Cholera - Vibrio Cholerae Infection (ကာလ၀မ်းရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cholera – Vibrio Cholerae Infection (ကာလ၀မ်းရောဂါ) ကဘာလဲ။

ကာလ၀မ်းရောဂါဆိုတာ ပြင်းထန်ပြီး ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါ တစ်မျိုးပါ။ ကာလ၀မ်းရောဂါ ဖြစ်ပြီဆိုရင် ပြင်းထန်တဲ့ ၀မ်းလျှောခြင်းနဲ့ ရေဓါတ်လျော့နည်းခမ်းခြောက်သွားခြင်း တွေကို ဖြစ်စေနိုင်ပြီး စောစောစီးစီး ကုသမှုမခံယူလိုက်ဘူးဆိုရင် အသက်ပါ ဆုံးရှုံးရနိုင်ပါတယ်။

Cholera – Vibrio Cholerae Infection (ကာလ၀မ်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကာလ၀မ်းရောဂါဟာ သန့်ရှင်းမှု နည်းပါးတဲ့နေရာတွေ၊ လူထူထပ်တဲ့နေရာတွေ၊ စစ်ပွဲတွေ နဲ့ အစားအစာ မလောက်တဲ့နေရာ တွေမှာ အရမ်း အဖြစ်များပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ နေရာဒေသတွေကတော့ အာဖရိက၊ တောင်အာရှ၊ လက်တင် အမေရိက တို့ပဲ ဖြစ်ပါတယ်။ ဘယ်အသက်အရွယ် မဆို ဖြစ်နိုင်ပေမယ့် ကလေးတွေမှာ ဖြစ်ရင်တော့ ပိုပြီး အန္တရာယ်ရှိပါတယ်။ ဒီရောဂါကို ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေကို လျှော့ချလိုက်ခြင်းအားဖြင့်ရောဂါ ကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် အချက်အလက်တွေရယူနိုင်ဖို့ အတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

လက္ခဏာများ

Cholera – Vibrio Cholerae Infection (ကာလ၀မ်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကာလ၀မ်းရောဂါရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ?

Vibrio cholera လို့ခေါ်တဲ့ ကာလ၀မ်းရောဂါပိုး ကူးစက်ခံရတဲ့ လူတော်တော်များများဟာ နေမကောင်းမဖြစ်ကြသလို ကူစက်ခံခဲ့မှန်းလည်း မသိကြပါဘူး။ ဒါပေမယ့် သူတို့တွေဟာ ကူးစက်ခံရပြီး ၇ရက်မှ ၁၄ရက် အတွင်း အဲဒီ ကာလ၀မ်းရောဂါပိုးတွေကို သူတို့ရဲ့ မစင်တွေထဲမှာ စွန့်ထုတ်လိုက်ကြပြီး အဲဒီမစင်တွေမှ တစ်ဆင့် မြေအောက်ရေထဲကို ထိတွေ့ကူးစက်သွားပြီး ရောဂါပိုးရှိတဲ့ရေမှ တစ်ဆင့် အခြားသူတွေကို ဆက်လက် ကူးစက်စေနိုင်ပါတယ်။ကာလ၀မ်းရောဂါရဲ့ အဖြစ်များတဲ့ ရောဂါ လက္ခဏာကတော့ အနည်းငယ်မှ အလယ်အလတ်ပမာဏလောက် ၀မ်းလျှောခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အဲလို ၀မ်းလျှောခြင်းက အခြားအကြောင်းအရာတွေကြောင့် ဖြစ်တတ်တဲ့ ၀မ်းလျှောခြင်းနဲ့ခွဲခြားရခက်ပါတယ်။

ကာလ၀မ်းရောဂါပိုးကူးစက်ခံရသူ ၁၀မှာ ၁ယောက်လောက်ပဲ ကူးစက်ခံရပြီး ရက်အနည်းငယ်အကြာမှာ ကာလ၀မ်းရောဂါရဲ့ ရောဂါ လက္ခဏာတွေ ပြကြပါတယ်။

ကာလ၀မ်းရောဂါရဲ့ ရောဂါ လက္ခဏာတွေကတော့

  • ၀မ်းလျှောခြင်း။
  • မူးဝေ၊အန်ချင်စိတ်ဖြစ်ပြီး အန်ခြင်း။
  • ရေဓါတ်ကုန်ခမ်းသွားခြင်း။
  • သတ္တုဓါတ်တွေ မညီမျှတော့ခြင်း။ ကြွက်တက်ခြင်းနဲ့ ရှော့ခ် ရခြင်း။ မကုသဘဲထားပါက ရေဓါတ်ဆုံးရှုံးခြင်းကြောင့် ရှော့ခ်ဝင်ပြီး မိနစ်အနည်းငယ်အတွင်းသေစေနိုင်ပါတယ်။
  • အသိ၊ သတိ မရှိတော့ခြင်း။
  • တက်ခြင်း။
  • သတိမေ့ခြင်း။

အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကာလ၀မ်းရောဂါ ဖြစ်နိုင်ချေနည်းပါးပါတယ်။ အစားအသောက် ဆင်ခြင်စားမယ်ဆိုရင် ရောဂါ အစုလိုက် အပြုံလိုက်ဖြစ်နေတဲ့နေရာတွေမှာတောင်မှ ကူးစက်ခံရနိုင်ချေအရမ်းနည်းပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ ကာလ၀မ်းရောဂါ နည်းနည်းစီဖြစ်နေတုန်းပါပဲ။ ကာလ၀မ်းရောဂါ ဖြစ်နေတဲ့ နေရာကို သွားရောက်ပြီးနောက် ၀မ်း အရမ်းလျှောလာရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။

တကယ်လို့သင်ဝမ်းလျှောနေပြီဆိုရင် ( ၀မ်းလျှောခြင်းဟာ အထူးသဖြင့် ပြင်းထန်တယ်ဆိုရင်) (သို့) သင့်မှာကာလ၀မ်းရောဂါ ဖြစ်နေပြီလို့ထင်ရင် ချက်ချင်းကုသမှုခံယူဖို့ လုပ်ဆောင်ရပါမယ်။ ပြင်းထန်တဲ့ရေဓါတ်ခမ်းခြောက်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ဘာအကြောင်းကြောင့် ပဲ ဖြစ်ဖြစ် ချက်ချင်း ဂရုစိုက်ကုသရပါမယ်။

 

အကြောင်းရင်းများ

Cholera – Vibrio Cholerae Infection (ကာလ၀မ်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Vibrio cholerae လို့ခေါ်တဲ့ ဘက်တီးယီးယားပိုးက ကာလ၀မ်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ကာလ၀မ်းရောဂါရဲ့ သေစေနိုင်လောက်တဲ့ အထိ ဖြစ်စေနိုင်တဲ့ထိခိုက်မှုတွေကတော့ အဲဒီ ဘက်တီးယီးယားတွေ အူအတွင်းရောက်သွားတဲ့အခါ ထုတ်လုပ်လိုက်တဲ့ CTX လို့ခေါ်တဲ့ အဆိပ်အတောင့်တစ်မျိုးကြောင့်ဖြစ်ပါတယ်။ CTX ဟာ အူနံရံကို သွားပေါင်းလိုက်ပြီး ပုံမှန်ရှိနေတဲ့ ဆိုဒီယမ်နဲ့ ကလိုရိုက် သတ္တုဓါတ်တွေကို သွားနှောက်ယှက်ပါတယ်။ အဲလို နှောက်ယှက်ခြင်းဟာ ခန္ဓာကိုယ်မှ ရေတွေအများကြီးကို စစ်ထုတ်လိုက်တာမျိုးကို ဖြစ်သွားစေပြီး ၀မ်းလျှောခြင်းနဲ့ အရည်ဓါတ်၊ သတ္တုဓါတ်ဆုံးရှုံးခြင်း တွေကို ဖြစ်လာစေပါတယ်။

အခွံပါငါး အစိမ်း၊ မချက်ပြုတ်ထားသော အသီး၊ ဟင်းသီးဟင်းရွက်များ နဲ့ အခြားအစားအစာတွေက ဒီရောဂါပိုးကို သယ်ဆောင်နိုင်ပေမယ့် ရောဂါပိုးနဲ့ ထိတွေ့ကူးစက်ခံရတဲ့ရေဟာ ကာလ၀မ်းရောဂါပိုး ဖြစ်စေမယ့် အဓိက အရင်းအမြစ်ပဲဖြစ်ပါတယ်။

ဒီကာလ၀မ်းရောဂါပိုးဟာ နှစ်နေရာမှာ အသက်ရှင်နေနိုင်ပါတယ်။ တစ်ခုက ပတ်ဝန်းကျင်မှာ ဖြစ်ပြီး နောက်တစ်နေရာက လူတွေမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Cholera – Vibrio Cholerae Infection (ကာလ၀မ်းရောဂါ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ကာလ၀မ်းရောဂါ ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲဒါတွေကတော့

  • သန့်ရှင်းမှု နည်းပါးခြင်း။
  • အဲလို အခြေအနေတွေဟာ ဒုက္ခသည်စခန်းတွေ၊ ဆင်းရဲတဲ့နိုင်ငံတွေ၊ အစားအစာရှားပါးတဲ့နေရာတွေ၊ စစ်ဖြစ်တဲ့နေရာတွေ(သို့) သဘာဝ ဘေးအန္တရာယ် ဖြစ်တဲ့နေရာတွေ မှာ အဖြစ်များပါတယ်။
  • အစာအိမ်မှ အက်ဆစ်ထုတ်လုပ်မှု နည်းခြင်း(သို့) မရှိခြင်း။
  • အိမ်သားတွေမှာ ကာလ၀မ်းရောဂါ ဖြစ်ပွားနေခြင်း။
  • O သွေးပိုင်ဆိုင်ခြင်း။
  • အစိမ်း(သို့) မကျက်တကျက်စားခြင်း။

 

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cholera – Vibrio Cholerae Infection (ကာလ၀မ်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

အစုလိုက် အပြုံလိုက် ရောဂါ ဖြစ်တဲ့နေရာတွေမှာ ဆိုရင် ဒီလို ပြင်းထန် ကာလ၀မ်းရောဂါ ရဲ့ ရောဂါ လက္ခဏာတွေ ဟာ မှားနိုင်တဲ့အတွက် ရောဂါ အမည် သေချာ သတ်မှတ်ဖို့ မစင်ကို နမူနာယူပြီး ဘက်တီးယီးယား အကောင်ကို ရှာဖွေရပါမယ်။

ဒီကာလ၀မ်းရောဂါကို စောစောစီးစီး ရောဂါ အမည်သတ်မှတ်နိုင်အောင် အခုနောက်ပိုင်းမှာ မြန်မြန်စစ်ဆေးနိုင်တဲ့စစ်ဆေးချက်တွေ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ မြန်မြန် ရောဂါကို သေချာသိနိုင်ခြင်းကြောင့် ကာလ၀မ်းရောဂါ ဖြစ်လာတဲ့ အခါ သေနှုန်းကို လျော့ကျစေနိုင်ပြီး ရောဂါ ဖြစ်ပွားတာကို စောစီးစွာထိန်းချုပ် နိုင်စေပါတယ်။

Cholera – Vibrio Cholerae Infection (ကာလ၀မ်းရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကာလ၀မ်းရောဂါ ဖြစ်လာပြီဆိုရင်တော့ ဒီရောဂါက ဖြစ်ပြီးနာရီ ပိုင်းအတွင်းမှာ သေဆုံးမှုကို ဖြစ်စေနိုင်တဲ့ အတွက် ချက်ချင်းကုသမှုခံယူဖို့ လိုအပ်ပါတယ်။

  • ရောဓါတ်ပြန်လည် ဖြည့်တင်းပေးခြင်း။ လုပ်ဆောင်ဖို့လိုအပ်တာကတော့ ဆုံးရှုံးသွားတဲ့ ရေတွေနဲ့ သတ္တုဓါတ်တွေကို ရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ဖျော်ရည်၊ ဓါတ်ဆားတွေ အသုံးပြုပြီး ပြန်လည် ဖြည့်တင်းပေးဖို့ပါပဲ။ ရေဓါတ်ပြန်လည်ဖြည့်တင်းမပေးဘူးဆိုရင် ကာလ၀မ်းရောဂါဖြစ်တဲ့သူတွေရဲ့ ထက်ဝက်ဟာ သေနိုင်ပါတယ်။ ကုသမှုသာ ခံယူလိုက်မယ်ဆိုရင်တော့ သေနှုန်းဟာ ၁% လောက်ထိ ကျဆင်းသွားနိုင်ပါတယ်။
  • သွေးကြောထဲသို့ အရည်ဓါတ်ထိုးပြီး ဖြည့်တင်းပေးခြင်း။ ကာလ၀မ်းရောဂါ ဖြစ်ပွားနေတဲ့နေရာတွေမှာ ဆိုရင် လူအများစုကို သောက်သုံးလို့ရတဲ့ ရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ဓါတ်ဆားတစ်မျိုးထဲနဲ့ ကုသလို့ရပေမယ့် တစ်ချို့သော အလွန်အကျွံ ရေဓါတ်ကုန်ခမ်းနေတဲ့သူတွေမှာ ဆိုရင်တော့ သွေးကြောထဲကနေပါ ရေဓါတ်ပြန်လည်ဖြည့်တင်းပေးနိုင်တာတွေ ထိုးပေးဖို့လိုပါတယ်။
  • ပိုးသတ်ဆေးများ။ ပိုးသတ်ဆေးတွေဟာ ကာလ၀မ်းရောဂါ ကုသမှုမှာမရှိမဖြစ်တော့ မဟုတ်ပေမယ့် တစ်ချို့သော ပိုးသတ်ဆေးတွေဟာ ကာလ၀မ်းရောဂါကြောင့် ဖြစ်တဲ့ ၀မ်းလျှောခြင်းရဲ့ ပမာဏကိုရော၊ ကြာချိန်ကိုပါ လျော့ကျအောင်ကူညီပေးနိုင်ပါတယ်။ doxycycline (Monodox, Oracea, Vibramycin) or azithromycin (Zithromax, Zmax) စတဲ့ပိုးသတ်ဆေးတွေ တစ်ကြိမ်ပေးတာက ထိရောက်မှုရှိပါတယ်။

ဇင့် သတ္တုဓါတ် ဖြည့်ပေးခြင်း။ လေ့လာတွေ့ရှိချက်တွေအရ ဇင့် ပေးခြင်းဟာ ကာလ၀မ်းရောဂါ ဖြစ်တဲ့ ကလေးတွေမှာ ၀မ်းသွားတာကို လျော့နည်းစေပြီး ကြာချိန်ကို တိုသွားစေနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း

အောက်ဖော်ပြပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်တွေက ကာလ၀မ်းရောဂါကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပါတယ်။

  • လက်ကို ဆပ်ပြာ နဲ့ ရေ သုံးပြီး မကြာခဏဆေးပါ။ အထူးသဖြင့် အိမ်သာတက်ပြီးချိန်မှာ နဲ့ အစားအစာတွေ မကိုင်တွယ်ခင်မှာ လက်ကို သေချာဆေးရပါမယ်။ ဆပ်ပြာနဲ့ရေ မရနိုင်ဘူးဆိုရင် အရက်ပြန်ပါတဲ့ လက်ဆေးတဲ့ အရည်လေးတွေ အသုံးပြုနိုင်ပါတယ်။
  • ရေသန့်ဘူး(သို့) သင်ကိုယ်တိုင် ကျိုချက်ထားတဲ့ရေ၊ ပိုးသတ်ထားတဲ့ရေ စတဲ့ သန့်ရှင်း သန့်စင်တဲ့ရေတွေကိုသာ သောက်သုံးပါ။ သွားတိုက်ဖို့ အတွက်တောင်မှ ရေသန့်ရေဘူးကို သုံးသင့်ပါတယ်။ သောက်စရာ အပူတွေနဲ့ အအေးဘူး၊ သံဘူးတွေက သောက်သုံးဖို့လုံခြုံပါတယ်။ ဒါပေမယ့် မသောက်ခင်၊ အဖုံးမဖွင့်ခင်မှာတော့ အပြင်ဘက်ကို သေချာသန့်ရှင်းအောင် သုတ်ဖို့ လိုအပ်ပါတယ်။
  • သေသေချာချာချက်ပြုတ်ထားတဲ့ အစားစာတွေကိုပဲ စားပါ။ ဖြစ်နိုင်ရင် လမ်းဘေးမှာရောင်းတဲ့ အစာတွေကို ရှောင်ကြဉ်ပါ။ လမ်းမှာရောင်းတဲ့အစာတွေ စားမယ်ဆိုရင်တောင် သင်မှာမှ သေချာချက်ပြုတ်ပေးတာမျိုး၊ ပူပူနွေးနွေးလာချပေးတာမျိုး ဖြစ်တာမျိုးကို သာစားသုံးသင့်ပါတယ်။
  • အသားစိမ်း၊ ငါးစိမ်း(သို့) သေချာ မချက်ထားတဲ့ မကျက်တကျက် ပင်လယ်စာတွေပါတဲ့ ဆူရှီတွေရှောင်ကြဉ်ပါ။
  • ငှက်ပျောသီး၊ လိမ္မော်သီး ကဲ့သို့ သင်ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် အခွံခွာစားနိုင်မယ့် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို သာစားသုံးပါ။ စပျစ်၊ ဘယ်ရီသီးကဲ့သို့ အခွံမခွာရဘဲ စားသုံးနိုင်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
  • နို့ထွက်ပစ္စည်းတွေကို သတိထားပါ။ ညစ်ပတ်နေတဲ့ ရေခဲမုန့်လိုမျိုး နဲ့ မကျိုချက်ရသေးတဲ့နွားနို့တွေကို ရှောင်ကြဉ်ရပါမယ်။

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

 

 

 

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ