Colon Polyps (အူမကြီးအသားပိုများ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Colon Polyps (အူမကြီးအသားပိုများ) ကဘာလဲ။

အူမကြီး အသားပိုသည် အူမကြီး နံရံတွင် ဖြစ်တည်နေသော သေးငယ်သော ဆဲလ်အစုအဝေးတစ်ခုဖြစ်သည်။ အူမကြီးအသားပို အများစုသည် အန္တရာယ်မရှိပါ။ သို့သော် အချို့  အူမကြီး အသားပိုများသည် အူမကြီးကင်ဆာ အဖြစ်သို့ ပြောင်းလဲနိုင်ပြီး နောက်ပိုင်းအဆင့်ရောက်မှ သိရလျှင် သေတောင်သေစေနိုင်ပါသည်။

အူမကြီးအသားပိုများသည် အူမကြီးတွင် ဖြစ်ပေါ်ပါသည်။ အူမကြီးအသားပို အများစု၏ ဖြစ်ရခြင်းအကြောင်းရင်းများကို မသိရှိရပါ။

အူမကြီိးမှန်ပြောင်းကြည့်ခြင်း ကဲ့သို့သော ပုံမှန် ပဏာမ စစ်ဆေးမှုများသည် မရှိမဖြစ်လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အူမကြီး အသားပိုများသည် အစောပိုင်းအဆင့်များတွင် တွေ့ရှိရလျှင် ဘေးကင်းစိတ်ချစွာ အပြည့်အ၀ ဖယ်ရှားလို့ရသည်။ အူမကြီးကင်ဆာအကောင်းဆုံး ကြိုတင်ကာကွယ်သောနည်းမှာ အသားပိုများကို ပုံမှန်စစ်ဆေးခြင်း ဖြစ်သည်။

Colon Polyps (အူမကြီးအသားပိုများ) က ဘယ်လောက်အဖြစ်များသလဲ

၎င်းသည် ဘယ်အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားစေသော အန္တရာယ်များကို ရှောင်ကြဉ်ခြင်းဖြင့် စီမံနိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများအတွက် ဆရာဝန်နဲ့ တိုင်ပင်ပါ။

လက္ခဏာများ

Colon Polyps (အူမကြီးအသားပိုများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အကယ်၍ သင်သည် အူမကြီး အသားပိုရောဂါ ရှိနေလျှင် သင်ကြုံတွေ့ရမည့် ရောဂါလက္ခဏာများစွာ ရှိပါသည်။

  • စအိုမှ သွေးထွက်ခြင်း ။ ။ ၎င်း သည် အူမကြီး အသားပို (သို့) ကင်ဆာ (သို့) အခြားရောဂါများ (ဥပမာ။ လိပ်ခေါင်း (သို့) စအိုတွင် ထိခိုက်မှု အနည်းအကျဉ်းရှိခြင်း)။
  • ၀မ်းအရောင်ပြောင်းခြင်း ။ ။ ၀မ်းတွင် သွေးအမျှင်များပါလာခြင်း (သို့) ၀မ်းမဲမဲသွားခြင်း။ သို့သော် ၀မ်းအရောင်ပြောင်းခြင်းသည် အစားအသောက်၊ ဆေးဝါး နှင့် ဖြည့်စွက်စာများကြောင့်လည်း ဖြစ်နိုင်သည်။
  • ၀မ်းသွားသော အကျင့်ပြောင်းလဲခြင်း ။ ။ တစ်ပတ်ထက်ကျော်ပြီး ၀မ်းချုပ်ခြင်း (သို့) ၀မ်းပျက်ဝမ်းလျှောခြင်းသည် အူမကြီးအသားပိုရှိနေသော ကြောင့် ဖြစ်နိုင်သည်။ သို့သော် အခြားသော အခြေအနေများစွာကလည်း ၀မ်းသွားသော အကျင့်ပြောင်းလဲမှုကို ဖြစ်စေတတ်ပါသည်။
  • နာကျင်ခြင်း၊ ပျို့ အန်ခြင်း။ ။ ကြီးမားသော အူမကြီးအသားပိုများသည် သင့် အူလမ်းကြောင်းကို တစ်ပိုင်းတစ်စ ပိတ်ဆို့နိုင်သည်။ ထိုပိတ်ဆို့မှုက ၀မ်းဗိုက်နာကျင်ခြင်း၊ ပျို့ အန်ခြင်းများကို ဖြစ်စေပါသည်။
  • သံဓါတ်ချို့ တဲ့ အားနည်းခြင်း ။ ။   ၀မ်းထဲတွင် မြင်သာသော သွေးစ မပါသော်လည်း အသားပိုကနေ တဖြည်းဖြည်း သွေးထွက်နိုင်သည်။ နာတာရှည်သွေးထွက်ခြင်းသည် သင့်ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော သံဓါတ်ကို ဖယ်ရှားပစ်လိုက်သည်။ ထိုအရာသည် သွေးနီဥဆဲလ်များကို ခန္ဓာကိုယ်ဆီ အောက်ဆီဂျင်သယ်နိုင်ရန် ကူညီပေးသည်(ဟေမိုဂလိုဘင်)။ နောက်ဆုံးတွင် သံဓါတ်ချို့ တဲ့ သွေးအားနည်းခြင်း ကို ဖြစ်စေပြီး ပင်ပန်းနွမ်းနယ်ခြင်းနှင့် မောခြင်းကို ဖြစ်စေသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသော  လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အောက်ပါ လက္ခဏာများ ခံစားရလျှင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသည်။

  • ဗိုက်အောင့်ခြင်း
  • ၀မ်းတွင်း သွေးပါခြင်း
  • တစ်ပတ်ထက်ပိုပြီး ၀မ်းသွားသော အကျင့်ပြောင်းလဲခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Colon Polyps (အူမကြီးအသားပိုများ) ကိုဘာတွေကဖြစ်စေသလဲ

အူမကြီးအသားပို ဖြစ်စေသော အကြောင်းရင်းများကို သဲသဲကွဲကွဲ မသိရပါ။ သို့သော် အသားပိုများသည် ပုံမမှန် တစ်ရှုးကြီးထွားမှုများကြောင့် ဖြစ်နိုင်သည်။ ပျက်စီးသွားသော (သို့) ထပ်မလိုအပ်တော့သော ဆဲလ်အဟောင်းများကို အစားထိုးဖို့ ကျန်းမာသော ဆဲလ်အသစ်များကို ခန္ဓာကိုယ်က ပုံမှန် တည်ဆောက်ပေးသည်။ ဆဲလ်အသစ် ကြီးထွားခြင်းနှင့် ဆဲလ်ကွဲခြင်းကို ပုံမှန်အားဖြင့် ထိန်းချုပ်ထားပါသည်။

သို့သော် အချို့ အခြေအနေများတွင် ဆဲလ်အသစ်များသည် မလိုအပ်ဘဲ ဆဲလ်ပွားပြီး ဆဲလ်ကွဲကြသည်။ ထိုသို့ အလွန်အကျွံ ဆဲလ်ပွားမှုသည် အသားပိုများကို ဖြစ်စေသည်။ ထိုအသားပိုများသည် အူမကြီး၏ မည်သည့်နေရာတွင် မဆို ဖြစ်ပွားနိုင်ပါသည်။

 

ဖြစ်နိုင်ခြေများ

Colon Polyps (အူမကြီးအသားပိုများ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အူမကြီးအသားပို ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းရင်းများမှာ

  • အသက် ငါးဆယ်အထက်ဖြစ်ခြင်း
  • အ၀လွန်ခြင်း
  • အသားပို (သို့) အူမကြီးကင်ဆာ ဖြစ်ဖူးသော မိသားစု ရာဇ၀င်ရှိခြင်း
  • ယခင်က အသားပိုဖြစ်ဖူးခြင်း
  • အသက် ၅၀ မတိုင်ခင် မမျိုးဥအိမ်ကင်ဆာ (သို့) သားအိမ်ကင်ဆာ ဖြစ်ဖူးခြင်း
  • အူမကြီးရောင်ရမ်းစေသော ရောဂါများ ဥပမာ၊  ။ Crohn’ disease (သို့) အူမကြီး အနာဖြစ်ခြင်း
  • အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါရှိပြီး မထိန်းချုပ်နိုင်ခြင်း
  • Lynch syndrome (သို့) Gardner’s syndrome ကဲ့သို့သော မျိုးရိုးလိုက်သော ရောဂါ ရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရက် မကြာခဏသောက်ခြင်း
  • လှုပ်လှုပ်ရှားရှားမရှိသော ဘ၀နေထိုင်မှုပုံစံ
  • အဆီများသော အစားအသောက်များ စားခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Colon Polyps (အူမကြီးအသားပိုများ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သင့်ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကို အရင် စစ်ဆေးပါလိမ့်မည်။ အကယ်၍ အူမကြီး အသားပို သံသယရှိလျှင် ရောဂါအတည်ပြုဖို့ စစ်ဆေးမှု အချို့  ပြုလုပ်ရမည်။

  • ၀မ်းစစ်ခြင်း ။ ။ Fecal immunochemical test  နှင့် fecal occult blood test ကဲ့သို့သော ၀မ်းစစ်ဆေးမှုများတွင် ကင်ဆာ လက္ခဏာ စစ်ဆေးဖို့ ၀မ်းနမူနာယူရသည်။
  • အူမကြီး မှန်ပြောင်းကြည့်ခြင်း။ ။ ဤစစ်ဆေးမှုတွင် ဆရာဝန်က အူမကြီးထဲတွင် မှန်ပြောင်းသေးသေးလေးထည့်ပြီး အသားပိုကို ရှာဖွေကြည့်ရှုပါသည်။ ဆရာဝန်က ရှာတွေ့သော အသားပိုများကို ဖယ်ရှားနိုင်သည်။
  • Flexible sigmoidoscopy။ ။ ဤ စစ်ဆေးမှုသည် အူမကြီး မှန်ပြောင်းကြည့်ခြင်းနျင့် ဆင်တူပါသည်။ မတူသော အချက်မှာ ထည့်သော မှန်ပြောင်းသည် ပိုတိုခြင်းဖြစ်ပြီး ဆရာဝန်သည် အူမကြီး အဆုံးပိုင်းနားကိုသာ ကြည့်ရှုနိုင်သည်။ ဆရာဝန်သည် ဤစစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း အသားပိုများတွေ့ပါက ဖယ်ရှားနိုင်သည်။
  • အသုံးနည်းသော စစ်ဆေးမှုများမှာ ၀မ်းတွင်း DNA စစ်ဆေးမှု (sDNA) နှင့် အူမကြီး စီတီရိုက်ခြင်း ဖြစ်သည်။

Colon Polyps (အူမကြီးအသားပိုများ) ကို ဘယ်လိုကုသပါသလဲ

သင့်ဆရာဝန်သည် အူလမ်းကြောင်း စစ်ဆေးမှုပြုလုပ်နေစဉ် တွေ့ရသော အသားပိုအားလုံးကို ဖယ်ရှားပစ်ဖို့ များသည်။ ဖယ်ရှားနိုင်သော နည်းလမ်းများမှာ

  • ပဏာမစစ်ဆေးမှုပြုစဉ်အတွင်း ဖယ်ရှားခြင်း ။ ။ အသားပိုအများစုကို အသားစယူသော ညှပ် (သို့) ၀ိုင်ယာကွင်းနှင့် ဖယ်ရှားနိုင်ပါသည်။ အသားပိုကို ဖယ်ရှားရန် နံရံမှ ကြွတက်လာအောင် အသားပိုအောက်တွင် ဆေးအရည်ထိုးခြင်းဖြင့် ကူညီနိုင်သည်။ အကယ်၍ အသားပိုသည် ၂ စင်တီမီတာ ထက် ပိုကြီးလျှင် အသားပိုအောက်တွင် ဆေးထိုးပြီး ကြွတက်လာစေပြီး ဖယ်ရှားနိုင်သည်။ (မှန်ပြောင်းနှင့် အသားပို ဖြတ်ထုတ်ခြင်း)
  • ထိခိုက်မှု နည်းသော ခွဲစိတ်မှု(minimally invasive surgery) ။ ။ ကြီးလွန်းပြီး ပဏာမစစ်ဆေးစဉ် ရောက်ဖို့ ခက်ခဲသော နေရာမှ အသားပိုများကို များသောအားဖြင့် ဤခွဲစိတ်မှုနှင့် ဖယ်ရှားသည်။
  • အူမကြီးနှင့် အစာဟောင်းအိမ် ဖယ်ရှားမှု။ ။ အကယ်၍ သင့်တွင် ရှားပါးသော မျိုးရိုးလိုက်သည့်ရောဂါ ရှိလျှင် အူမကြီးနှင့် အစာဟောင်းအိမ်ဖယ်ရှားသည့် ခွဲစိတ်မှု လိုအပ်နိုင်သည်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အူမကြီး အသားပိုများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အူမကြီး အသားပိုကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် အစေ့အဆန်များကို စားပါ။
  • အဆီများသော အစားအသောက်များ၊ အနီရောင်အသားများ နှင့် ပြုလုပ်ထားသော အစားအသောက်များကို လျော့စားပါ။
  • အရက်လျော့သောက်ပါ။
  • ဆေးရွက်ကြီး အသုံးမပြုပါနဲ့။
  • လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေပါ။ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။
  • ကယ်လ်စီယမ်စားသုံးမှုအတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ လေ့လာမှုများအရ ကယ်လ်စီယမ် ထပ်တိုး စားသုံးခြင်းသည် အူမကြီး ရိုးရိုးအလုံးအကျိတ်များ ထပ်ခါထပ်ခါ ဖြစ်ပွားမှုကို ကာကွယ်ဖို့ ကူညီပေးပါသည်။ သို့သော် ကယ်လ်စီယမ်သည် အူမကြီးကင်ဆာကို ကာကွယ်နိုင်သော အကျိုးကျေးဇူးရှိမရှိကိုတော့ သဲသဲကွဲကွဲ မသိရပါ။
  • Aspirin (အက်စပရင်) ပြဿနာများ။ ။ ပုံမှန် အက်စပရင် အသုံးပြုခြင်းသည် အသားပို ဖြစ်ပွားမှု အန္တရာယ်ကို လျော့ချပေးပါသည်။ သို့သော် အက်စပရင် အသုံးပြုမှုသည် အစာအိမ်အူလမ်းကြောင်း သွေးယိုစိမ့်မှုကို အန္တရာယ်မြင့်မားစေပါသည်။ ထို့ကြောင့် ဆေး မသောက်မီိ ဆရာဝန်နဲ့ အရင်တိုင်ပင် စစ်ဆေးပါ။
  • မိသားစု ရာဇ၀င်။ ။ အကယ်၍ မိသားစုထဲတွင် အူမကြီး အသားပို ဖြစ်ဖူးသော သူရှိလျှင် မျိုးရိုးဗီဇ စစ်ဆေးမှု ပြုလုပ်သင့်သည်။ အကယ်၍ အူမကြီး အသားပိုဖြစ်စေသော မျိုးရိုးလိုက်သည့်ရောဂါ ရှိနေလျှင် သင်သည် ငယ်ရွယ်စဉ် ကတည်းက ပုံမှန် အူမကြီး မှန်ပြောင်းစစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ