backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ)


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ) ကဘာလဲ။

ဂလူတန် ဓါတ်မတည့် အူလမ်းကြောင်း ရောဂါ (celiac disease) ဆိုတာဟာ ဂျုံ ၊ ဘာလီ စသော အစားအသောက်တို့တွင် ပါဝင်သော ပရိုတင်းတမျိုးဖြစ်တဲ့ ဂလူတန် (gluten) နဲ့ မတည့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ ရှိနေမယ်ဆိုရင် ဂလူတန် (gluten) စားတိုင်းမှာ သင့်ရဲ့ အူသိမ်က တုန့်ပြန်တိုက်ထုတ်မှာ ဖြစ်ပါတယ်။

ဒီလိုမျိုးဖြစ်တာ ကြာလာရင် အူသိမ်ရဲ့ အတွင်းသားနံရံတွေ ထိခိုက်ပျက်စီးလာပြီး အာဟာရဓါတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အူမှာ ထိခိုက်ဒါဏ်ရာ ရခြင်းကြောင့် ဝမ်းလျှောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ လေပွခြင်း နဲ့ သွေးအားနည်း ရောဂါတွေအပြင် တခြား ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုပါ ဖြစ်လာစေမှာပါ။

ကလေးတွေမှာ အာဟာရဓါတ်ကို ကောင်းစွာ မစုပ်ယူနိုင်ဖူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေမှာပဲ ဖြစ်ပါတယ်။

ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ကို ကုသလို့ မရနိုင်ပေမယ့် ဂလူတန် (gluten) မပါဝင်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံး စားသောက်မယ် ဆိုရင်တော့ လူအများစုမှာ ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်မယ့်အပြင် အူအတွင်းပိုင်း ထိခိုက်မှုကိုလည်း ပြန်လည် သက်သာကောင်းမွန်စေမှာ ဖြစ်ပါတယ်။

Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဒီရောဂါဖြစ်စေမယ့် အစားအသောက်တွေကို ရှောင်ကြဉ်ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ (celiac disease) ရဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း နဲ့ ကိုယ်အလေးချိန် ကျဆင်းခြင်း တို့ပဲ ဖြစ်ကြပါတယ်။ လေထ၊ လေပွ၊ ဗိုက်နာ/ဗိုက်အောင့်၊ ပျို့အန်မအီမသာ ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း တို့လည်း ဖြစ်နိုင်ပါသေးတယ်။

အစာချေ စနစ်နဲ့ မသက်ဆိုင်တဲ့ အခြား ရောဂါလက္ခဏာ တွေကတော့

• သံဓါတ်ချို့တဲ့တာ ကြောင့်ဖြစ်တဲ့ သွေးအားနည်း ရောဂါ

• အရိုးပွ၊ အရိုးပျော့ခြင်း

• အရေပြားမှာ အရည်ကြည်ဖုလို အကွက်တွေ ထွက်လာပြီး ယားယံခြင်း

• သွားကြွေလွှာတွေ ထိခိုက်ခြင်း

• ပါးစပ် အနာ ဖြစ်ခြင်း

• ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း

• အာရုံကြောထိခိုက်ခြင်း (ခြေလက်တွေ ထုံကျဉ်ခြင်း၊ ခန္ဓါကိုယ် ဟန်ချက် မထိန်းနိုင်ခြင်း၊ မှတ်ဉာဏ်တွေ ချို့ယွင်းတာ အစရှိသဖြင့်)

• အဆစ်အမြစ် နာခြင်း

• ဘေလုံး ကောင်းကောင်း အလုပ်မလုပ်ခြင်း

• စားချဉ့်ပြန်ခြင်း ၊ ရင်ပူခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အသက်၂နှစ်အောက် ကလေးတွေမှာ ခံစားရမယ့် ရောဂါလက္ခဏာများ

• အန်ခြင်း

• ကာလကြာရှည် ဝမ်းလျှောခြင်း

• ဗိုက်ဖောင်းခြင်း

• မထွားခြင်း

• အစားအသောက်ပျက်ခြင်း

• ကျုံလှီသေးကွေးခြင်း စတာတွေဖြစ်ပါသည်။

အသက် နည်းနည်းကြီးတဲ့ ကလေးတွေမှာတော့

• ဝမ်းလျှောခြင်း

• ဝမ်းချုပ်ခြင်း

• ကိုယ်အလေးချိန်ကျဆင်းခြင်း

• စိတ်တိုဒေါသထွက်လွယ်ခြင်း

• အရပ်ပုခြင်း

• လူပျိုဖော်/အပျိုဖော် ဝင်တာ နောက်ကျခြင်း

• အာရုံကြောဆိုင်ရာ ပြဿနာ ။ အတက်ကြွလွန် ဂဏှာမငြိမ်ဖြစ်သော ရောဂါ (Attention deficit hyperactivity disorder) ခံစားရခြင်း၊ စာမလိုက်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားတွေ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း မရှိခြင်း နဲ့ တက်ခြင်း အပါအဝင် အာရုံကြောဆိုင်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• နှစ်ပတ်ထက်ပိုပြီး ဝမ်းလျှောခြင်း ဒါမှမဟုတ် ဗိုက်ထဲမှာ နေရထိုင်ရ မကောင်းခြင်း။

• သင့်ကလေးက ဖြူဖျော့နေရင်၊ ဂျီကျနေရင်၊ပုံမှန်ထက် သေးညှက်နေရင် ၊ ဗိုက်ကြီးဖောင်းနေရင်၊စမြင်းတုံးကြီးပြီး အနံ့နံရင်။

အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

မျိုးရိုးဗီဇ ပြဿနာ၊ ဂလူတန် (gluten) ပါတဲ့ အစားအသောက်တွေ စားတာ နဲ့ တခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေ ပေါင်းစုံပြီး ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ (Celiac disease) ဖြစ်ပွားတာမှန်ပေမယ့် တကယ့်အကြောင်းရင်း အတိအကျကိုတော့ မသိရှိရသေးပါဘူး။

ကလေးငယ်လေးတွေကို အစားကျွေးပုံကျွေးနည်း မမှန်တာ၊ အူလမ်းကြောင်းပိုးဝင်တာနဲ့ အူထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေကြောင့်လည်း ဒီရောဂါ ဖြစ်စေနိုင်ပါတယ်။

တစ်ခါတစ်ရံ ခွဲစိတ်မှု ခံယူပြီးတဲ့အချိန်၊ ကိုယ်ဝန်ရှိနေချိန်၊ ကလေးမွေးပြီးချိန်၊ ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် ဒါမှမဟုတ် စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားရတာတွေကြောင့်လည်း ဒီရောဂါကို ခံစားရတတ်ပါတယ်။

အစားအစာတွေမှာ ပါတဲ့ ဂလူတန် (gluten) ကို ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်က အလွန်အကျွံ တုန့်ပြန်တိုက်ဖျက်တာကြောင့် အူသိမ်နံရံတွေမှာ ရှိတဲ့ အလွန်သေးငယ်သော လက်ချောင်းလေးတွေနဲ့ တူတဲ့ အတက်ကလေးတွေ (villi လို့ ခေါ်ပါတယ်)ကို ထိခိုက်ဒါဏ်ရာ ရစေပါတယ်။

villi လေးတွေရဲ့ အလုပ်က သင်စားလိုက်တဲ့ အစာအစာတွေမှာ ပါဝင်လာတဲ့ ဗီတာမင်၊သတ္တုဓါတ် နဲ့ အခြားသော အာဟာရဓါတ်တွေကို စုပ်ယူဖို့ဖြစ်တာကြောင့် villi တွေ ထိခိုက်ဒါဏ်ရာရပြီဆိုရင် သင်အစားဘယ်လောက်ပဲ စားစား အာဟာရဓါတ်တွေကို လုံလောက်အောင် မစုပ်ယူနိုင်တော့ပါဖူး။

တချို့သော မျိုးရိုးဗီဇ တွေ ပြောင်းလဲမှုဖြစ်ပေါ်ရင်လည်း ဒီရောဂါဖြစ်နိုင်ချေ ပိုများတယ်ဆိုပေမယ့် မျိုးရိုးဗီဇ ပြောင်းလဲမှုဖြစ်တိုင်း သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ဖြစ်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ တခြား အခြေအနေတွေလည်း ပေါင်းစပ်ပါဝင်ရဦးမှာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေမှာတော့ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းဟာ ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ကို ခံစားနေရတယ်လို့ ဆိုပါတယ်။ လူဖြူတွေမှာ ဒီရောဂါအဖြစ်များတယ်ဆိုပေမယ့် လက်ရှိမှာတော့ လူမျိုးအတော်များများမှာ ဖြစ်နေတာကိုတွေ့ရတဲ့အပြင် တကမ္ဘာလုံးမှာလည်း ဂလူတန် ဓါတ်မတည့် အူလမ်းကြောင်း ပြဿနာကို တွေ့ရှိနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

• မိသားစုဝင်တွေမှာ ဒီရောဂါရှိတာ ဒါမှမဟုတ် dermatitis herpetiformis ဆိုတဲ့ အရေပြားမှာ အရည်ကြည်ဖုလို အကွက်တွေ ထွက်လာပြီး ယားယံတဲ့ ရောဂါရှိခြင်း

• ဆီးချိုသွေးချို အမျိုးအစား (၁) ရောဂါ ရှိခြင်း။

• မွေးရာပါ ကိုယ်လက်အင်္ဂါချို့တဲ့ တဲ့ ရောဂါတွေ ဖြစ်တဲ့ ဒေါင်းဆင်ဒရုန်း ဒါမှမဟုတ် Turner ဆင်ဒရုန်း တွေရှိခြင်း။

• သိုင်းရွိုက်ဂလင်းကို မိမိခန္ဓါကိုယ်ခုခံအားက အလိုလို ဖျက်ဆီးတိုက်ဖျက်တဲ့ ရောဂါရှိခြင်း

• အူမကြီးရောင်တဲ့ ရောဂါရှိခြင်း။

• အက်ဒီဆင် ရောဂါ (addison disease) ရှိနေခြင်း။

• လေးဖက်နာရောဂါရှိခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ထိုရောဂါ ဟုတ်မဟုတ် သိရှိနိုင်ဖို့အတွက် ဆရာဝန်တွေ အနေနဲ့ အောက်ဖော်ပြပါ သွေးစစ်ဆေးမှု နှစ်မျိုးကို ပြုလုပ်ခိုင်းပါလိမ့်မယ်။

• သင့်သွေးထဲမှာ antibodies လို့ခေါ်တဲ့ ပဋိပစ္စည်းတွေကို ရှာဖွေတဲ့ စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပြီး ပဋိပစ္စည်းတွေ အတိုင်းအတာ တစ်ခုအထိ တက်နေမယ်ဆိုရင်တော့ ဒါဟာ သင့်ခန္ဓါကိုယ်က ဂလူတန် (gluten) ကို တုန့်ပြန်တိုက်ထုတ်နေတာကို ပြတာပဲ ဖြစ်ပါတယ်။

• မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုတစ်ခု အဖြစ် human leukocyte antigens (HLA-DQ2 and HLA-DQ8) ကိုလည်း ရှာဖွေစစ်ဆေးနိုင်ပါတယ်။

တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ သွေးစစ်ဆေးမှုတွေက သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ပြဿနာ ရှိနေနိုင်တယ်လို့ ဖော်ပြနေမယ်ဆိုရင် သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့ အူသိမ်အနေအထားကို သိရှိနိုင်ဖို့အတွက် မှန်ပြောင်းကြည့်မှာဖြစ်တဲ့အပြင် villi ကို ထိခိုက်မှု အနေအထားကို သိရှိနိုင်ဖို့အတွက် တစ်သျှူးအသားစကို ယူပြီး ဓါတ်ခွဲစစ်ဆေးပါလိမ့်မယ်။

သင်စားနေကျ အစားအစာတွေထဲမှာ ဂလူတန် (gluten) မပါတော့ဖူးဆိုရင် သွေးစစ်ဆေးမှု အဖြေတွေကို ပြောင်းလဲစေနိုင်တဲ့အတွက် ဂလူတန် (gluten) မပါတဲ့ အစားအစာတွေကိုသာ စားသုံးခြင်းမပြုခင် အထက်ပါ စစ်ဆေးမှုတွေကို ခံယူဖို့ အရမ်းပဲ အရေးကြီးပါတယ်။

Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဂလူတန် (gluten) မပါတဲ့ အစားအစာတွေကိုပဲ တသက်လုံးစားသွားခြင်းဟာ တစ်ခုတည်းသော ကုသမှုပဲ ဖြစ်ပါတယ်။ ဂျုံ အပြင် gluten ပါတဲ့ အစားအစာတွေက ဘာလီ၊မုယောစပါး၊ ၊မြင်းစားဂျုံ ၊ မုယောခြောက် စတဲ့ ဂျုံ မျိုးနွယ်ဝင်တွေပဲ ဖြစ်ပါတယ်။

ဂလူတန် (gluten) မပါတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ရာမှာ သင့်ကို အကူအညီပေးနိုင်ဖို့အတွက် အာဟာရပညာရှင်ဆီ သွားရောက်ဆွေးနွေးဖို့ သင့်ဆရာဝန်က လမ်းညွှန်ပါလိမ့်မယ်။

သင်နေ့စဉ်စားနေတဲ့ အစားအစာတွေထဲကနေ ဂလူတန် (gluten) ကို ဖယ်ထုတ်လိုက်ပြီဆိုတာနဲ့ သင့်ရဲ့ အူသိမ်ရောင်ရမ်းမှုဟာ စတင်ပြီး သက်သာလာမှာ ဖြစ်ပါတယ်(အများအားဖြင့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပေါ့)။ သင့်အနေနဲ့ ရက်ပိုင်းအတွင်းမှာပဲ နေလို့ထိုင်လို့ ကောင်းလာတာကို ခံစားရမှာ ဖြစ်ပေမယ့် အပြည့်အ၀ ကောင်းသွားဖို့နဲ့ villi တွေ ပြန်ထွက်လာဖို့ကတော့ လအနည်းငယ်ကနေ နှစ်အနည်းငယ်အထိ အချိန်ယူရမှာ ဖြစ်ပါတယ်။

ကလေးတွေမှာ ပိုပြီးမြန်မြန်ဆန်ဆန် ပြန်ကောင်းလေ့ရှိပါတယ်။

သင့်အနေနဲ့ ဂလူတန် (gluten) ပါတဲ့ အစာအစာတွေကို မတော်တဆ စားမိမယ်ဆိုရင် ဗိုက်နာတာ နဲ့ ဝမ်းလျှောတာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ တချို့လူတွေဟာ ဂလူတန် စားလို့ ဘာရောဂါလက္ခဏာမှ မပြပေမယ့် ဒါဟာ ဂလူတန် အနေနဲ့ သင့်ကို အန္တရာယ်မဖြစ်စေဖူးလို့ ဆိုလိုတာမဟုတ်ပါဖူး။ ရောဂါလက္ခဏာပြပြ မပြပြ သင်စားတဲ့ အစားအစာတွေထဲမှာ ဂလူတန် ပမာဏ အနည်းငယ်ပဲ ပါရင်တောင် အန္တရာယ်ဖြစ်စေတယ်ဆိုတာကို သိထားရပါမယ်။

ဂလူတန် ဟာ ဂျုံ မဟုတ်တဲ့ အစားအစာတွေ၊ ဆေးဝါးတွေ နဲ့ အစားအသောက်မဟုတ်တဲ့ ပစ္စည်းတွေမှာလည်း ပုန်းလျှိုးကွယ်လျှိုး ပါဝင်လာတာရှိ ပါသေးတယ်။ ဒါတွေကတော့

• ပြုပြင်ထားတဲ့ ဆန်၊အစားအသောက် တာရှည်ခံဆေး

• ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေ နဲ့ ဆေးစာမလိုဘဲ မိမိဖာသာ ဆေးဆိုင်မှာ ဝယ်နိုင်တဲ့ဆေး

• ဗီတာမင်နဲ့ သတ္တုဓါတ် ဖြည့်စွက် အားဆေး

• သဘာဝ သစ်ဥသစ်ဖုတွေ၊အာဟာရ ဖြည့်စွက်စာ

• သွားတိုက်ဆေး၊ အာလုပ်ကျင်းဆေး

• စာအိတ်၊ တံဆိပ်ခေါင်း ကပ်တဲ့ ကော်

• ကလေးတွေဆော့တဲ့ အရုပ်လုပ်ဂျုံများ

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Celiac Diseaseကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ (Celiac disease) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

တကယ်လို့ သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ်ရောဂါ ရှိနေတာကို သိပြီဆိုရင် ဂလူတန် ပါဝင်တဲ့ အစားအစာတွေ အားလုံးကို ရှောင်ရပါတော့မယ်။ သင့်အတွက် ဂလူတန် မပါဝင်တဲ့ အစားအစာတွေကို ရွေးချယ်တဲ့နေရာမှာ ကူညီအကြံပေးနိုင်ဖို့အတွက် အာဟာရပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ဖို့ သင့်ဆရာဝန်ကို မေးမြန်းပါ။

ဂလူတန် ကိုရှောင်ပေမယ့် သင်စားတဲ့ အစားအစာတွေထဲမှာ ဗီတာမင်၊သတ္တုဓါတ်၊အမျှင်ဓါတ်နဲ့ ကယ်လ်ဆီယမ်ဓါတ်တို့ လုံလုံလောက်လောက် ပါဝင်ဖို့ကလည်း အရေးကြီးပါသေးတယ်။

အောက်မှာ ဖော်ပြထားတာကတော့ ဂလူတန် ပါဝင်တဲ့ အစားအစာတွေ(ရှောင်ရန်) နဲ့ ဂလူတန် မပါဝင်တဲ့ အစားအစာတွေ (စားရန်) ဖြစ်ကြပါတယ်။

ရှောင်ရန်

• ဂျုံအပြင် ဘာလီ၊မုယောစပါး၊ မြင်းစားဂျုံ၊ မုယောခြောက် စတာတွေပါဝင်တဲ့ အစားအစာတွေနဲ့ သောက်စရာတွေကို ရှေြာင်ကဉ်ရပါမယ်။

အညွှန်းဖတ်ပါ

ဂလူတန် မပါဝင်ပါ ဒါမှမဟုတ် ဂလူတန် ပါဝင်တဲ့ ဘယ်လိုပစ္စည်းမျိုးကိုမှ အသုံးမပြုထားပါလို့ စာညွှန်းမပါတဲ့ ထုတ်ပိုးထားပြီးသား ဘယ်လိုအစားအစာမျိုးကိုမှ မစားပါနဲ့။ ဂျုံစေ့တွေ၊ ပတ်စတာ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး၊ ပိုင်မုန့်တို့လို မုန့်ဖုတ်ထားတဲ့ အစာအစာတွေ အပြင် ဂလူတန် ပါဝင်လာနိုင်တဲ့ ထုတ်ပိုးပြီးသား ပစ္စည်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

• ဘီယာ

• သကြားလုံး

• အချဉ်ရည် ဆော့စ်

• အသားတု၊ပင်လယ်စာ

• ဝက်အူချောင်း၊ကြက်အူချောင်း တွေအပါအဝင် ကြိုတင်ချက်ပြုတ်ပြီးမှ ထုတ်ပိုးရောင်းချတဲ့ အသား

• ပဲပုပ်ဆော့စ် အပါအဝင် ဆော့စ်။

• စွပ်ပြုတ်

• အချို့ အစေ့အဆန်များ။ oat လိုမျိုး အစေ့အဆန်သည် စိုက်ပျိုးထုတ်ပိုးချိန်တွင် ဂျုံနှင့် ရောနှောသွားနိုင်သောကြောင့် မစားသင့်ပါ။ လုံးဝသန့်စင်တဲ့ oat က အန ္တရာယ်ကင်းသည်တော့ မှန်ပါသည်။

စားလို့ရတဲ့ အစားအစာများ

ပုံမှန်စားနေကျ အစားအစာ အများစုဟာ ဂလူတန် (gluten) မပါဝင်ပါဘူး။ ဥပမာ

• လတ်ဆတ်တဲ့ အသား၊ငါး၊ဗမာကြက်

• သစ်သီး

• နို့ထွက်ပစ္စည်းအများစု

• အာလူး

• ဟင်းသီးဟင်းရွက်

• ဝိုင် နဲ့ အရက်

ဂလူတန် (gluten) မပါဝင်တဲ့ အစေ့တွေ၊ကစီဓါတ် ပြည့်ဝတဲ့ အစားအစာများ

အာတာလွတ်

• ပန်းဂျုံ။

• ပြောင်းဖူး။

• Gluten မပါတဲ့ ဆန်၊ပဲပုပ်၊ ပြောင်းဖူး၊ အာလူး၊ပဲ။

• ပြောင်းဖူးနဲ့ပဲ လုပ်ထားတဲ့ ပါပလာကြော်။

• Quinoa စေ့

• ဆန်။

• ပီလောပီနံ

• Carob ကို gluten အစားထိုး အဖြစ် စားလို့ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ဂလူတန်ဓါတ်မတည့် အူသိမ်ရောဂါ အပေါ် သူ့ရဲ့ အကျိုးသက်ရောက်မှုတွေကို သေချာသိရှိစေနိုင်ဖို့အတွက် လေ့လာသုတေသန ပြုမှုတွေ ဆက်လုပ်ရဦးမှာပါ။

ပေါင်မုန့်နဲ့ pasta ကြိုက်တဲ့ ဂလူတန်ဓါတ်မတည့် အူသိမ်ရောဂါ ဝေဒနာရှင်တွေအတွက် ကံကောင်းတဲ့အချက်က ဂလူတန် မပါတဲ့ ပစ္စည်းတွေ အများအပြား ဝယ်ယူရရှိနေပြီဆိုတာပါပဲ။ တကယ်လို့ သင့်အနီးအနားက ပေါင်မုန့်ဆိုင် ဒါမှမဟုတ် ကုန်စုံဆိုင်မှာ ဝယ်လို့မရဖူးဆိုရင် အွန်လိုင်းကနေ ရှာဝယ်လို့လည်း ရပါသေးတယ်။

ဂလူတန် ပါဝင်တဲ့ အစားအစာတွေနေရာမှာ အစားထိုးဖို့ ဂလူတန် မပါတဲ့ စားသောက်ကုန်တွေ ရှိနေပေမယ့် သူတို့မှာ အဆီနဲ့ ကယ်လိုရီတွေ အလွန်အကျွံပါဝင်လာနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement