backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dexamethasone Suppression Test


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dexamethasone suppression test ဆိုတာဘာလဲ။

Dexamethasone suppression test ဟာ ဦးနှောက်ရှိ ပစ်ကျူထရီဂလင်း (Pituitary gland) ကနေ ထုတ်လိုက်တဲ့ Adrenocorticotrophic (ACTH) ဟော်မုန်းကို ဖိနှိပ်လို့ရမရ စစ်ဆေးခြင်းဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ အက်ဒရီနယ်ဂလင်း ကနေ ထုတ်ထားတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ ကော်တီစော (cortisol) များတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ Cushing’s syndrome ရောဂါ ကို စစ်ဆေးနိုင်ပါတယ်။ Cushing’s syndrome ဆိုသည်မှာ cortisol ဟော်မုန်း များသောကြောင့်ဖြစ်လာတဲ့ ရှုပ်ထွေးတဲ့ ရောဂါစုတစ်ခုဖြစ်ပြီး လက္ခဏာအားဖြင့် ကိုယ်အလေးချိန်တက်၊ အရေပြားပါး၊ သွေးတိုး၊ ဆီးချို၊ အရိုးပွ၊ မျက်နှာဖောင်း၊ အားအင်ချည့်နဲ့လာတတ်သည်။

Dexamethasone suppression test ကို ဘယ်အချိန်မှာ လုပ်ကြတာလဲ။

ဒီစစ်ဆေးမှုကိုတော့ သင့်ဆရာဝန်က သင့်ကိုယ်ခန္ဓါအတွင်း ကော်တီစော (cortisol) ဟော်မုန်း ထုတ်လုပ်မှုများနေတယ်လို့ သံသယ ရှိရင် ပြုလုပ်ကြပါတယ်။ သူ့ကို Cushing’s syndrome ကို အတည်ပြုဖို့နဲ့ အကြောင်းရင်းကို သိစေဖို့ အသုံးပြုကြပါတယ်။

Dexamethasone ပမာဏနည်းနည်းနဲ့ စစ်ဆေးမှု (low dose test)ဟာ သင့်ကိုယ်ခန္ဓါက ACTH ဟော်မုန်း အများကြီး ထုတ်နေမှု ရှိမရှိကို သိရှိစေပါတယ်။ ပမာဏများများနဲ့ စစ်ဆေးမှု (high dose test) ကတော့ ပြဿနာက ပစ်ကျူထရီဂလင်း (pituitary gland) အတွင်းမှာ ရှိမရှိ စစ်ဆေးဖို့ ပြုလုပ်ပါတယ်။

Dexamethasone ဟာ cortisol နဲ့တူတဲ့ လူလုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ သူဟာ ပုံမှန်လူတွေမှာ ACTH ထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။ ဒါကြောင့် Dexamethasone အသုံးပြုခြင်းဟာ ACTH ရော၊ Cortisol ပမာဏကိုပါ ကျဆင်းစေပါတယ်။

Pituitary gland က ACTH အများကြီးထုတ်ရင် ပမာဏနည်းနည်းနဲ့စစ်ဆေးမှု အတွက် ပုံမှန်မဟုတ်တဲ့ အဖြေကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ပမာဏများတဲ့စစ်ဆေးမှု အတွက်တော့ ပုံမှန်တုန့်ပြန်မှုကို ရရှိမှာဖြစ်ပါတယ်။

ပြင်ဆင်မှု

Dexamethasone suppression test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

သွေးမထုတ်ခင်မှာ အပ်ဝင်တဲ့ နေရာမှာ အညိုအမဲစွဲနိုင်ပါတယ်။ ရှားပါးတဲ့သူတွေမှာတော့ သွေးထုတ်တဲ့ သွေးပြန်ကြောဟာ ရောင်ရမ်းနိုင်ပါတယ်။ ဒါကို သွေးပြန်ကြောရောင်တယ်လို့ခေါ်ပြီး သူ့ကိုနေ့စဉ် ကြိမ်ဖန်များစွာ အပူကပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ သွေးရောဂါ (သို့) သွေးကျဲဆေး (warfarin၊ aspirin) သောက်နေရင် သွေးမတိတ်ခြင်းကို ခံစားရနိုင်ပါတယ်။

အချို့ဆရာဝန်တွေက ၂၄နာရီ ဆီးထဲမှာရှိတဲ့ free cortisol ကိုတိုင်းတာတဲ့ စစ်ဆေးနည်း ဟာ ဒီစစ်ဆေးမှုထက် ပိုပြီး တိကျတယ်လို့ ထင်ကြပါတယ်။ Dexamethasone suppression test လိုပဲ ဆီးထဲက free cortisol တိုင်းတာတဲ့ စစ်ဆေးနည်းဟာ Cushing’s syndrome ကို ရှာဖွေနိုင်ပါတယ်။

ACTH test ကို ဆီးထဲက cortisol တိုင်းတာသောစစ်ဆေးနည်း နဲ့တစ်ပြိုင်နက် ပြုလုပ်ရမှာဖြစ်ပါတယ်။

Dexamethasone suppression test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

မနက်သွေးမဖေါက်ခင် ၁၀-၁၂ နာရီအထိ ဘာမှ စားခြင်း သောက်ခြင်း မပြုသင့်ပါဘူး။

ဆေးတွေဟာ သွေးအဖြေကို ပြောင်းလဲနိုင်တာကြောင့် သောက်နေတဲ့ ဆေးမှန်သမျှအကြောင်းကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ဆရာဝန်က သွေးမထုတ်ခင် ၂၄-နာရီ ကနေ ၄၈ နာရီအထိ ကြိုပြီး အချို့ဆေးတွေ (ကိုယ်ဝန်တားဆေး၊ မော်ဖင်း၊ methadone၊ လစ်သီယမ်၊ဆီးဆေး နဲ့ monoamine oxidase inhibitors [MAOIs]) သောက်ခြင်းကို ရပ်ခိုင်းနိုင်ပါတယ်။

စစ်ဆေးမှုကို ဘာကြောင့် ပြုလုပ်သင့်တာလဲ၊ ဆိုးကျိုးဘာတွေ ရှိလဲ၊ ဘယ်လိုလုပ်မှာလဲဆိုတာနဲ့ အဖြေက ဘာကိုဆိုလိုလဲဆိုတာတွေကို ဆရာဝန်ကို မေးမြန်းထားသင့်ပါတယ်။

စစ်ဆေးမှု

Dexamethasone suppression test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

စစ်ဆေးမှု မပြုခင် ည ၁၁ နာရီမှာ dexamethasone 1mg ပါဝင်တဲ့ ဆေးပြားကို မြိုချထားရမှာဖြစ်ပါတယ်။ နောက်နေ့မနက် ၈ နာရီမှာတော့ ကျန်းမာရေးကျွမ်းကျင်သူက သွေးယူမှာဖြစ်ပါတယ်။ ဆေးပြားကို နွားနို့ (သို့) အစာအိမ်ဆေးတွေနဲ့တွဲသောက်ခြင်းအားဖြင့် အစာအိမ် ထိခိုက်ခြင်း (သို့) ရင်ပူခြင်းကို သက်သာစေမှာ ဖြစ်ပါတယ်။

သွေးယူတဲ့ ကျန်းမာရေးကျွမ်းကျင်သူဟာ အောက်ပါအဆင့်တွေကို ပြုလုပ်မှာဖြစ်ပါတယ်။

• လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ သားရေကြိုးတစ်ခုကို စည်းပေးမှာဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ဖောင်းတင်းလာစေပြီး အပ်ထိုးဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။

• ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်မှာ ဖြစ်ပါတယ်။

• သွေးပြန်ကြောအတွင်းကို အပ်ထိုးလိုက်မှာဖြစ်ပါတယ်။ တစ်ကြိမ်ထက် မက လိုအပ်နိုင်ပါတယ်။

• သွေးထည့်တဲ့ ဖန်ချောင်းထဲကို သွေးဖြည့်လိုက်မှာဖြစ်ပါတယ်။

• သွေးအလုံအလောက်ရပြီဆိုရင်တော့ သားရေကြိုးကို ဖြည်လိုက်မှာဖြစ်ပါတယ်။

• အပ်ဖယ်လိုက်ပြီး ဂွမ်းလုံးကို အပ်ထိုးတဲ့နေရာပေါ်တင်လိုက်မှာဖြစ်ပါတယ်။

• သွေးယူတဲ့နေရာမှာ ဖိထားသင့်ပြီး ပလပ်စတာ ကပ်ပေးနိုင်ပါတယ်။

တခါတရံမှာ ပိုမိုတိကျတဲ့ Dexamethasone suppression test ကိုလုပ်ပေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုအတွက် နှစ်ရက်အတွင်း Dexamethasone ဆေးပြား ရှစ်ပြားကို သောက်ရမှာဖြစ်ပြီး သွေးနဲ့ ဆီးအတွင်းက cortisol ပမာဏကို တိုင်းတာ ရမှာဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Dexamethasone suppression test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စစ်ဆေးမှု ပြုလုပ်ပြီးရင်တော့ အိမ်ပြန်နိုင်ပြီဖြစ်ပါတယ်။ အပ်ထိုးတဲ့နေရာမှာ ဘာမှမဖြစ်တာမျိုး (သို့) အနည်းငယ် စူးရှရှဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။ အဖြေကို ရက်အနည်းငယ်အတွင်း ရရှိမှာဖြစ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ အဖြေဖြစ်လို့ Cushing’s syndrome ဆိုတာ သေချာဖို့အတွက် အခြားစစ်ဆေးမှုတွေ ပြုလုပ်သင့်သေးတယ်လို့ ဆိုလိုပါတယ်။ ပုံမှန်အဖြေထွက်ရင်တော့ Cushing’s syndrome ရောဂါ မရှိဘူးလို့ ဆိုလိုပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ပုံမှန်ပမာဏ ကို အညွှန်းအနေနဲ့ ကြည့်နိုင်ပါတယ်။ ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Dexamethasone suppression test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ ဓါတ်ခွဲခန်းပေါ်မူတည်ပြီး ပုံမှန်ပမာဏတွေဟာ ကွဲပြားမှု ရှိပါတယ်။ သင်အသုံးပြုတဲ့ ဓါတ်ခွဲခန်းဟာ သူ့ရဲ့ ပုံမှန်ပမာဏတွေက ဘယ်လောက်ဆိုတာ ပါသင့်ပါတယ်။ သင့်ဆရာဝန်က ကျန်းမာရေးအခြေအနေနဲ့ အခြားအချက်တွေပေါ်မူတည်ပြီး အဖြေထုတ်ပေးမှာဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ ပုံမှန်ဂဏန်းတွေနဲ့ အဖြေတွေဟာလည်း သင်နဲ့သင့်ဓါတ်ခွဲခန်းအတွက် ပုံမှန်ဖြစ်နေနိုင်ပါတယ်။

ပုံမှန် – Cortisol ပမာဏဟာ 5 micrograms per deciliter (mcg/dL) (သို့) 138 nanomoles per liter (nmol/L) အောက်နည်းခြင်း

များခြင်း – cortisol များခြင်းဟာ အောက်ပါရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

• Cushing’s syndrome

• အခြားကျန်းမာရေး ပြဿနာများ (နှလုံးရပ်ခြင်း၊ နှလုံးရောဂါ၊ ဖျားခြင်း၊ ကိုယ်ပူခြင်း၊ အစားအသောက် ကောင်းစွာမစားခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ အရက်သောက်ခြင်း)

• အဆုတ်ကင်ဆာလိုမျိုး ACTH ဟော်မုန်း ပိုထုတ်တဲ့ ကင်ဆာများ

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Dexamethasone suppression test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement