Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) ကဘာလဲ။

<အူမကြီးဆိုတာအစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။၎င်းဟာအရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့အစာနှင့် ဘီတာမင်ဓာတ်များ စုပ်ယူခြင်းကို လုပ်ဆောင်ပါတယ်။ဒါ့အပြင် ချေပြီးသားအစာတွေကိုလည်း မစင်အဖြစ်သို့ ပြောင်းလဲ ပေးပါတယ်။

မစင်အဖြစ် မစွန့်ခင်မှာ အစာတွေဟာ အူမကြီးကို ဖြတ်ရပါတယ်။ ဒီရောဂါ ဖြစ်တဲ့အခါ အူမကြီးနံရံတွေရဲ့ အစိတ်အပိုင်းတွေဟာ လျော့တိလျော့ရဲ နဲ့ ပါးနေတတ် ပါတယ်။ဒီလိုလျော့ရဲ နေတဲ့ နေရာတွေမှာ အိတ်ငယ်လေးတွေအဖြစ် အပြင်ကိုဖောင်းထွက်နေနိုင်ပါတယ်။

ဒီလို အိတ်ငယ်တစ်ခုစီကို Diverticulum (ဒိုင်ဗာတီကူလန်) လို့ ခေါ်ပါတယ်။ဒီအစိတ်အပိုင်းတွေဟာနီရဲ လာပြီးဖောင်းလာ ရောင်လာကာ ပိုးဝင်လာနိုင်ပါတယ်။ Diverticulitis ဆိုတာဟာ ဒီ diverticulum (ဒိုင်ဗာတီကူလန်) အိတ်ငယ်လေးတွေ ရောင်ရမ်းပြီး ပိုးဝင်လာခြင်းကိုခေါ်ပါတယ်။

ဒီလိုရောင်ရမ်းမှုဟာ သာမန်အသေးစားရောင်ရမ်းမှု မျိုးဖြစ်နိုင်သလို ဆိုးရွားတဲ့ ပိုးဝင်ခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲ ဆိုးကျိုးများအနေနဲ့ အူမကြီး သွေးထွက်ခြင်း ၊အူမကြီးနံရံပေါက်ခြင်း ၊အူပိတ်ခြင်းနှင့် ပြည်တည်နာဖြစ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။

Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Diverticulitis ရောဂါဟာ အဖြစ်များပါတယ်။ လေ့လာတွေရှိချက်များ အရ လူ၁၀၀ မှာ ၃ယောက်ဟာ Diverticulitis ရောဂါရှိနေကြပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Diverticulitisရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
အစပိုင်းမှာ ဝမ်းဗိုက်အောက်ပိုင်းဟာ ဆွဲညစ်ထားသလို နာတာဖြစ်နိုင်ပါတယ်။ အစပိုင်းမှာတော့ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေပါတယ်။ သို့သော် နာခြင်းက အချိန်ပိုစိပ်လာနိုင်ပြီး နောက်ဆုံးမှာ အမြဲနာနေနိုင်ပါတယ်။
• ဗိုက်ပွခြင်း၊
• ဖျားခြင်း၊
• ချမ်းတုန်ခြင်း၊
• ဝမ်းချုပ်ခြင်း ( သို့) ဝမ်းလျှော ခြင်း၊ ခံတွင်းပျက် ခြင်း၊ ပျို့ခြင်း
စတာတွေလည်းဖြစ်နိုင်ပါတယ်။ ရောဂါဟာ မပြင်းထန်ဘူးဆိုရင် ဘာလက္ခဏာမှ သိပ်ခံစားရမှာ မဟုတ်ပါဘူး။ သို့သော် ရောဂါ ပြင်းထန်တဲ့ခါ ခံစားရတဲ့ ရောဂါလက္ခဏာတွေကတော့ –

• အထူးသဖြင့် ဝမ်းဗိုက်ရဲ့ဘယ်ဘက် အခြမ်း ပြင်းပြင်းထန်ထန် အောင့်ခြင်း၊ နာခြင်း၊
• ၃၈ ဒီဂရီ ဆဲလ်စီးရပ်စ် နှင့် အထက်ဖျားခြင်း စတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါ လက္ခဏာတွေ ခံစားရမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။
• ဗိုက်နာခြင်း၊ ဗိုက်အောက်ခြင်း၊
• ချမ်းတုန်၍ ဖျားခြင်း၊
• ပျို့အန်ခြင်း၊
• ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလဲလာခြင်း ( သို့) ဗိုက်တွင်အလုံးစမ်းမိခြင်း၊
• ဝမ်းသွားလျှင်သွေးပါခြင်း၊
• သင်လှုပ်ရှားတဲ့အခါ နာကျင်မှုပိုဆိုးခြင်း၊ သင်ဆီးသွားသောအခါ ပူ ၍နာကျင်ခြင်း၊
• ပုံမှန်မဟုတ်ပဲ မိန်းမကိုယ်မှ အရည်ဆင်းခြင်း စတာတွေဖြစ်ပါတယ်။

အကြောင်းရင်းများ

Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တကယ်လို့ သင်စားလိုက် တဲ့အစားတွေထဲမှာ ချေဖျက်ပစ္စည်းတွေဟာ အူမကြီးထဲမှာ ဖြည်းဖြည်းချင်း အချိန်အကြာကြီး ဖြတ်သန်းနေမယ်ဆိုရင် ဒီရောဂါ ဖြစ်နိုင်ပါတယ်။အူမကြီး ထဲမှာဝမ်းနဲ့ အစာတွေရဲ့ ဖိအားကြောင့် နံရံမှာ လျော့တိလျော့ရဲ နေရာတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

အူမကြီးနံရံမှာ လျော့ရဲ နေတဲ့အပိုင်းတွေဟာ Diverticulitis ဖြစ်ဖို့ဦးတည်နေပါတယ်။ ဒီလို လျော့ရဲနေတဲ့ အူမကြီးအပိုင်းတွေမှာ ပြည်တည်နာလေးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပြည်တည်နာလေးတွေဟာ ရောင်ရမ်းပြီးပိုးဝင်လာတဲ့အခါ ရောဂါလက္ခဏာ တွေကိုခံစားရနိုင်ပါတယ်။

Diverticulitis ရောဂါဟာ ကူးစက်ရောဂါ မဟုတ်သလို ကင်ဆာရောဂါလည်း မဖြစ်စေနိုင်ပါဘူး။

Risk factors

Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Diverticulitisရောဂါ ဖြစ်ပွားနိုင်ချေ ကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အမျှင်ဓာတ် ပါဝင်မှု နည်းသော အစားအသောက်စားခြင်း၊ မိသားစုတွင် Diverticulitis ရောဂါရာဇဝင်ရှိခြင်း၊ စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေး (သို့) အက်စပရင်ပါသော အကိုက်အခဲပျောက် ဆေးများကို နှစ်ပေါင်းများစွာ တစ်ပတ်လျှင် ၄ရက်ထက်ပို၍ ပုံမှန်စွဲသောက်ခြင်း စတာတွေဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ဒီရောဂါဟုတ်မဟုတ် အဖြေရှာအတည်ပြုရန် ရောဂါရာဇဝင် မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်ခြင်း သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းနှင့် ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း စတာတွေကို ပြုလုပ်ပါလိမ့်မယ်။

သွေးစစ်ခြင်းကို ပိုးဝင်ခြင်း ရှိမရှိသိဖို့ အတွက် စမ်းသပ်စစ်ဆေးနိုင်ပြီး၊ ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်းက ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းကို ကြည့်ရှုနိုင်ပါတယ်။

တကယ်လို့ သင်ဟာ Diverticulitis ရောဂါလို့ သံသယရှိနေလျှင် တစ်ခြားစစ်ဆေးမှုတွေ ဖြစ်တဲ့ အူမကြီးအတွင်းမှန်ပြောင်းဖြင့်ကြည့်ခြင်းနှင့် စအိုမှတစ်ဆင့် ဘေရီယမ် အရည် သွင်း၍ အူမကြီးဓာတ်မှန် ရိုက်ခြင်းစတာတွေကို မလုပ်သင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီလိုလုပ်ခဲ့ရင် ရောဂါဖြစ်နေတဲ့ နံရံကအစိတ်အပိုင်း ပေါက်သွားနိုင်လို့ဖြစ်ပါတယ်။

Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

တကယ်လို့ ရောဂါလက္ခဏာတွေဟာ ပြင်းထန်ခြင်း၊ ပိုးများပျံ့ ခြင်း၊ နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရခြင်း စတာတွေမရှိဘူးဆိုရင် ပြင်ပလူနာအနေနဲ့ပဲ ကုသလို့  ရ ပါတယ်။ ကောင်းကောင်း အနားယူခြင်း၊ ဝမ်းပျော့ဆေးသောက်ခြင်း၊ ရေများများသောက်ခြင်းနှင့် အမျှင်ဓာတ်ကြွယ်ဝသော အစားအသောက်များ စားခြင်းက ရောဂါလက္ခဏာတွေကို သက်သာစေပါလိမ့်မယ်။

ပါရာစီတမောကို နာကျင်တာသက်သာစေဖို့အတွက် သောက်နိုင်ပါတယ်။ သင်ဟာအစာအိမ် အောင့်တတ် တဲ့သူဆိုရင် အက်စပရင် (သို့) အိုင်ဗျူပရိုဖန် ကဲ့သို့ ကိုက်ခဲပျောက်ဆေးတွေကို ပုံမှန်စွဲ မသောက်သင့်ပါဘူး။ ရောဂါမဆိုးဘူး ဆိုလျှင်သင့် ဆရာဝန်ကညွှန်ကြားတဲ့ ပိုးသတ် ဆေးများနှင့် အိမ်မှာပဲဆေးကုသဖို့ လိုအပ်ပါတယ်။

အရမ်းဆိုးရွားပြီးနောက်ဆက်တွဲ လက္ခဏာတွေပါ ခံစားရနေပြီရင်တော့ အူမကြီးရဲ့ ရောဂါ ဖြစ်နေတဲ့ အပိုင်းကို ခွဲစိတ်ဖယ်ရှား ပစ်ဖို့ပြုလုပ်ကြပါလိမ့်မယ်။ မကြာခဏ Diverticulitis ရောဂါခံစားနေရသူဆိုရင် ခွဲစိတ်ကုသမှု ခံယူခြင်းအားဖြင့် ရောဂါဖြစ်နေတဲ့အပိုင်းကို ဖယ်ရှားပစ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

တကယ်လို့ ဆေးရုံတက်ဖို့ လိုတယ်ဆိုလျှင် ကုသမှုကတော့ အထက်မှာ ဖော်ပြ ပြီးဖြစ်ပါတယ်။ သို့သော် သွေးကြောမှတစ်ဆင့် အရည်နဲ့ ပိုးသတ်ဆေးများ သွင်းခြင်း၊ ကိုက်ခဲပျောက်ဆေးများပေးခြင်း စတာတွေကိုပြုလုပ်ပါလိမ့်မယ်။

ပထမပိုင်းမှာတော့ အစာ စားလို့မရပါဘူး။ နောက်ပိုင်းမှာတော့ အမျှင်ဓာတ် ကြွယ်ဝပြီး အဆီနည်းတဲ့အစာတွေကို ဖြည်းဖြည်းချင်း အစာထဲထည့်ကျွေး လာပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ