backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Colposcopy And Cervical Biopsy (သားအိမ်မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်း)


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Colposcopy And Cervical Biopsy (သားအိမ်မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Colposcopy နဲ့ cervical biopsy ဆိုတာဘာလဲ?

Colposcopy ဆိုတာ မိန်းမ အင်္ဂါ၊ မိန်းမကိုယ် လမ်းကြောင်း နဲ့ သားအိမ်ခေါင်းအ၀ စတဲ့နေရာတွေကို ကြည့်ဖို့အတွက် ဆရာဝန်တွေ အသုံးပြုတဲ့ အထူးချဲ့ထွင်ကြည့်သောကိရိယာ တစ်ခုဖြစ်ပါတယ်။ colposcopy ကြည့်ပြီး ပြသနာတစ်ခုခုတွေ့ရှိပါက အသားစအနည်းငယ်ကို သားအိမ်ခေါင်းအဝမှ ယူနိုင်ပါတယ်။ အဲဒီ အသားစ နမူနာကို Microscope (အနုကြည့်မှန်ပြောင်း)အောက်မှာ ကြည့်နိုင်ပါတယ်။

Colposcopy ကို Pap test စစ်ဆေးချက်အဖြေက ပုံမှန်မဟုတ်ခဲ့ရင် မိန်းမကိုယ် လမ်းကြောင်းနဲ့ သားအိမ်ခေါင်းဝကို ကြည့်ရှုဖို့ လုပ်ဆောင်လေ့ရှိပါတယ်။Pap test စစ်ဆေးချက်အဖြေကို ပုံမှန်မဟုတ်စေတာ အများစုက HPV (human papillomavirus) ဗိုင်းရပ်စ် နဲ့ ဘက်တီယီးယား၊ fungi (မှို) (သို့) protozoa လို့ခေါ်တဲ့ အခြား ရောဂါပိုးတွေကြောင့်လည်း ဖြစ်ပါတယ်။

ရာသီသွေးဆုံးခြင်းကြောင့် ဖြစ်တဲ့ atrophic vaginitis လို့ခေါ်တဲ့ သားအိမ် ဆဲလ်တွေပုံမှန်ဖြစ်စဉ်အရ ပြောင်းလဲသွားခြင်း ကလည်း Pap စစ်ဆေးချက်အဖြေကို ပုံမမှန်တာမျိုးဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ မကုသဘဲထားတဲ့ သားအိမ်ခေါင်း ဆဲလ်တွေပြောင်းလဲမှုဖြစ်ပြီး Pap စစ်ဆေးချက်မှာ ပုံမမှန်တဲ့ အဖြေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပိုင်းမှာ ကင်ဆာ အထိဖြစ်လာနိုင်ပါတယ်။

Colposcopy ကြည့်နေစဉ်မှာ ဆရာဝန်က binocular တစ်စုံနဲ့ တူတဲ့ လင်းနေတဲ့ ချဲ့ကားကြည့်နိုင်တဲ့ စက်ပစ္စည်းတစ်ခု( colposcope) ကို အသုံးပြုပါလိမ့်မယ်။ colposcope ဟာ သာမာန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပြသနာတွေကို ဆရာဝန်ကို မြင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီ colposcope ဟာ ကင်မရာတစ်ခုနဲ့ ချိတ်ဆက်ထားပြီး မိန်းမကိုယ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်းအ၀ စတဲ့ နေရာတွေရဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူထားပေးမှာ ဖြစ်ပါတယ်။

ဆရာဝန်က ပြသနာတွေကို ပိုရှင်းရှင်းလင်းလင်းမြင်နိုင်အောင် acetic acid (ဗီနီဂါ) ၊ တစ်ခါတစ်လေ အိုင်အိုဒင်း (Lugol’s solution) ကို ဂွမ်းစလေးနဲ့ယူပြီး မိန်းမကိုယ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်းအ၀ တွေမှာ သုတ်လိမ်းတာမျိုး လုပ်ဆောင်နိုင်ပါတယ်။

ရောဂါလက္ခဏာများ

သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်းကို ဘာကြောင့်လုပ်ဆောင်ရသလဲ?

သားအိမ် မှန်ပြောင်းကြည့်ခြင်း ကို သားအိမ်ခေါင်း ကင်ဆာ နဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်လာစေနိုင်တဲ့ ပြောင်းလဲချက်တွေကို စစ်ဆေးဖို့ အတွက် လုပ်ဆောင်ပါတယ်။

Pap smear အဖြေပုံမှန် မဟုတ်တဲ့အခါမျိုးမှာလည်း တစ်ခါတစ်လေ လုပ်ဆောင်လေ့ရှိပါတယ်။ လိင်ဆက်ဆံပြီး ချိန်မှာ သွေးထွက်ရင်လည်း ဒီ မှန်ပြောင်းကြည့်ခြင်းကို လုပ်ဆောင်သင့်ပါတယ်။

သင့်ကျန်းမာရေး စောင့်ရှာက်သူက ခန္ဓါကိုယ် အောက်ပိုင်းစမ်းသပ်တဲ့အချိန်မှာ သားအိမ်ခေါင်းနေရာမှာ ပုံမမှန်တာ တစ်ခုခုတွေ့ခဲ့မယ်ဆိုရင်လည်း သားအိမ် မှန်ပြောင်းကြည့်တာကို လုပ်ရလေ့ရှိပါတယ်။ ပုံမမှန်တာတွေကတော့

  • သားအိမ်ခေါင်းမှာ (သို့) မိန်းမကိုယ် တစ်နေရာရာမှာ ပုံမမှန်ကြီးထွားနေမှု။
  • လိင်အင်္ဂါ မှာ ရေယုန်ပေါက်ခြင်း(သို့) HPV။
  • သားအိမ်ခေါင်း ယားယံခြင်း၊ ယောင်ယမ်းခြင်း။ တို့ပါဝင်ပါတယ်။

HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို စစ်ဆေးဖို့ နဲ့ ကုသပြီးနောက်ပိုင်း ပြန်ဖြစ်နိုင်တဲ့ ပုံမမှန်တဲ့ ပြောင်းလဲချက်တွေ ကို ရှာဖွေဖို့ အတွက်လည်း မှန်ပြောင်းကြည့်နိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်းကို မလုပ်ဆောင်ခင် ဘာတွေကြိုသိထားသင့်သလဲ?

သားအိမ်မှန်ပြောင်းကြည့်တာကို သားအိမ်ခေါင်း ကင်ဆာဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေ အတွက် စစ်ဆေးတဲ့ စစ်ဆေးချက်အနေနဲ့ သုံးလေ့မရှိပါဘူး။ အဲဒီအတွက်က pap test ကို လုပ်ဆောင်ပါတယ်။ pap test မှာ ပုံမမှန်တာတွေ့ခဲ့ရင်တော့ သားအိမ် မှန်ပြောင်းကြည့်ခြင်း ဖြင့်သင်နဲ့ သင့်ဆရာဝန်အတွက် ပိုသေချာတဲ့ အချက်အလက်တွေရယူနိုင်ပါတယ်။

သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်းအဖြေတွေက ပုံမှန်ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ သားအိမ်ခေါင်းကင်ဆာကို ဖြစ်လာစေနိုင်တဲ့ ဆဲလ်ပြောင်းလဲခြင်းတွေ မရှိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်က သင့်ကို အချိန် အနည်းငယ်လောက် ထပ်ပြီး pap tests တွေကို လုပ်စေချင်တာမျိုးရှိနိုင်ပါတယ်။

Pap test ရော၊ သားအိမ်မှန်ပြောင်းကြည့်တာရော၊ သားအိမ်ခေါင်း အသားစယူထားတာရောက မတူညီတဲ့ အဖြေရလဒ်တွေ ပြနေမယ်ဆိုရင်တော့ နောက်ထပ် အသားစတစ်မျိုး ထပ်ယူဖို့လိုအပ်နိုင်ပါတယ်။

HIV ရောဂါပိုးရှိတဲ့ အမျိုးသမီးတွေဟာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ဖို့ အခွင့်အရေးပိုများတာတွေ့ရပါတယ်။ ဒါ့ကြောင့် ပုံမှန်မဟုတ်တဲ့ Pap test အဖြေရပြီး HIV ရောဂါပိုးလည်းရှိနေတယ်ဆိုရင်တော့ မှန်ပြောင်းကြည့်ဖို့ လိုအပ်ပါတယ်။

သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်းအတွက် ဘယ်လို ပြင်ဆင်ထားရမလဲ?

သင့်ရာသီလာချိန်၊ သွေးဆင်းချိန် အပြီး တစ်ပတ်လောက်မှာ အသားစယူဖို့ လုပ်ဆောင်သင့်ပါတယ်။ အဲလို လုပ်ခြင်းက သင့်ဆရာဝန်အတွက် သန့်စင်တဲ့ နမူနာရဖို့ ပိုလွယ်ကူစေပါတယ်။ သောက်နေရတဲ့ဆေးတွေနဲ့ ပတ်သတ်ပြီး မိန်းမရောဂါ အထူးကု နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မစစ်ဆေးခင် သွေးထွက်တာကို ပိုများစေနိုင်တဲ့ ဆေးတွေသောက်နေတာကို ရပ်ခိုင်းပါလိမ့်မယ်။ အဲဒီဆေးတွေကတော့

  • Aspirin
  • Ibuprofen
  • Naproxen
  • Warfarin တို့ဖြစ်ပါတယ်။

အသားစ မယူခင် ၂၄ နာရီအတွင်းမှာ tampons တွေသုံးတာ၊မိန်းမကိုယ် လိမ်းဆေး ခရင် တွေသုံးတာကို ရှောင်ရပါမယ်။ အဲဒီ အချိန်အတော အတွင်းမှာ လိင်ဆက်ဆံတာကို လည်း ရှောင်ကြဉ်ရပါမယ်။

Cone အသားစ ယူခြင်း၊ (သို့) အခြား မေ့ဆေးအသုံးပြုရန် လိုအပ်တဲ့ သားအိမ်ခေါင်း အသားစယူခြင်း အမျိုးအစား တစ်ခုခု လုပ်ဆောင်တော့မယ် ဆိုပါက ညဉ့်နက်နောက်ပိုင်း (သို့) မလုပ်ဆောင်ခင် အနည်းဆုံး ၈နာရီ မှာ အစာ မစားဘဲ နေရပါမယ်။

ချိန်းဆိုထားတဲ့ရက်မှာ ဆရာဝန်က သင့်ကို စစ်ဆေးမည့်နေရာကို မလာခင်မှာ ပါရာစီတမော (သို့) အခြား အနာ သက်သာဆေး တစ်ခုခု သောက်လာဖို့ အကြံပေး နိုင်ပါတယ်။ အသားစယူပြီး သွေးအနည်းငယ်ထွက်နိုင်တဲ့ အတွက် မိန်းမသုံး pads( အခံပစ္စည်း) တစ်ချို့ယူလာသင့်ပါတယ်။ သင့်ကို အိမ်ပြန်ပို့ပေးဖို့ မိသားစုဝင် (သို့) သူငယ်ချင်း တစ်ယောက်ယောက် ခေါ်လာဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်း လုပ်ဆောင်နေစဉ် ဘာတွေ ဖြစ်နိုင်သလဲ?

ခန္ဓါကိုယ်အောက်ပိုင်း၊ pap test စစ်ဆေးတုန်းက လိုပဲ ကုတင်တစ်ခု အပေါ်မှာ သင်ဟာနောက်ကျောနဲ့ လှဲနေရပါမယ်။ ခြေထောက်တွေက အထောက်အခံ တစ်ခုခုနဲ့ ထားရှိပါမယ်။

ဆရာဝန်က သင့် မိန်းမကိုယ်လမ်းကြောင်းထဲကို speculum လို့ခေါ်တဲ့ အပေါက်ကိုချဲ့ကားပေးနိုင်တဲ့ သတ္တု ပစ္စည်းတစ်မျိုးကို ထည့်ပါမယ်။ speculum ဟာ မိန်းမကိုယ် နံရံတွေကို ပွင့်အောင်ခံထားပေးခြင်း ဖြင့် ဆရာဝန်က သားအိမ်ခေါင်းကို မြင်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

ဆရာဝန်က colposcope လို့ခေါ်တဲ့ ချဲ့ထွင်ကြည့် ကိရိယာကို မိန်းမအင်္ဂါ နဲ့ လက်မ အနည်းငယ် အကွာမှာ နေရာချပါလိမ့်မယ်။ အလင်းရောင်က မိန်းမကိုယ်လမ်းကြောင်း ထဲကို ပြသပေးပါမယ်။ ဆရာဝန်က အဲဒီ အလင်းရောင်ကို သုံးပြီး binocular မှန်ပြောင်းကတစ်ဆင့် ကြည့်နိုင်ပါတယ်။

သင့် မိန်းမကိုယ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်းမှာရှိတဲ့ အချွဲတွေ ရှင်းလင်းသွားအောင် ဂွမ်းစတစ်ချို့နဲ့ သုတ်ပါလိမ့်မယ်။ ဆရာဝန်က ဗီနီဂါ (သို့) အခြား အရည်တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသေးတယ်။ အနည်းငယ်လောင်သလို၊ စူးသလိုလို ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ အဲဒီ အရည်တွေက သံသယရှိတဲ့ ဆဲလ်တွေရှိနေတဲ့နေရာတွေကို အရောင်တောက်လာအောင် ကူညီပေးနိုင်ပါတယ်။

ဆရာဝန်က သံသယရှိစရာ နေရာတစ်ခုခုတွေ့ပါက အသာစ၊ တစ်ရှုး အနည်းငယ်ကို ယူပြီး ဓါတ်ခွဲခန်းကို စစ်ဆေးဖို့ ပို့ဆောင်နိုင်ပါတယ်။ အသားစယူဖို့ အတွက် ဆရာဝန်အနေနဲ့ ချွန်ထက်တဲ့ အသားစယူတဲ့နေရာမှာ သုံးတဲ့ ကိရိယာကို သုံးပြီး သေးငယ်တဲ့အသားစ ကို ဖယ်ထုတ်ယူနိုင်ပါတယ်။ သံသယရှိဖွယ်နေရာ အများအပြားရှိနေပါက အသားစ အများအပြား နမူနာယူနိုင်ပါတယ်။

အသားစ ယူတဲ့နေရာကို သွေးအလွန်အကျွံမထွက်အောင် ထိန်းဖို့ ဓါတု အရည်တစ်ခု အသုံးပြုပါလိမ့်မယ်။

သားအိမ်မှန်ပြောင်းကြည့်တာကို ဆရာဝန်ရဲ့ ရုံးခန်းထဲမှာ လုပ်ဆောင်လေ့ရှိပါတယ်။ ဒီစစ်ဆေးချက် တစ်ခုလုံး လုပ်ဆောင်ဖို့ ၁၀ မိနစ် မှ ၂၀ မိနစ် လောက်ထိကြာလေ့ရှိပါတယ်။

ပြန်လည်သက်သာလာခြင်း

သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်း လုပ်ပြီးနောက် ဘာတွေဖြစ်နိုင်သလဲ?

အသားစ ယူရတယ်ဆိုရင်တော့ သင့် မိန်းမကိုယ်မှာ ၁ရက် ၊ ၂ရက်လောက်တော့ နာကျင်မှု အနည်းငယ် ခံစားရနိုင်ပါတယ်။ အသားစယူပြီး တစ်ပတ်လောက်ထိတော့ မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ အရည်တွေဆင်းခြင်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန် ဖြစ်လေ့ရှိတာပါ။ Monsel’s solution ကို အသုံးပြုထားတယ်ဆိုရင်တော့ ဆင်းတဲ့အရည်တွေက အရောင်ရင့်ပါလိမ့်မယ်။

သွေးဆင်းခြင်းအတွက် သန့်စင်တဲ့ pad ( အခံပစ္စည်း) တွေ သုံးနိုင်ပါတယ်။ သားအိမ်ကို အနာပြန်ကျက်အောင် အချိန်ပေးဖို့ လိုတဲ့အတွက် လိင်ဆက်ဆံခြင်း၊ tampons အသုံးပြုခြင်း တို့ တစ်ပတ်လောက်မလုပ်ဖို့ လိုအပ်ပါတယ်။ မှန်ပြောင်းကြည့်ပြီး တစ်ရက်မှာ လေ့ကျင့်ခန်းမလုပ်ရပါဘူး။

ဆရာဝန် ညွှန်ကြားလိုက်တဲ့ အချက်တွေကို လိုက်နာရပါမယ်။

သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစယူခြင်း နဲ့ ပတ်သတ်ပြီး မေးစရာရှိပါကဆရာဝန်နှင့် ဆက်လက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ရလဒ်အဖြေကို သိနားလည်ခြင်း။

စစ်ဆေးချက်ရလဒ်က ဘာကိုဆိုလိုသလဲ?

ဆရာဝန်က သူ မှန်ပြောင်းကြည့်ပြီး ဘာတွေတွေ့သလဲဆိုတာကို ပြောပြပါလိမ့်မယ်။ အသားစ ယူထားတဲ့ ဓါတ်ခွဲခန်းရလဒ်က တော့ ရက်အနည်းငယ် (သို့) အဲဒီ ထက်ပိုကြာနိုင်ပါတယ်။

သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစ ယူခြင်း

ပုံမှန်ရလဒ် အဖြေများ

အိုင်အိုဒင်း နှင့် ဗီနီဂါ သုံးပြီးကြည့်ခြင်းမှာ ပုံမမှန်တဲ့ တစ်ရှုးတွေ မတွေ့ရခြင်း။ မိန်းမကိုယ်လမ်းကြောင်းရော၊ သားအိမ်ခေါင်းရော ပုံမှန်ဖြစ်နေခြင်း။ အသားစ နမူနာမှာ ပုံမမှန်တဲ့ ဆဲလ်တွေ မရှိနေခြင်း။

ပုံမမှန်တဲ့ရလဒ် အဖြေများ

အိုင်အိုဒင်း နှင့် ဗီနီဂါ သုံးပြီးကြည့်ခြင်းမှာ ပုံမမှန်တဲ့ တစ်ရှုးတွေ ရှိနေခြင်း။ ရေယုန်(သို့) ပိုးဝင်ခြင်းကဲ့သို့ အခြား အနာများနဲ့ ပြသနာများကို မိန်းမကိုယ်၊ သားအိမ်ခေါင်း(သို့) အနီးအနားတွင်တွေ့ရခြင်း။ အသားစ နမူနာမှာ ပုံမမှန်တဲ့ ဆဲလ်တွေ ရှိနေခြင်း။ သားအိမ်ခေါင်း ကင်ဆာဖြစ်လာနိုင်ခြေရှိ၊ (သို့) ဖြစ်နေ သည်ဟု သိရှိနိုင်သည်။

ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး သားအိမ် မှန်ပြောင်းကြည့်ခြင်း နဲ့ သားအိမ်ခေါင်း အသားစ ယူခြင်းအတွက် ပုံမှန်ရလဒ် အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement