အဓိပ္ပါယ်ဖွင့်ဆိုချက်

Chagas Disease (Chagas ရောဂါ ) ကဘာလဲ။

Chagas ရောဂါဆိုတာဟာ triatomine ပိုးကောင်ရဲ့ မစင်ထဲမှာ တွေ့ရတဲ့ ပါရာဆိုက်ကပ်ပါးတမျိုးကြောင့် ဖြစ်ပေါ်လာရတဲ့ ကူးစက်ရောဂါတမျိုး ဖြစ်ပါတယ်။triatomine ပိုးကောင်ရဲ့ အဓိကကျက်စားရာနေရာတွေဖြစ်တဲ့ တောင်အမေရိက၊ဗဟိုအမေရိကနဲ့ မက္ကဆီကိုတို့မှာ Chagas ရောဂါကို အများဆုံး တွေ့ရလေ့ရှိတယ်ဆိုပေမယ့် အမေရိကန်နိုင်ငံတောင်ဖက်ပိုင်းမှာလည်း ရှားရှားပါးပါးဆိုသလို တွေ့ရတတ်သေးတာမို့ American trypanosomiasis လို့လည်း ခေါ်ပါသေးတယ်။Chagas ရောဂါဟာ ဘယ်သူမဆိုဖြစ်ပွါးနိုင်တယ်ဆိုပေမယ့် ကလေးသူငယ်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။Chagas ရောဂါဟာ မကုသဘဲ ထားမယ်ဆိုရင် နှလုံးနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာဆိုးဆိုးရွားရွားတွေကို ဆက်လက်ဖြစ်ပေါ်စေပါလိမ့်မယ်။

Chagas Disease (Chagas ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

အမေရိကန်နိုင်ငံ တောင်ဖက်ပိုင်းကနေ အာဂျင်တီးနားနိုင်ငံ မြောက်ဖက်ပိုင်းအထိ အမေရိကတိုက်ရဲ့ နိုင်ငံပေါင်းဆယ့်ရှစ်နိုင်ငံမှာ ဒီရောဂါကို တွေ့နိုင်ပါတယ်။Chagas ဟာ မတူညီတဲ့ ဂေဟဗေဒဇုန်နှစ်ခုမှာ တည်ရှိနေပါတယ်။တောင်အမေရိကတိုက်ရဲ့ တောင်ဖက်နိုင်ငံတွေမှာဆိုရင် ပိုးကောင်ဟာ လူနေအိမ်ခြေပတ်ဝန်းကျင်မှာ နေထိုင်ကျက်စားပြီး ဗဟိုအမေရိကနဲ့ မက္ကဆီကိုမှာဆိုရင်တော့ လူနေအိမ်ခြေတဝိုက်မှာသာမက လူသူမရှိတဲ့ နေရာတွေမှာလည်း ရှင်သန်နေထိုင်ပါတယ်။ဒါပေမယ့် Chagas ရောဂါဟာ ဒီဇုန်နှစ်ခုလုံးရဲ့ ကျေးလက်ပိုင်းဒေသတွေမှာသာ ဖြစ်ပွါးလေ့ရှိတယ်လို့တောင် ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ triatomines ပိုးကောင်တွေဟာ အိမ်မွေးတိရစ္ဆာန်နဲ့ တောရိုင်းနို့တိုက်သတ္တဝါမျိုးရင်း ၂၄ခုရဲ့ မျိုးစိတ်ပေါင်း၁၅၀ကျော်ပေါ်မှာ ရှင်သန်ကျက်စားနေထိုင်တဲ့အတွက် ဖြစ်ပါတယ်။T. cruzi ရဲ့ သဘာဝခိုလှုံရာဖြစ်တဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ရှင်သန်နေထိုင်ပါသေးတယ်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Chagas Disease (Chagas ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Chagas ရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Chagas ရောဂါဟာ ရုတ်တရက်ကြီးထဖြစ်နိုင်သလို နာတာရှည်သဘောမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ရောဂါလက္ခဏာတွေကလည်း ပြင်းထန်မှုအဆင့်အမျိုးမျိုးရှိပြီးတော့ လူအများစုဟာ နာတာရှည်အခြေအနေရောက်တဲ့အချိန်ကျမှ ဒီလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။

ရောဂါစတင်ခံစားရသော အဆင့်

ဒီအဆင့်ဟာ ရက်သတ္တပတ်ပေါင်းများစွာကနေ လပေါင်းများစွာအထိ ကြာမြင့်နိုင်ပြီးတော့ ကနဦးရက်အနည်းငယ်အတွင်းမှာ ရောဂါအမည်တပ်နိုင်ဖို့ ခဲယဉ်းပါတယ်။ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကလည်း ပြင်းထန်လေ့မရှိပါဘူး။အဆိုပါလက္ခဏာတွေကတော့

ကူးစက်ပိုးဝင်တဲ့နေရာမှာ ရောင်ရမ်းလာခြင်း။

အဖျားတက်ခြင်း။

ပင်ပန်းနွမ်းနယ်ခြင်း။

အနီစက်များ ထွက်လာခြင်း။

တကိုယ်လုံးနာကျင်ကိုက်ခဲနေခြင်း။

မျက်ခွံရောင်ခြင်း။

ခေါင်းကိုက်ခြင်း။

အစားအသောက်ပျက်ခြင်း။

ပျို့အန်မအီမသာဖြစ်ခြင်း၊ဝမ်းလျှောခြင်း။

အကြိတ်များရောင်ခြင်း။

အသည်း၊ဗေလုံးကြီးခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

 

ရောဂါစတင်ခံစားရတဲ့ အဆင့်မှာ ပေါ်ပေါက်လာတဲ့ လက္ခဏာတွေဟာ သူ့အလိုလို ပျောက်ကွယ်သွားလေ့ရှိပေမယ့် ဆေးဝါးကုသမှု မခံယူဘူးဆိုရင် ကူးစက်ပိုးဟာ ဆက်လက်ရှိနေမှာဖြစ်ပြီး အချို့သောလူနာတွေမှာ နာတာရှည်အဆင့်ကို ကူးပြောင်းရောက်ရှိသွားမှာ ဖြစ်ပါတယ်။

နာတာရှည်အဆင့်

နာတာရှည်အဆင့်ရဲ့ ရောဂါလက္ခဏာတွေဟာ ကနဦးကူးစက်ပိုးဝင်အပြီး ဆယ်နှစ်ကနေ အနှစ်နှစ်ဆယ်အတွင်းမှာ ပေါ်ပေါက်လာနိုင်သလို ဘယ်တော့မှ မပေါ်လာတော့မှာလည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့် အောက်ဖော်ပြပါ ဆိုးရွားတဲ့ ရောဂါလက္ခဏာတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။

နှလုံးခုန်မမှန်ခြင်း။

နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း။

ရုတ်တရက် နှလုံးရပ်ခြင်း။

အစာရေမြိုကြီးလာသောကြောင့် အစာမြိုရခက်ခြင်း။

အူမကြီး ကြီးလာသောကြောင့် ဗိုက်နာ၊ဗိုက်အောင့်ခြင်း၊ဝမ်းချုပ်ခြင်း။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ သင်ဟာ Chagas ရောဂါဖြစ်ပွါးမှုနှုန်းမြင့်မားတဲ့ နေရာဒေသမှာ နေထိုင်ပြီး ဒါမှမဟုတ် အဆိုပါဒေသကို ခရီးသွားခဲ့ဖူးပြီး ဒီရောဂါရဲ့ ရောဂါလက္ခဏာတွေ (ဥပမာ ကူးစက်ပိုးဝင်တဲ့နေရာမှာ ရောင်ရမ်းလာခြင်း၊အဖျားတက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊တကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊အနီစက်များထွက်ခြင်း၊ပျို့ခြင်း စသည်)ကို ခံစားနေရပြီဆိုရင်တော့ ပိုမိုအသုံးဝင်တဲ့ အချက်အလက်တွေကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ သွားရောက်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chagas Disease (Chagas ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

ဘာတွေက Chagas ရောဂါ ဖြစ်ပွားစေသလဲ။

Chagas ရောဂါအဓိကဖြစ်ပွါးရတဲ့ အကြောင်းရင်းကတော့ Trypanosoma cruzi ဆိုတဲ့ ကပ်ပါးကောင်ကြောင့်ဖြစ်ပြီး triatomine ပိုးကောင်ကိုက်ခြင်းမှတဆင့် လူတွေထံ ကူးစက်နိုင်ပါတယ်။ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင်ရှိနေပြီးသား တိရစ္ဆာန်တကောင်ရဲ့ သွေးကို triatomine ပိုးကောင်က စုပ်ယူလိုက်တဲ့အခါ အဆိုပါပိုးကောင်ရဲ့ ခန္ဓာကိုယ်ထဲကို T.cruzi ကပ်ပါးကောင် ရောက်ရှိလာပါတော့တယ်။triatomine ပိုးကောင်ဟာ မက္ကဆီကို၊တောင်အမေရိကနဲ့ ဗဟိုအမေရိကရဲ့ ရွှံ့နွံတွေထဲမှာ ဒါမှမဟုတ် ကောက်ရိုး၊ဓနိမိုးတဲအိမ်လေးတွေမှာ အဓိက နေထိုင်ကျက်စားပါတယ်။သူတို့ဟာ နေ့ဖက်မှာဆိုရင် နံရံတွေ၊ခေါင်မိုးတွေမှာရှိတဲ့ အချိုင့်တွေ၊အပေါက်တွေထဲမှာ ပုန်းအောင်းနေတတ်ပြီး ညဖက်ကျမှ အပြင်ထွက်လာကာ အိပ်စက်နေတဲ့ လူသားတွေရဲ့ သွေးကိုစုပ်ယူစားသုံးလေ့ရှိပါတယ်။ကပ်ပါးကောင်ဝင်နေပြီးသား triatomine ပိုးကောင်တွေဟာ သွေးစုပ်ပြီးတဲ့အခါ အညစ်အကြေးတွေကို စွန့်ပစ်ခဲ့တာမို့ လူ့အရေပြားပေါ်မှာ T.cruzi ကပ်ပါးကောင်တွေကို ချန်ထားရစ်ခဲ့ပါတော့တယ်။ဒီ့နောက်မှာတော့ ကပ်ပါးကောင်တွေဟာ မျက်လုံး၊ပါးစပ်၊အရေပြားပွန်းရာ၊ရှရာ ဒါမှမဟုတိုးကောင်ကိုက်ထားတဲ့ အနာနေရာကနေတဆင့် သင့်ခန္ဓာကိုယ်ထဲ တိုးဝင်ရောက်ရှိသွားပါတော့တယ်။ပိုးကောင်ကိုက်တဲ့နေရာကို ကုတ်ဖဲ့ခြင်း၊ပွတ်သပ်ခြင်းတွေဟာ ကပ်ပါးကောင်သင့်ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်အောင် ကူညီပေးသလို ဖြစ်နေတတ်ပါတယ်။သင့်ခန္ဓာကိုယ်ထဲ ရောက်ရှိသွားချိန်မှာတော့ ကပ်ပါးကောင်ဟာ အဆများစွာ ပွါးများပျံ့နှံ့မှာပဲ ဖြစ်ပါတယ်။

ကူးစက်နိုင်သော အခြားနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  1. cruzi ကပ်ပါးကောင်ကို သယ်ဆောင်ထားသော ပိုးကောင်တွေရဲ့ မစင်တွေနဲ့ ညစ်ပေနေတဲ့ (မချက်ပြုတ်ရသေးသော) အစားအစာတွေကို စားသုံးမိခြင်း။
  2. cruzi ကပ်ပါးကောင်ကို သယ်ဆောင်ထားသော အမျိုးသမီးကနေ မွေးဖွားလာတဲ့ ကလေးဖြစ်ခြင်း။
  3. cruzi ကပ်ပါးကောင်ပါဝင်သော သွေးသွင်းမိခြင်း။

အသက်ရှင်နေသေးတဲ့ T. cruzi ကပ်ပါးကောင်ပါဝင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် အစားထိုးလဲလှယ်ခံမိခြင်း။

ဓာတ်ခွဲခန်းထဲတွင် အလုပ်လုပ်ရင်း T. cruzi ကပ်ပါးကောင်နှင့် မတော်တဆ ထိတွေ့မိခြင်း။

  1. cruzi ကပ်ပါးကောင်ကို သယ်ဆောင်ထားသော တောရိုင်းတိရစ္ဆာန်(ဥပမာ ရက်ကွန်းဝံ)များ နေထိုင်ကျက်စားသည့် တောအုပ်များအတွင်း လှည့်လည်သွားလာမိခြင်း။

T. cruzi ကပ်ပါးကောင်ကို သယ်ဆောင်ထားသော အိမ်မွေးတိရစ္ဆာန်အား ထိတွေ့ကိုင်တွယ်မိခြင်း။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Chagas Disease (Chagas ရောဂါ ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက Chagas ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Chagas ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ဗဟိုအမေရိက၊တောင်အမေရိကနဲ့ မက္ကဆီကိုတို့ရဲ့ ဆင်းရဲတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ခြင်း။

triatomine  ပိုးကောင်ပေါများတဲ့ နေရာမှာ နေထိုင်ခြင်း။

ကူးစက်ရောဂါသယ်ဆောင်ထားသူဆီက သွေး သို့မဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်းတခုခု လက်ခံရယူမိခြင်း။

ဗဟိုအမေရိက၊တောင်အမေရိကနဲ့ မက္ကဆီကိုတို့ရဲ့ အဖြစ်များတဲ့ နေရာဒေသတွေကို သွားရောက်တဲ့ ခရီးသွားတွေမှာ ဒီရောဂါဖြစ်တယ်ဆိုတာ ရှားပါတယ်။ဘာလို့လဲဆိုတော့ ခရီးသွားတွေဟာ ဟိုတယ်လိုမျိုး အဆောက်အဦးကောင်းကောင်းမှာ နေထိုင်ကြတာ ပိုများလို့ပဲ ဖြစ်ပါတယ်။triatomine ပိုးကောင်ဟာ မက္ကဆီကို၊တောင်အမေရိကနဲ့ ဗဟိုအမေရိကရဲ့ ရွှံ့နွံတွေထဲမှာ ဒါမှမဟုတ် ကောက်ရိုး၊ဓနိမိုးတဲအိမ်လေးတွေမှာ အဓိက နေထိုင်ကျက်စားပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chagas Disease (Chagas ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်ဟာ သင်လက်ရှိခံစားနေရတဲ့ ရောဂါလက္ခဏာတွေအကြောင်း မေးမြန်းခြင်း၊Chagas ရောဂါဖြစ်ပွါးစေနိုင်တဲ့ နောက်ခံအချက်အလက်တွေ သင့်ဆီမှာ ရှိမရှိ မေးမြန်းခြင်း၊သင့်ခန္ဓာကိုယ်အား အနုလုံပဋိလုံ စမ်းသပ်ခြင်း စတာတွေကို ပြုလုပ်မှာပဲ ဖြစ်ပါတယ်။သင့်ခန္ဓာကိုယ်ထဲမှာ T. cruzi ကပ်ပါးကောင် သို့မဟုတ် ကပ်ပါးကောင်ကနေ ထုတ်လုပ်တဲ့ ပရိုတင်းတွေ ရှိနေမယ်ဆိုရင် သွေးထဲမှာရှိတဲ့ အဆိုပါ ကပ်ပါးကောင်ကို တိုက်ထုတ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ပဋိပစ္စည်းတွေကို ထုတ်လုပ်ပေးမှာဖြစ်ပြီး ဒီလို ထုတ်လုပ်ပေးကြောင်းကို သွေးစစ်ခြင်းဖြင့် သိရှိအတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်မှာ Chagas ရောဂါရှိနေပြီလို့ အတည်ပြုလိုက်ပြီဆိုရင် ဒီရောဂါဟာ နာတာရှည်အဆင့်ကို ရောက်နေပြီး နှလုံးနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေကို ပေးနေပြီလားဆိုတာကို သိရှိနိုင်ဖို့အတွက် အခြားသော စစ်ဆေးမှုတွေကိုပါ ထပ်မံပြုလုပ်ရပါလိမ့်မယ်။

အီးစီဂျီဆွဲခြင်း : သင့်နှလုံးရဲ့ လျှပ်စစ်စည်းချက်လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း : သင့်နှလုံးကြီးနေခြင်း ရှိမရှိကို သိရှိစေနိုင်မှာ ဖြစ်ပါတယ်။

အက်ကိုး ရိုက်ခြင်း : ဒီစစ်ဆေးမှုမှာဆိုရင် သင့်နှလုံးခုန်နေတဲ့ပုံရိပ်တွေကို အသံလှိုင်း အသုံးပြုပြီးတော့ ရိုက်ကူးမှတ်တမ်းတင်မှာဖြစ်ပြီး နှလုံးရဲ့ ပုံစံနဲ့ လုပ်ငန်းဆောင်တာတွေမှာ အပြောင်းအလဲတစုံတရာ ရှိမရှိကို ဆရာဝန်က စစ်ဆေးဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်း : ဓာတ်ရောင်ခြည်ကို အသုံးပြုပြီး အစာအိမ်၊အူသိမ်နဲ့ အူမကြီးတို့ရဲ့ ပုံရိပ်တွေကို ဓာတ်ပုံရိုက်ယူမှာ ဖြစ်ပါတယ်။

အစာအိမ်အပေါ်လမ်းကြောင်းကို မှန်ပြောင်းကြည့်ခြင်း : ဒီစမ်းသပ်မှုမှာဆိုရင် သင့်အနေနဲ့ ခပ်ပါးပါးမှန်ပြောင်းပိုက်ကလေးကို မြိုချရမှာဖြစ်ပြီး အစာရေမြိုရဲ့ ပုံရိပ်တွေကို ဒီပိုက်ကလေးကတဆင့် တီဗွီမှန်သားပြင်ဆီ အရောက်ပို့ပေးပါလိမ့်မယ်။

Chagas Disease (Chagas ရောဂါ ) ကို ဘယ်လိုကုသပါသလဲ

Chagas ရောဂါကို ကုသတဲ့အခါ ကပ်ပါးကောင်တွေကို သုတ်သင်ရှင်းလင်းဖို့နဲ့ ရောဂါလက္ခဏာတွေကို သက်သာသွားစေဖို့ အဓိက ရည်ရွယ်ပါတယ်။လတ်တလောဖြစ်ပွါးတဲ့အဆင့်အတွက်ဆိုရင် (ဆရာဝန်ဆေးစာလိုတဲ့ ဆေးတွေဖြစ်တဲ့) benznidazole နဲ့nifurtimox တို့ကို အသုံးပြုရင် ထိရောက်နိုင်ပါတယ်။Chagas ရောဂါ အဖြစ်အများဆုံးဒေသတွေမှာ အဆိုပါ ဆေးနှစ်မျိုးလုံးကို အလွယ်တကူ ရရှိနိုင်ပါတယ်။ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာဆိုရင်တော့ ဒီဆေးတွေကို ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုဌာနမှတဆင့်သာ ရရှိနိုင်ပါတယ်။

နာတာရှည်အဆင့်ကို ရောက်သွားပြီဆိုရင်တော့ ဒီဆေးတွေလည်း မတိုးတော့ပါဘူး။ဒါပေမယ့် အသက်ငါးဆယ်အောက် လူနာတွေမှာ ဒီဆေးတွေကို အသုံးပြုမယ်ဆိုရင် ရောဂါတိုးနှုန်းကို နှေးကွေးစေတဲ့အပြင် ဆိုးရွားလှတဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။

အခြားသော ကုသမှုတွေကတော့ လူနာခံစားနေရတဲ့ ရောဂါလက္ခဏာအသေးစိတ်အပေါ် မူတည်နေပါတယ်။

နှလုံးနှင့် သက်ဆိုင်သော နောက်ဆက်တွဲပြဿနာများ : ဒီကုသမှုမှာ သင့်နှလုံးစည်းချက်ကို ထိန်းညှိဖို့အတွက် စက်ကိရိယာတွေ အသုံးပြုဖို့ လိုလာနိုင်သလို ဆေးဝါးများ သုံးစွဲခြင်း၊ခွဲစိတ်ကုသခြင်းနဲ့ နှလုံးအစားထိုးကုသခြင်းတို့ ပါဝင်ပါတယ်။

အစာခြေလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ : ဒီကုသမှုမှာ အစားအသောက်ပုံစံကို ပြောင်းလဲပြင်ဆင်ခြင်း၊ဆေးဝါးများ သုံးစွဲခြင်း၊ကော်တီကိုစတီးရွိုက်ဆေးများ သုံးစွဲခြင်း သို့မဟုတ် (အခြေအနေဆိုးတဲ့ လူနာတွေမှာ) နှလုံးအစားထိုးခြင်းတို့အထိ ပါဝင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Chagas ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Chagas ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အိမ်ပေါ် နဲ့ အိမ်ပတ်ဝန်းကျင်မှာ ပိုးသတ်ဆေးများ ဖြန်းပေးခြင်း။

ပိုးကောင်တွေ ခိုအောင်းမနေစေဖို့ အိမ်ကို ပြင်ဆင်ခြင်း။

ခြင်ထောင်နှင့်အိပ်ခြင်း ကဲ့သို့သော တကိုယ်ရည် ကာကွယ်ရေး အပြုအမူများကို လိုက်နာဆောင်ရွက်ခြင်း။

အစားအသောက်ပြင်ဆင်တဲ့အခါ၊တနေရာကနေ တနေရာကို သယ်ယူတဲ့အခါ၊သိုလှောင်တဲ့အခါ၊စားသုံးတဲ့အခါ သန့်ရှင်းမှုကို ဦးစားပေးဆောင်ရွက်ရပါမယ်။

သွေးလှူရှင်တွေကို သေချာစွာ စစ်ဆေးရပါမယ်။

ကိုယ်အင်္ဂါအစိတ်အပိုင်း၊တစ်ရှူး ဒါမှမဟုတ် ဆဲလ်လှူတဲ့ အလှူရှင်နဲ့ လက်ခံမယ့်သူတွေကို အသေအချာ စစ်ဆေးရပါမယ်။

ပိုးကူးစက်ခံနေရတဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးတွေမှာလည်း ရောဂါပိုးရှိမရှိ သေချာစွာ စစ်ဆေးရပါမယ်။ဒါမှသာ စောစီးစွာ သိရှိ၊ကုသနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ Chagas ရောဂါအဖြစ်များတဲ့ နေရာဒေသမှာ နေထိုင်တယ်ဆိုရင် အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ရောဂါကူးစက်ခံရမှုကို လျှော့ချကာကွယ်ပေးနိုင်ပါတယ်။

ရွှံ့ထူတဲ့နေရာ ဒါမှမဟုတ် ကောက်ရိုးမိုး၊ဓနိမိုးတဲလေးတွေထဲမှာ မအိပ်ပါနဲ့။ဒီလို နေရာတွေဟာ triatomine ပိုးကောင်နေထိုင်ကျက်စားရာ နေရာတွေပဲ ဖြစ်ပါတယ်။

အထက်ပါ နေရာတွေမှာ မဖြစ်မနေ အိပ်ရတော့မယ်ဆိုရင် ဆေးစိန်ခြင်ထောင်ကို သုံးပြီးအိပ်ပါ။

သင့်အိမ်မှာရှိတဲ့ အင်းဆက်ပိုးကောင်တွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် ပိုးသတ်ဆေးကို နိုင်နိုင်သုံးပါ။

အဝတ်ဖုံးမထားတဲ့ နေရာတွေကိုတော့ အင်းဆက်မလာအောင် တားပေးတဲ့ ဆေးလိမ်းပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

 

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ