အဓိပ္ပါယ်ဖွင့်ဆိုချက်

Dementia (မှတ်ဥာဏ်ချို့ယွင်းခြင်း) ကဘာလဲ။

မှတ်ဥာဏ်ပိုင်းဆိုင်ရာ၊ တွေးခေါ်နိုင်စွမ်းနဲ့ စကားပြောနိုင်စွမ်းများ ထိခိုက်ခြင်း အစရှိသည့် လက္ခဏာများစုပြုံ ဖြစ်ပေါ်လာခြင်းကို မှတ်ဥာဏ်ချို့ယွင်းလာခြင်းလို့ ခေါ်ပါတယ်။ သို့သော်လည်း သတိမေ့ရုံမျှနဲ့ သင်ဟာ မှတ်ဥာဏ်ချို့ယွင်းနေပြီလို့ ဆိုလိုခြင်းမဟုတ်ပါ။ ဒီရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

Dementia (မှတ်ဥာဏ်ချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မှတ်ဥာဏ်ချို့ယွင်းခြင်းဟာ အသက်၆၅ နှစ် နဲ့အထက် လူကြီးတွေမှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dementia (မှတ်ဥာဏ်ချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မှတ်ဥာဏ်ချို့ယွင်းခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

• သတိမေ့ခြင်း
• ဘာသာစကား ပြောဆိုချိတ်ဆက်နိုင်စွမ်း နဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အခက်တွေ့လာခြင်း
• ရောက်ရှိနေသော အချိန်နဲ့ နေရာကို မမှတ်မိဘဲ ဝေဝါးနေခြင်း
• လိုရာကို အသေးစိတ် ကောက်နုတ်တွေးခေါ်ရာ၌ ခက်ခဲလာခြင်း
• ပစ္စည်းများ အထားမှားခြင်း
• ရုတ်တရက် ကိုယ်အမူအရာ၊ နေပုံထိုင်ပုံနဲ့ စိတ်ခံစားမှုပြောင်းလဲလာခြင်း
• ကိုယ်စွမ်းကိုယ်စများ လျော့နည်းလာပြီး အလုပ်တွင် စိတ်မပါတော့ခြင်း စတာတွေခံစားရနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dementia (မှတ်ဥာဏ်ချို့ယွင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မှတ်ဥာဏ်ချို့ယွင်းခြင်းဟာ ဦးနှောက်ဆဲလ်များ ပျက်စီးခြင်းကြောင့် ဖြစ်ပါတယ်။ ၎င်းရောဂါဟာ ဦးနှောက်ဆဲလ်များ တစ်ခုနဲ့ တစ်ခုချိတ်ဆက်မိမှုကို ပြတ်တောက်စေပြီး ကိုယ်အမူအရာနဲ့ စိတ်ခံစားမှုကိုထိခိုက်ပြောင်းလဲစေပါတယ်။
မှတ်ဥာဏ်ချို့ ယွင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်တွင်းထိခိုက် ပြောင်းလဲမှုအများစုမှာ ဘဝတစ်လျှောက်လုံးမပျောက်ဘဲ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမှာ ဖြစ်ပါတယ်။ အောက်ပါမှတ်ဥာဏ်နဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ထိခိုက်စေသော ပြဿနာများကို ကုသမယ်ဆိုရင်တော့ သက်သာလာမှာဖြစ်ပါတယ်။

• စိတ်ကျရောဂါ
• ဆေးအချို့သောက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများခံစားရခြင်း
• အရက်အလွန်အကျွံသောက်ခြင်း
• လည်ပင်းရှိ သိုင်းရွိုက်ဂလင်းပြဿနာ
• ဗီတာမင်ဓာတ်များ ချို့တဲ့ခြင်း စတာတွေကို ကုရမှာဖြစ်ပါတယ်။

Risk factors

ငါ့ဆီမှာ Dementia (မှတ်ဥာဏ်ချို့ယွင်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သင်ပြောင်းလဲပြုပြင် လို့မရနိုင်တဲ့ မှတ်ဥာဏ်ချို့ ယွင်း ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• အသက်အရွယ်- အသက် ၆၅ နှစ် နောက်ပိုင်းမှာ သင်ဟာ မှတ်ဥာဏ်ချို့ ယွင်းခြင်း ရောဂါ ဖြစ်နိုင်ခြေများပါတယ်။ သို့သော် မှတ်ဥာဏ်ချို့ယွင်းခြင်းဟာ အသက်ကြီးလာတိုင်း ဖြစ်ရမယ်လို့တော့ မဟုတ်ပါ။ အသက်ငယ်ငယ်နဲ့လည်း ဖြစ်နိုင်ပါတယ်။
• မိသားစု ရောဂါရာဇဝင်- ရောဂါရာဇဝင်ရှိတဲ့ မိသားစုကလူပင်ဖြစ်သော်လည်း ၎င်းရောဂါမဖြစ်တဲ့ သူတွေရှိသလို မိသားစုရာဇ၀င် မရှိဘဲနဲ့လည်း ၎င်းရောဂါဖြစ်နိုင်ပါတယ်။ သင့်မှာ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများရှိမရှိကို ဆရာဝန်မှ စစ်ဆေးမှုအချို့ပြုလုပ်ပြီး သိနိုင်ပါတယ်။

• ဒေါင်းရောဂါ (Down Syndrome)- ဒေါင်း မျိုးရိုးဗီဇပြဿနာနဲ့ မွေးလာတဲ့ ကလေးတွေဟာ သက်လတ်ပိုင်းမှာတင် မှတ်ဥာဏ်ချို့ ယွင်းခြင်း စောစောစီးစီး ဖြစ်နိုင်ပါတယ်။

• သတိ အနည်းငယ်မေ့ခြင်း- ဒါဟာလည်း မှတ်ဥာဏ်ပိုင်းဆိုငိရာ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ ထိခိုက်တဲ့ထိတော့ မဖြစ်သေးပါဘူး။ ထိုသို့ဖြစ်ခြင်းဟာလည်း မှတ်ဥာဏ်ချို့ ယွင်းခြင်း ဖြစ်ဖို့ အခွင့်အလမ်းများစေပါတယ်။

သင်ပြောင်းလဲပြုပြင် လို့ရနိုင်တဲ့ မှတ်ဥာဏ် ချို့ ယွင်းခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ ကတော့

• အရက်အလွန်အကျွံသောက်ခြင်း- တကယ်လို့ သင်ဟာအရက် အလွန်အကျွံသောက်သူ ဖြစ်ရင် မှတ်ဥာဏ်ချို့ ယွင်းခြင်း ဖြစ်နိုင်ခြေများပါတယ်။

• နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာရှိခြင်း- သွေးတိုးရောဂါ၊ သွေးအဆီများခြင်း၊ သွေးလွှတ်ကြောနံရံတွင် အဆီစုပုံ၍ သွေးကြောကျဉ်းခြင်း နဲ့ အဝလွန်ခြင်း စတာတွေဟာလည်း မှတ်ဥာဏ်ချို့ ယွင်းခြင်း ဖြစ်နိုင်ခြေများစေပါတယ်။

• စိတ်ကျရောဂါခံစားနေရခြင်း – ဒီရောဂါဟာလည်း မှတ်ဥာဏ်ချို့ ယွင်းခြင်းဖြစ်ဖို့ အခွင့်အလမ်း များစေပါတယ်။

• ဆီးချိုရောဂါ – တကယ်လို့ သင်ဟာဆီးချိုရောဂါရှိပြီး ထိန်းချုပ်မှုအားနည်းရင် ၎င်းရောဂါဖြစ်နိုင်ခြေ များပါတယ်။

• ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ခြင်းဟာ မှတ်ဥာဏ်ချို့ ယွင်းခြင်း နဲ့ အခြားသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကိုမြင့်စေပါတယ်။

• အိပ်နေရင်း အသက်ရှူရပ်ရပ်သွားခြင်း- အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားတတ်ပြီး ဟောက်သူတွေဟာ သတိမေ့လိုက် ပြန်ကောင်းလိုက်ဖြစ်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dementia (မှတ်ဥာဏ်ချို့ယွင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

• လူနာ၏ နောက်ကြောင်း ရောဂါရာဇဝင်ကို မေးမြန်းခြင်း – ဆရာဝန်က မှတ်ဥာဏ်ချို့ ယွင်းရောဂါနဲ့ ပတ်သက်တဲ့ သင့်မိသားစု ရောဂါရာဇဝင်ကို မေးမြန်းမယ့်အပြင် ယခင် ဖျားနာဖူးခြင်း၊ ထိခိုက်ဒဏ်ရာရဖူးခြင်း၊ ခွဲစိတ်ခံရဖူးခြင်း ရှိမရှိနဲ့ အရင်ထဲကနေ ယခုထိ သောက်နေသော ဆေးများအကြောင်း အပါအဝင် လတ်တလော ဖြစ်နေသော အခြေအနေများအကြောင်းကို မေးမြန်းပြီး ရောဂါဖြစ်နိုင်ခြေတွေကို တွက်ဆပါလိမ့်မယ်။
• ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုပြုလုပ်ခြင်း – လတ်တလောဖြစ်နေတဲ့ရောဂါတွေ နာတာရှည်ရောဂါတွေ ရှိမရှိ သိစေရန် အမြင်အကြားဆိုင်ရာ စမ်းသပ်မှုများ၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်းနဲ့ အခြားသော ကျန်းမာရေးအခြေခံ စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မယ်။

• ဓာတ်ခွဲခန်းစမ်းသပ်မှုများပြုလုပ်ခြင်း – သင့်ရဲ့ရောဂါရာဇဝင်နဲ့ လက္ခဏာတို့ပေါ် မူတည်ပြီး သွေးစစ်ခြင်း၊ လျှပ်စစ်လှိုင်းဖြင့် ခေါင်း ဓါတ်မှန်ရိုက်ခြင်း (သို့) ဦးနှောက် ဓါတ်မှန် ရိုက်ခြင်းများ ပြုလုပ်ပါလိမ့်မယ်။

• အာရုံကြောဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ခြင်း- ဦးနှောက်နဲ့ အာရုံကြောစနစ်ဆိုင်ရာ ပြဿနာများကို စစ်ဆေးရန်ဖြစ်ပါတယ်။ အတွေးအခေါ်နဲ့ အပြုအမူပိုင်းဆိုင်ရာ ပြသနာများဖြစ်စေသော အာရုံကြောစနစ်ထိခိုက်မှုကိုရှာဖွေစစ်ဆေးရန် ဖြစ်ပါတယ်။

• အာရုံကြောနဲ့ စိတ်ကျန်းမာရေးကို စစ်ဆေးခြင်း-
ရောဂါ၏အတိမ်အနက်ကိုသိရန်၊ သင့်လုပ်ကိုင်နိုင်စွမ်းကို စစ်ဆေးရန်နဲ့ ယခင်ထက်စာလျှင်
မည်မျှပြောင်းလဲလာသည်ကို သိရှိရန် အဆိုပါစစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မယ်။

Dementia (မှတ်ဥာဏ်ချို့ယွင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆေးသောက်ခြင်း- Cholinesterase inhibitors ၊ memantine နဲ့ ဆရာဝန်ညွှန်ကြားသော အခြားဆေးများကို မှတ်ဥာဏ်ချို့ ယွင်းခြင်းကို ကုသရာမှာ သုံးနိုင်ပါတယ်။

• ဆေးဖြင့်ကုသခြင်းမဟုတ်သော အခြားနည်းများလည်း ရှိပါတယ်။ ထိတွေ့နေသော ပတ်ဝန်းကျင် ပြောင်းလဲပေးခြင်း၊ အလုပ်အကိုင် ပြောင်းလဲပေးလိုက်ခြင်း စတာတွေက စိတ်ဝေဝါးခြင်းကို လျော့ကျစေပြီး အပြုအမူတွေ တိုးတက်ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

• အနားပေးကုသခြင်းများ- ဂီတ၊ အနုပညာအပေါ်ဈာန်ဝင်စေခြင်း၊ တိရိစ္ဆာန်မွေးမြူခြင်း နဲ့ နှိပ်နယ်ကုသပေးခြင်းများက စိတ်ခံစားမှုနဲ့ အပြုအမူတွေ တိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်။

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 22, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 22, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ