backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ )


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ ) ကဘာလဲ။

Connective tissue disease ဆိုတာ ခန္ဓါကိုယ် တည်ဆောက်ရာမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရာတွင် လိုအပ်သော ခန္ဓါကိုယ် အစိတ်အပိုင်းများကို သက်ရောက်မှုရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Connective tissue တွေမှာ Collagen ကိုလဂျင် နှင့် Elastin အီလတ်စတင် ဆိုပြီး ပရိုတင်း (၂)မျိုးနှင့် တည်ဆောက်ထားတာပါ။

Collagen ဆိုတာ အရွတ်၊ အရေပြား၊ မျက်ကြည်လွှာ၊ အရိုးနု၊ အရိုးနှင့် သွေးကြောများမှာ တွေ့ရတဲ့ ပရိုတင်း (၁)မျိုး ဖြစ်ပါတယ်။ Elastin ဆိုတာ သားရေကွင်းနှင့်တူသော ဆွဲဆန့်လို့ရတဲ့ ပရိုတင်း (၁)မျိုးဖြစ်ပြီး အရွတ်များနှင့် အရေပြားမှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

လူနာတစ်ယောက်မှာ Connective tissue ရောဂါရှိပြီဆိုရင် Collagen နှင့် Elastin ပရိုတင်းများကို ရောင်ရမ်းစေပါတယ်။ ဒါကြောင့် ၎င်းတို့နှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းများနှင့် ပရိုတင်းများကိုလည်း အန္တရာယ်ဖြစ်စေပါတယ်။

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

Rheumatoid arthritis ခေါ် အဆစ်အမြစ်ရောင် လေးဘက်နာ ရောဂါဟာ အမျိုးသားများမှာထက် အမျိုးသမီးများမှာ ပိုမိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

Scleroderma ဟာ အမျိုးသမီးများမှာ အမျိုးသားများထက် (၃)ဆပိုမိုအဖြစ်များပြီး ကိုယ်ဝန်ဆောင်နိုင်ချိန်၊ ကလေးမွေးဖွားနိုင်တဲ့ အသက်အရွယ်ရှိတဲ့ အမျိုးသမီးများမှာ (၁၅)ဆ ပိုမိုဖြစ်တတ်ပါတယ်။

Systemic Lupus erythematous ခေါ် သွေးလေးဖက်နာရောဂါဟာ အမျိုးသားများထက် အမျိုးသမီးများမှာ (၉)ဆ ပိုမိုအဖြစ်များပါတယ်။

Connective tissue ရောဂါတွေဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိနိုင်ဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Connective tissue ရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာကတော့ ပင်ပန်းနွမ်းနယ်နှုံးချိနေခြင်း ဖြစ်ပါတယ်။ Connective tissue ရောဂါအမျိုးအစားများနှင့် ရောဂါကြွနေချိန်ပေါ် မူတည်ပြီး ရောဂါလက္ခဏာများစွာ ရှိပါတယ်။ ဖျားနာခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အဆစ်များနာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အခြားသော ရောဂါလက္ခဏာများ ဖြစ်ပါတယ်။

Rheumatoid arthritis ခေါ် အဆစ်အမြစ်ရောင်ရောဂါမှာ တွေ့ရတဲ့ ရောဂါလက္ခဏာများကတော့

  • အဆစ်အမြစ်များနာကျင်ရောင်ရမ်းခြင်း
  • အဆစ်အမြစ်များ တောင့်တင်းနေခြင်း (များသောအားဖြင့် နံနက်အိပ်ရာနိုးနိုးချင်းနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့ အချိန်များမှာ ပိုမို ဆိုးရွားတတ်ပါတယ်။)
  • နှုံးချိခြင်း၊ အဖျားတက်ခြင်းနှင့် ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ဖြစ်ပါတယ်။

Scleroderma ရောဂါမှာ တွေ့ရတဲ့ ရောဂါလက္ခဏာများကတော့

  • Scleroderma ရောဂါ ခံစားနေရတဲ့ လူတိုင်းလိုလို ခံစားနေတဲ့ ရောဂါလက္ခဏာကတော့ အရေပြားများ မာကြောတောင့်တင်းလာခြင်း ဖြစ်ပါတယ်။
  • လက်ချောင်း၊ ခြေချောင်းများ – Scleroderma ရောဂါမှာ အစောဆုံးတွေ့ရတတ်တဲ့ ရောဂါလက္ခဏာတစ်ခုကတော့ စိတ်ဖိစီးမှု (သို့) အအေးလွန်ကဲချိန်မှာ ပုံမှန်ထက်ပိုမိုတုန့်ပြန်တတ်ပြီး လက်ချောင်း (သို့ )ခြေချောင်းများ ထုံကျင်ခြင်း၊ နာကျင်ခြင်း (သို့) အရောင်ပြောင်းခြင်းတို့ ဖြစ်တတ်ပါတယ်။
  • အစာခြေစနစ် – Scleroderma ရောဂါခံစားနေရတဲ့သူအချို့မှာ အူလမ်းကြောင်း တစ်လျှောက်ရှိ ကြွက်သားများ ကောင်းမွန်စွာ မလှုပ်ရှားနိုင်တဲ့အတွက် အာဟာရစုပ်တဲ့အခါမှာ အခက်အခဲရှိတတ်ပါတယ်။
  • နှလုံး၊ အဆုတ် (သို့) ကျောက်ကပ်များ – Scleroderma ရောဂါဟာ နှလုံး၊ အဆုတ် (သို့) ကျောက်ကပ်များရဲ့ လုပ်ငန်းဆောင်တာများကို အနည်းနှင့်အများ ထိခိုက်စေပါတယ်။

Systemic lupus erythemotosus (SLE) ခေါ် သွေးလေးဖက်နာရောဂါမှာ တွေ့ရတဲ့ ရောဂါလက္ခဏာများကတော့

  • နှုံးချိခြင်းနှင့် အဖျားတက်ခြင်း
  • အဆစ်အမြစ်များနာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် ရောင်ရမ်းခြင်း
  • လိပ်ပြာပုံသဏ္ဍာန် ပါးနှင့်နှာရိုးတံပေါ်တွင် အနီကွက်ပေါ်ခြင်း
  • နေရောင်ခြည်နှင့်ထိတွေ့၍ အရေပြားအနာများပေါ်လာခြင်း (သို့) ပိုမိုဆိုးရွားလာခြင်း (နေရောင်အထိမခံနိုင်ခြင်း)
  • စိတ်ဖိစီးချိန် (သို့) အအေးဓါတ်လွန်ကဲသည့်အချိန်တွင် ခြေချောင်းလက်ချောင်းများ ဖြူသွားခြင်း (သို့) ပြာသွားခြင်း (Raynaud’s Phenomenon)
  • မောကြပ်ခြင်း
  • ရင်ဘတ်နာ/အောင့်ခြင်း
  • မျက်လုံးများ ခြောက်ခြင်း
  • ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းနှင့် မှတ်ဉာဏ်များ ပျောက်ကွယ်ခြင်း တို့ဖြစ်တတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။

သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

Connective tissue ရောဂါအများစုကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများကို တိတိကျကျ မသိရှိသေးပါ။ သို့သော်လည်း Connective tissue ရောဂါများကို ဖြစ်ပွားစေတယ်လို့ ထင်ရတဲ့ မျိုးရိုးဗီဇ ပုံစံများရှိပါတယ်။

အများအားဖြင့် Connective tissue ရောဂါများဟာ မျိုးရိုးဗီဇလက္ခဏာများနှင့် ပတ်ဝန်းကျင်မှ ဖြစ်စေတဲ့အကြောင်းအရာများ ပေါင်းစည်းပြီး ဖြစ်ပွားတယ်လို့ ယူဆကြပါတယ်။

ဖြစ်နိုင်ခြေများ

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Connective tissue ရောဂါရဲ့လက္ခဏာများကို ပိုမိုဖြစ်ပွားစေတဲ့ အကြောင်းအရာများကတော့

  • မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သော Connective tissue ရောဂါများ
  • သွေးလေးဖက်နာရောဂါနှင့် Scleroderma ရောဂါမျိုးတွေမှာ မျိုးရိုးဗီဇတစ်ခုတည်းကြောင့် ဖြစ်တယ်လို့ ယူဆ၍မရပါ။
  • ဒီလို Connective tissue ရောဂါတွေမှာ ဘာကြောင့်ဖြစ်တယ်ဆိုတာ တိတိကျကျ ရှာဖွေ၍မရပါ။ သို့သော်လည်း အနည်းငယ်သော မျိုးရိုးဗီဇလက္ခဏာများကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေများမှာ ခန္ဓါကိုယ်ခုခံအားစနစ် အလိုအလျောက် ပုံမှန်ထက် ပိုမိုလုပ်ဆောင်မှုကြောင့် သွေးလည်ပတ်မှုအတွင်း လိုအပ်သည်ထက် ပိုမိုများပြားသော ပဋိပစ္စည်းများ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း ယူဆကြပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

တစ်ခါတစ်ရံဆရာဝန်များ ခန္ဓါကိုယ် စမ်းသပ်စစ်ဆေးခြင်းကြောင့် Connective tissue ရောဂါကို တွေ့ရှိတာမျိုးလည်း ရှိပါတယ်။ များသောအားဖြင့် သွေးဖောက်စစ်ခြင်း၊ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်းနှင့် အခြားသောရောဂါ ရှာဖွေစစ်ဆေးမှုများဖြင့် Connective tissue ရောဂါ ဟုတ်မဟုတ် သိရှိနိုင်ပါတယ်။

Connective Tissue Disease (ချိတ်ဆက်တစ်ရှူးရောဂါ ) ကို ဘယ်လိုကုသပါသလဲ

Rheumatoid arthritis ခေါ်အဆစ်အမြစ်ရောင်ရောဂါ

ဆေးဝါးများ။

  • အကိုက်အခဲပျောက်ဆေးများ Ibuprofen (Advil နှင့် Motrin IB) နှင့် Naproxen sodium (Alevecan) ဟာ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများကို သက်သာစေပါတယ်။
  • Steroid (Prednisolone) ဟာ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို လျော့ကျစေပြီး အဆစ်အမြစ်များ ပျက်စီးယိုယွင်းမှုကို နှေးကွေးစေပါတယ်။
  • DMARDs – Methotrexate (Trexall, Otrexup, Rasuvo) , Leflunomide (Arava), Hydroxychloro quine (Plqquenil) နှင့် Sulfasalarine (Azulfidine) များဟာ အဆစ်အမြစ်ရောင်ရမ်းခြမ်းဖြစ်စဉ်ကို နှေးကွေးစေပြီး အဆစ်အမြစ်များနှင့် အသားတစ်ရှူးများကို ထာဝရ ပျက်စီးယိုယွင်းခြင်းကို ကာကွယ်စေနိုင်ပါတယ်။

ကုထုံးများ

အဆစ်အမြစ်များအသုံးပြုပြီး နေ့စဉ်လှုပ်ရှားမှုများကို လွယ်ကူစေမယ့် နည်းလမ်းများကို ကုထုံးပညာရှင်က လမ်းညွှန်ပြသပေးမှာ ဖြစ်ပါတယ်။

ခွဲစိတ်ကုသခြင်း

ဆေးဝါးများနှင့် ကုသလို့မရခဲ့လျှင် ပျက်စီးနေသော အဆစ်အမြစ်များကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ ခွဲစိတ်ကုသမှုများကို ဆရာဝန်က စဉ်းစားပြသပေးမှာ ဖြစ်ပါတယ်။ ခွဲစိတ်ကုသခြင်းဖြင့် အဆစ်အမြစ်များကို ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းရည်ကို ပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းဖြင့် နာကျင်ခြင်းနှင့် ပုံပန်းသဏ္ဍာန်ပျက်စီးမှုများကို လျော့ကျစေပါတယ်။

အခြားသော ကုထုံးများ

အဆစ်အမြစ်ရောင်ရောဂါအတွက် အခြားသော ကုထုံးများမှာ ငါးကြီးဆီ၊ သစ်ဥသစ်ဖုမှ ရရှိသော အဆီများနှင့် ထိုင်ချီ ကစားခြင်းတို့ ဖြစ်ပါတယ်

Scleroderma

ဆေးဝါးများ

  • သွေးကြောများကို ကျယ်စေသော သွေးတိုးကျဆေးများဟာ အဆုတ်နှင့်ကျောကပ်ဆိုင်ရာ ပြဿနာများကို ကာကွယ် နိုင်ပြီး Roynaud’s disease ကိုလည်း ကုသရာမှာ အထောက်အကူ ဖြစ်စေပါတယ်။
  • ကိုယ်တွင်းအင်္ဂါအစားထိုး ကုသခြင်းများမှာ သုံးတဲ့ ခန္ဓါကိုယ်ခုခံအား နိမ့်ကျစေသော ဆေးများဟာ Scleroderma ရောဂါရဲ့ လက္ခဏာများကို လျှော့ချပေးနိုင်ပါတယ်။
  • Omeprozole (Prilosec) ဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာစေပါတယ်။
  • ကူးစက်ရောဂါပိုးမွှားများကို ကာကွယ်ပါ။ ပိုးသတ်ဆေး ပါဝင်သောလိမ်းဆေးများ၊ သန့်ရှင်းစင်ကြယ်စွာ နေထိုင်ခြင်းနှင့် အအေးဓါတ် လွန်ကဲခြင်းတို့မှာ Rouynaud’s disease ကြောင့် ဖြစ်တဲ့လက်ချောင်းထိပ်အနာဖြစ်ခြင်းကို ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။
  • တုပ်ကွေးရောဂါနှင့် အဆုတ်ရောင်ရောဂါကာကွယ်ဆေးများကို ပုံမှန်ထိုးခြင်းဖြင့် Scleroderma ကြောင့် ပျက်စီးသွားသော အဆုတ်ကို ကာကွယ်ပေးနိုင်ပါတယ်။
  • နာကျင်ခြင်းကို လျှော့ချပါ။ လွယ်လင့်တကူ ရရှိသော အကိုက်အခဲပျောက်ဆေးများနှင့် မသက်သာလျှင် သင့်ရဲ့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး အကိုက်အခဲပျောက်ကင်းအောင် လုပ်ဆောင်ပါ။

ကုထုံးများ

ကိုယ်ကာယ ကုထုံးပညာရှင်များက သင့်ကို

နာကျင်မှုကို စီမံခြင်း၊ ခံနိုင်ရည်စွမ်းရည်နှင့် လှုပ်ရှားမှုစွမ်းရည်တို့ကို မြှင့်တင်ပေးခြင်းနှင့်

နေ့စဉ်လုပ်ငန်းဆောင်တာများကို တစ်ကိုယ်ရည်တစ်ကိုယ်ရ လုပ်ဆောင်စေနိုင်ခြင်း တို့ကို ကူညီပေးနိုင်ပါတယ်။

ခွဲစိတ်ကုသခြင်း

Scleroderma ရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ ခွဲစိတ်ကုသမှုများကတော့

  • အခြေအနေဆိုးရွားသော ခြေချောင်းလက်ချောင်းများကို ဖြတ်တောက်ခြင်းနှင့်
  • အဆုတ်အစားထိုးကုသခြင်း တို့ ဖြစ်ပါတယ်။

Systemic Lupus crythemaosus ခေါ် သွေးလေးဖက်နာရောဂါ

  • Steroid မပါဝင်သော အကိုက်အခဲပျောက်ဆေးများ Naproxen sodium (Aleve) နှင့် Ibuprofen (Advil, Motrin IB နှင့် အခြားဆေးဝါးများ) မှာ နာကျင်ခြင်း၊ ရောက်ရမ်းခြင်းနှင့် Lupus (သွေးလေးဖက်နာ) ကြောင့် ဖြစ်တဲ့ဖျားနာခြင်းများကို ကုသရာမှာ အသုံးပြုပါတယ်။
  • ငှက်ဖျားပျောက်ဆေးများ Hydroxy chloroquine (plaquenil) မှာ သွေးလေးဖက်နာရောဂါကို ထိန်းချုပ် ပေးနိုင်ပါတယ်။
  • Prednisone နှင့် အခြား Steroid ဆေးများမှာ သွေးလေးဖက်နာရောဂါကြောင့် ဖြစ်တဲ့ရောင်ရမ်းခြင်းကို ပျောက်ကင်းစေပါတယ်။
  • ခန္ဓါကိုယ်ခုခံအား နိမ့်ကျစေသော ဆေးများမှာ ပြင်းထန်သော သွေးလေးဖက်နာရောဂါ ကြွချိန်များမှာ အသုံးပြုပါတယ်။ သုံးလေ့သုံးထရှိတဲ့ ဆေးများကတော့ Anathioprine (Imuron, Azasan), Mycophenolate (Cell Cept), Leflunomide (Aravo) နှင့် Methotrexate (Trexall) တို့ ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Connective tissue ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

Rheumatoid arthritis ခေါ် အဆစ်အမြစ်ရောင်ရောဂါ

  • ညင်သာသော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် အဆစ်ပတ်လည်ရှိ ကြွက်သားများကို အားကောင်းလာစေပြီး ခံစားနေရတဲ့ ပင်ပန်းနွမ်းနယ်မှုကိုလည်း တိုက်ခိုက်နိုင်ပါတယ်။
  • အပူဓါတ် (သို့)အအေးဓါတ်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေပြီး နာကျင်ပြီး တောင့်တင်းနေသော ကြွက်သားများကိုလည်း လျော့ကျစေပါတယ်။
  • စိတ်ဖိစီးမှုများကို ရှောင်ရှားခြင်းဖြင့် နာကျင်မှု ကင်းဝေးစေသော နည်းလမ်းများကို ရှာဖွေပါ။
  • Scleroderma

    • လေ့ကျင့်ခန်းပြုလုပ်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ခန္ဓါကိုယ်ကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှု အားကောင်းစေကာ တောင့်တင်းမှုများကို လျော့ချနိုင်ပါတယ်။
    • ဆေးလိပ်မသောက်ပါနှင့်။ နီကိုတင်းဓါတ်ဟာ သွေးကြောများကို ကျုံစေတဲ့အတွက် Raynaud’s disease ကို ပိုမိုဆိုးရွားစေပါတယ်။ ဆေးလိပ်သောက်ခြင်းဖြင့် သွေးကြောကျဉ်းရောဂါကိုလည်း ဖြစ်စေပါတယ်။
    • ရင်ပူခြင်းကို စီမံပါ။ ရင်ပူစေသော (သို့) လေချဉ်တတ်စေသော အစားအစာများကို ရှောင်ကြဉ်ပါ။ ညစာ နောက်ကျမှစားခြင်း ကိုလည်း ရှောင်ကြဉ်ပါ။
    • အိပ်တဲ့အခါမှာ အစာအိမ်ထဲမှ အက်စစ်ဓါတ်များ အစာမျိုပြွန်အတွင်း မရောက်ရှိစေရန် ခေါင်းအုံးကို မြှင့်ပြီးအိပ်ပါ။ အက်စစ်ဓါတ်လျော့ကျစေတဲ့ ဆေးများဟာလည်း ရောဂါလက္ခဏာများကို လျော့ကျစေပါတယ်။
    • အအေးဓါတ်လွန်ကဲခြင်းကို ကာကွယ်ပါ။ အအေးဓါတ်နှင့် ထိတွေ့ချိန်ကာကွယ်နိုင်ရန် လက်အိပ်ခြေအိပ်များ ဝတ်ဆင်ထားပါ။ ရေခဲသေတ္တာထဲမှ ပစ္စည်းအထုတ်အသွင်း ပြုလုပ်ရင်တောင် လက်အိပ်ဝတ်ထားပါ။

    Systemic Lupus crythematosus (SLE) ခေါ် သွေးလေးဖက်နာရောဂါ

    • လုံလောက်စွာ အနားယူပါ။
    • သွေးလေးဖက်နာရောဂါရှိတဲ့ လူနာများမှာ အမြဲတစေ ပင်ပန်းနွမ်းနယ်နေတတ်ပြီး ခဏတာ အနားယူရုံမျှနှင့် သာမန်ပင်ပန်းနွမ်းနယ်မှုကဲ့သို့ ပျောက်ကင်းမှု မရှိပါ။
    • လုံခြုံစွာ ဝတ်ဆင်ပါ။ အပြင်ထွက်တဲ့အခါတိုင်းဦးထုပ်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည်နှင့် SPF (၁၁)ဆ ပါဝင်သော Suncream လိမ်းပြီးမှ အပြင်ထွက်ပါ။
    • လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
    • ဆေးလိပ်မသောက်ပါနှင့်။
    • ကျန်းမာပြီး အာဟာရပြည့်ဝသော စားသောက်မှုပုံစံကို ကျင့်သုံးပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement