစ်များရရန်မှာ လချီကြာတတ်ပါသည်။ ပုံမှန်လုပ်သွားခြင်းက ပြန်ဖြစ်ခြင်းကိုပါ ကာကွယ်ပြီးသားဖြစ်စေပါသည်။

အားပေးမှုပြုပြီး အကောင်းမြင်ပါ။ သင့်အကူအညီက ကလေးငယ်အား Encopresis ကို အနိုင်ယူစေနိုင်ပါသည်။ ထို့ကြောင့် စိတ်ရှည်ရှည်နှင့် အားပေးပါ။ မတော်တဆအဖြစ်များရှိလာပါက အပြစ်တင်ခြင်း ဝေဖန်ခြင်း ကလေးအား အပြစ်ပေးခြင်းမျိုးမလုပ်ပါနှင့်။ ထိုအား ဘယ်အခြေအနေဖြစ်ဖြစ်ချစ်ကြောင်း အထောက်အပံ့ပေးနေကြောင်း ပြသပါ။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ