Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) ကဘာလဲ။

သားအိမ်ခေါင်းမလုံခြင်းဟာ သားအိမ်ခေါင်းတစ်သျူးတွေအားနည်းခြင်းကြောင့်ဖြစ်ပြီး လမစေ့ခင်မွေးဖွားခြင်း သို့ ကိုယ်ဝန်ပျက်ကျခြင်းဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်မဆောင်ခင်မှာ မွေးလမ်းကြောင်း ခေါ် သားအိမ်လမ်းကြောင်းနဲ့ဆက်ထားတဲ့ သင့်သားအိမ်အဖျားပိုင်းဖြစ်တဲ့သားအိမ်ခေါင်းဟာ ပုံမှန်အားဖြင့် ပိတ်ထားလေ့ရှိပြီးမာကြောပါတယ်။ ကိုယ်ဝန်ရင့်လာပြီး မွေးရန်နီးလာတာနဲ့အမျှ သားအိမ်ခေါင်းတဖြေးဖြေးပျော့ပြီး ပါးလာပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းပါးသူတွေဟာ စောစီးစွာသားအိမ်ပွင့်သွားနိုင်တယ်။ ထိုအခါမှန်းထားတာထက် ပိုပြီးစောစော မီးဖွားသွားနိုင်ပါတယ်။

သားအိမ်ခေါင်းမလုံခြင်းဟာ ရောဂါရှာဖွေသိရှိနိုင်ဖို့ခက်ခဲတာကြောင့် ကုသဖို့လည်းခက်ခဲနိုင်ပါတယ်။ စောစီးစွာသားအိမ်ခေါင်းပွင့်လာတာသိပါက ကျန်းမာရေးစောင့်ရှောက်သူက ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကာကွယ်စောင့်ရှောက်မှုဖြစ်တဲ့ မကြာခဏအာထရာဆောင်းရိုက်ခြင်း၊ ဒါမှမဟုတ် အားကောင်းသောချုပ်ရိုးတွေနဲ့ ကျဉ်းပေးပါလိမ့်မယ်။

Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမေရိကန်ပြည်ထောင်စုမှာတော့ရှားပါးပါတယ်။ ကိုယ်ဝန်ဆောင်သည်အားလုံးရဲ့ ၁-၂ ရာခိုင်နှုန်းလောက်သာဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်ဒုတိယကာလမှာ သားပျက်သူတွေရဲ့ ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့်ဖြစ်တယ်။

သို့ပေမယ့် ရောဂါဖြစ်ခြင်းကိုအားပေးတဲ့အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းအားဖြင့် ထိန်းချုပ်နိုင်တယ်။

လက္ခဏာများ

Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆိုးတာကတော့ ကိုယ်ဝန်ဆောင်အစပိုင်းအချိန်တွေမှာ သားအိမ်ခေါင်းစပွင့်လာနေရင်တောင် သားအိမ်ခေါင်းမလုံခြင်းကို သတိထားမိစရာ လကဏာတွေသိပ်မရှိတတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ပတ် ၁၄ ပတ်၊ ၂၀ လောက်ရောက်တဲ့အခါ ရက်အနည်းငယ် သို့ ရက်သတ္တပတ်အနည်းငယ်ကြာအောင် နေရထိုင်ရ မအီမသာဖြစ်ခြင်း၊ သွေးစက်သွေးစဆင်းခြင်းတွေတော့ဖြစ်နိုင်ပါတယ်။

ဒီအချက်တွေကိုသတိပြုပါ –

  • ဆီးခုံရိုးတ၀ိုက်တွင်ခံစားမှုတစ်ခုခုဖြစ်ပေါ်ခြင်း
  • ခါးကိုက်ခြင်း
  • ဗိုက်အောင့်၊ ဗိုက်နာခြင်း
  • မွေးလမ်းကြောင်းမှပုံမှန်မဟုတ်ဆင်းခြင်း
  • သွေးအနည်းငယ်ဆင်းခြင်း။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါရှာဖွေကုသခြင်းတွေက အခြေအနေပိုဆိုးမသွားအောင်ထိန်းပေးပြီး အရေးပေါ်အခြေအနေထိရောက်ခြင်းတို့ကနေ ကာကွယ်ပေးလိမ့်မယ်။ ဒါကြောင့် ဆိုးဆိုးရွားရွားဖြစ်မသွားအောင် တတ်နိုင်သမျှမြန်မြန် ဆရာဝန်ကိုပြောပြပါ။

အထက်ပါဖော်ပြထားတဲ့လက္ခဏာတွေ၊ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းခန္ဓာကိုယ်ကမတူတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးသိရဖို့ ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သားအိမ်ခေါင်းမလုံခြင်းဟာ မွေးရာပါ Mullerian ရောဂါ လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာပုံမှန်မဟုတ်ခြင်း၊ မိခင်ဝမ်းတွင်းရှိနေစဉ် diethylstilbestrol (DES) လို့ခေါ်တဲ့ဆေးတစ်မျိုးနဲ့ထိတွေ့လိုက်ရခြင်း၊ ဒါမှမဟုတ် Ehlers-Danlos syndrome ရောဂါခေါ် ကော်လဂျင်ချို့တဲ့ရောဂါတို့ကြောင့်ဖြစ်နိုင်တယ်။ တခြားရောဂါတွေကတော့ သားဖွားစဉ်ထိခိုက်မိခြင်း (သားအိမ်ခေါင်းစုတ်ပြဲခြင်းကဲ့သို့)၊ မီးယပ်နှင့်ဆိုင်သော လုပ်ဆောင်မှုတစ်ခုခုတွင် သားအိမ်ခေါင်းချဲ့ရခြင်း နဲ့ လေဆာ၊ ဓါး ဒါမှမဟုတ် လျှပ်စစ်တို့ကိုသုံးပြီး သားအိမ်ခေါင်းအသားစယူခြင်း တို့ကြောင့်လည်းဖြစ်နိုင်တယ်။

 

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ဘယ်အချက်တွေကရောဂါဖြစ်ခြင်းကိုအားပေးသလဲ

အောက်ပါအခြေအနေတွေကြုံဖူးရင် ရောဂါဖြစ်နိုင်ချေများပါတယ်

  • မွေးရာပါအခြေအနေ – သားအိမ်ပုံမှန်မဟုတ်ခြင်း၊ ခန္ဓာကိုယ်ရဲ့အမျှင်ဓာတ်တစ်မျိုးဖြစ်တဲ့ တွယ်ဆက်တစ်သျူးကော်လဂျင်ကိုဖန်တီးပေးတဲ့ ပရိုတင်းပုံမှန်မဟုတ်ခြင်း စသည်တို့ကြောင့် သားအိမ်ခေါင်းမလုံခြင်းဖြစ်ရတယ်။ မိခင်သားအိမ်အတွင်းရှိနေစဉ်မှာ အမဟော်မုန်းဆေးတစ်မျိုးဖြစ်တဲ့ diethylstilbestrol (DES) ဆေးနဲ့ထိတွေ့မိခြင်းကလည်း သားအိမ်ခေါင်းမလုံခြင်းဖြစ်စေနိုင်တယ်။
  • သားအိမ်ခေါင်းထိခိုက်မှု – ယခင်မီးဖွားခြင်းမှာ သားအိမ်ခေါင်းစုတ်ပြဲဖူးပါကလည်း သားအိမ်ခေါင်းမလုံခြင်းဖြစ်နိုင်တယ်။ သားအိမ်အကျိအချွဲစစ်ခြင်းကဲ့သို့ လုပ်ဆောင်ချက်တစ်ခုခုမှာ သားအိမ်ခေါင်းထိခိုက်ထားဖူးပါကလည်း သားအိမ်ခေါင်းမလုံခြင်းဖြစ်နိုင်တယ်။
  • သားအိမ်ခေါင်းချဲ့ခြင်းနှင့်အသားစယူခြင်း – သွေးဆင်းလွန်းသောအခြေအနေကိုကုသရန်၊ သို့ ယခင်သားပျက်ခြင်းကြောင့် သားအိမ်နံရံသန့်ရန် စသည်တို့ကို ကုသသည့်အခါမှာ ရှားရှားပါးပါးသားအိမ်ခေါင်းထိခိုက်ခြင်းမျိုးရှိနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ကသင့်မှာထိုအခြေအနေရှိနေတယ်လို့ သံသယ၀င်ရင် ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတချို့လုပ်ပါလိမ့်မယ်။ မွေးရာပါချို့တဲ့မှု၊ မူမမှန်မှုများစစ်ဆေးခြင်း၊ သားအိမ်ခေါင်းစုတ်ပြဲခြင်းရှိမရှိစစ်ဆေးခြင်းများလုပ်ပါလိမ့်မယ်။ သားအိမ်ကျုံ့ခြင်းကိုလည်းစစ်ဆေးပါလိမ့်မယ်။

စမ်းသပ်မှုတွေကတော့ –

  • မွေးလမ်းကြောင်းမှအာထရာဆောင်းရိုက်ခြင်း – ရေမွှာအိတ်က သင့်သားအိမ်ခေါင်းနဲ့ မွေးလမ်းကြောင်းထဲမှာ မရှိရင် သားအိမ်ခေါင်းအရှည်နဲ့ ရေမွှာအိတ်အမြှေးပါးကိုစစ်ဖို့ အာထရာဆောင်းတစ်မျိုးရိုက်ပါလိမ့်မယ်။ အာရုံခံကိရိယာခပ်ရှည်ရှည်လေးတစ်ခုကို သင့်မွေးလမ်းကြောင်းကနေ ထိုးသွင်းပြီး အသံလှိုင်းသုံးကာ သင့်သားအိမ်ခေါင်းနဲ့ သားအိမ်အောက်ပိုင်းကို ပုံရိပ်ဖော်ဆောင်ပါလိမ့်မယ်။
  • ဓာတ်ခွဲစစ်ဆေးခြင်း – တကယ်လို့ ရေမွှာအမြှေးပါးကို မြင်နေရမယ်၊ ရောဂါပိုးဝင်ခြင်းလက္ခဏာတွေမရှိပေမယ့် အာထရာဆောင်းမှာ ရောင်ရမ်းခြင်းလက္ခဏာတွေပြနေမယ် ဆိုရင်တော့ ကျန်းမာရေးစောင့်ရှောက်သူက ရေမွှာရည်ကို ဓာတ်ခွဲစမ်းသပ်ပြီး ရေမွှာအိတ်နှင့်ရေမွှာရည်ထဲပိုးဝင်ခြင်း ဟုတ်မဟုတ် စစ်ဆေးပါလိမ့်မယ။်

Cervical Incompetance (သားအိမ်ခေါင်းမလုံခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုနည်းတချို့ကတော့ –

  • အမဟော်မုန်းပေးခြင်း – နေ့မစေ့မွေးဖွားဖူးထားပါက ဆရာဝန်က အမဟော်မုန်းဆေးတစ်မျိုးဖြစ်တဲ့ ဆေးကို သင့်ကိုယ်ဝန်ပတ် ဒုတိယပိတ်လောက်မှာပေးပါလိမ့်မယ်။ ထိုဆေးသုံးခြင်းနဲ့ ပတ်သတ်ပြီး တခြားသောသုတေသနတွေ လုပ်ရန်လိုပါသေးတယ်။ လတ်တလောမှာတော့ အမွှာကိုယ်ဝန်တွေမှာ ထို ကုသမှုကမထိရောက်ပါဘူး။

 

  • အတွဲလိုက်အာထရာဆောင်းရိုက်ခြင်း – လမစေ့မွေးဖူးပါက သို့ ယခင်မွေးဖွားခြင်း၊ ခွဲစိတ်ခြင်းတွေမှာ သားအိမ်ခေါင်းထိခိုက်ခြင်းများရှိပါက သင့်ကျန်းမာရေးစောင့်ရှောက်သူက သင့်ကိုယ်ဝန်ပတ် ၁၅ ပတ်မှ ၂၄ ပတ်အတွင်းမှာ နှစ်ပတ်လျှင်တစ်ကြိမ် အာထရာဆောင်းရိုက်ကြည့်ပါလိမ့်မယ်။ တဖြေးဖြေးသားအိမ်ခေါင်းပွင့်လာမယ်၊ သို့ လိုအပ်တဲ့အလျားထက် တိုလာမယ်ဆိုရင်တော့ သားအိမ်ခေါင်းပြန်ချုပ်ဖို့အကြံပေးပါလိမ့်မယ်။

 

  • သားအိမ်ခေါင်းပြန်ချုပ်ခြင်း – ကိုယ်ဝန်ပတ် ၂၄ ပတ်ထက်ငယ်သေးတယ်ဆိုရင် ဒါမှမဟုတ် လမစေ့မွေးဖွားဖူးရင်၊ အာထရာဆောင်းကလည်း သားအိမ်ခေါင်းပွင့်နေကြောင်းပြနေရင် သားအိမ်ခေါင်းချုပ်ခြင်းက လမစေ့ထပ်မွေးခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ ခိုင်မာတဲ့ချုပ်ကြိုးနဲ့ သားအိမ်ခေါင်းချုပ်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်လနောက်ပိုင်းတွေ သို့ မွေးဖွားစဉ်မှာ ထိုချုပ်ကြိုးကိုဖယ်ပစ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အောက်ပါအချက်တွေက သင့်ကိုအကူအညီပေးနိုင်ပါလိမ့်မယ။်

  • ကာမဆက်ယှက်မှုလျှော့ချခြင်း၊ တချို့သော ရုပ်ပိုင်းဆိုင်ရာလှုပ်၇ှားမှုများလျှော့ချခြင်း။
  • တချို့အခြေအနေတွေမှာ အိပ်ရာထဲအနားယူနေဖို့ အကြံပေးနိုင်ပေမယ့် လမစေ့မွေးခြင်းကို ကာကွယ်ပေးကြောင်း သက်သေတော့မရှိသေးပါဘူး။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ