Breast Pain (ရင်သားနာကျင်ခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Breast Pain (ရင်သားနာကျင်ခြင်း) ကဘာလဲ။

ရင်သားနာကျင်ခြင်းဆိုတာမှာ ရင်သားကိုထိကိုင်တဲ့အခါနာကျင်ခြင်း၊ တစ်ဆစ်ဆစ်နာခြင်း၊ တစ်ခုခုနဲ့ထိုးနေသလိုနာကျင်ခြင်း၊ သို့ တင်းကြပ်နေသလိုနာကျင်ခြင်းတို့ အကုန်ပါပါတယ်။ နာကျင်ခြင်းဟာ ဆက်တိုက်လည်းဖြစ်နိုင်သလို၊ တခါတရံဖြစ်ပေါ်တာလည်းဖြစ်နိုင်ပါတယ်။

သာမန်နာကျင်မှုကနေ ပြင်းပြင်းထန်ထန်ထိဖြစ်နိုင်တယ်။ အမျိုးမျိုးရှိပါတယ်။

  • တစ်လမှာရက်အနည်းငယ်၊ သင့်ဓမ္မတာလာချိန်မတိုင်ခင် နှစ်ရက်သုံးရက်မှာ ရင်သားနှစ်ဖက်စလုံး သာမန်မျှတင်းကြပ်နာကျင်ခြင်း။ ဒါကတော့ပုံမှန်ဖြစ်တယ်။
  • တစ်ပတ် သို့ တစ်လ တစ်လပိုကြာလာပြီး၊ ဓမ္မတာမစခင်မှ ပြီးသည်ထိ ဆက်တိုက်နာကျင်နေမယ်၊ နာကျင်မှုကလည်းပြင်းထန်မယ်၊ နှစ်ဖက်စလုံးနာကျင်မယ်။
  • ဓမ္မတာလာခြင်းနဲ့မဆိုင်ဘဲ တစ်လလုံးနာကျင်နေခြင်း။

သွေးဆုံးပြီးသောအမျိုးသမီးများမှာ တခါတရံ ရင်သားနာကျင်တတ်ပေမယ့် သွေးမဆုံးသေးသော အမျိုးသမီးငယ်ငယ်တွေမှာ ပိုတွေ့ရများပါတယ်။

ဒါပေမယ့် များသောအားဖြင့် ထိုကဲ့သို့နာကျင်ခြင်းတွေဟာ ကင်ဆာမဟုတ်တတ်ပါဘူး။ သို့သော်လည်း ဓမ္မတာလာပြီးသည်ထိ အကြောင်းအရင်းမရှိ မပျောက်ဘဲကျန်နေသေးသော ရင်သားနာကျင်မှုများတွေကို ဆရာဝန်ပြဖို့တော့လိုပါတယ်။

Breast Pain (ရင်သားနာကျင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေ၊ အခြေအနေတွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Breast Pain (ရင်သားနာကျင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရင်သားနာကျင်မှုတွေကို ရာသီစက်ဝန်းနဲ့ဆိုင်သောနာကျင်မှုနဲ့ မဆိုင်သောနာကျင်မှုဟူပြီး နှစ်မျိုးခွဲနိုင်တယ်။ တစ်မျိုးဆီမှာ ထင်ရှားတဲ့အင်္ဂါရပ်တွေရှိပါတယ်။

ဓမ္မတာစက်ဝန်းနဲ့ဆိုင်သောရင်သားနာကျင်မှု-

  • သိသိသာသာပဲဓမ္မတာစက်ဝန်းနဲ့ဆက်နွယ်နေတယ်။
  • များသောအားဖြင့်တဆစ်ဆစ်ကိုကလေ့ရှိတယ်။
  • ရင်သားရောင်ရမ်းခြင်း၊ အကျိတ်အဖုပေါ်ခြင်းတို့နဲ့ တွဲနိုင်တယ်။
  • အများအားဖြင့်ရင်သားနှစ်ဖက်စလုံးဖြစ်နိုင်ပြီး၊ အပေါ် အပြင်ပိုင်းဖြစ်ကာ ချိုင်းထိနာကျင်မှုပျံ့တတ်တယ်။
  • ဓမ္မတာမလာစဉ် ၂ ပတ်အတွင်းမှာ တဖြေးဖြေးပိုဆိုးလာတတ်ပြီး၊ နောက်ပိုင်းသက်သာသွားလေ့ရှိတယ်။
  • အသက် ၂၀၊ ၃၀ ကြားဝန်းကျင်တွေမှာဖြစ်တတ်ပြီး သွေးဆုံးလုနီးအသက် ၄၀ ကျော်အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ဓမ္မတာစက်ဝန်းနဲ့မဆိုင်သောရင်သားနာကျင်မှု-

  • ဓမ္မတာစက်ဝန်းနဲ့မဆက်နွယ်တတ်ပါဘူး။
  • တင်းကြပ်ပြီး မီးစနဲ့ထိုးသကဲ့သို့နာကျင်တတ်တယ်။
  • ဆက်တိုက် သို့ နာလိုက်ပျောက်လိုက်ဖြစ်တတ်တယ်။
  • များသောအားဖြင့် ရင်သားတစ်ဖက်ထဲဖြစ်ပြီး တစ်ဖြေးဖြေးပျံ့လာတတ်ပါတယ်။
  • သွေးဆုံးပြီးအဖြစ်များတယ်။

ရင်သားအပြင်မှလာသောရင်သားနာကျင်မှု – ရင်သားတစ်သျူးတွေမှ နာကျင်မှုစတယ်ထင်ရသော်လည်း ပင်မနာကျင်သောနေရာမှာ တခြားတစ်နေရာဖြစ်နေတတ်တယ်။ ရင်ဘတ်ကြွက်သားများဒဏ်ဖြစ်ခြင်း၊ ထိခိုက်ခြင်းတွေကြောင့် ရင်ဘတ် သို့ နံရိုးနံရံများနာကျင်ပြီး ရင်သားတွေဆီပျံ့နှံ့ခြင်းမျိုးဖြစ်နိုင်တယ်။

တခြားလက္ခဏာ၊ အခြေအနေတွေလည်း ရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်သင့်တယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်များကြုံရပါက ဆရာဝန်နဲ့ပြသင့်တယ်-

  • ရက်သတ္တပတ်အနည်းငယ်ထက်ပိုပြီး နေ့စဉ်ရက်ဆက်နာကျင်နေပါက
  • ရင်သားတစ်နေရာထဲထက်ပိုပါက
  • အချိန်နဲ့အမျှပိုဆိုးလာပါက
  • နေ့စဉ်လှုပ်ရှားမှုများကိုထိခိုက်လာပါက

ရင်သားနာကျင်မှုဟာ ရင်သားကင်ဆာကိုညွှန်ပြခဲတယ်ဆိုပေမယ့် ဆရာဝန်ညွှန်းသည်ကိုလိုက်နာဖို့တော့အရေးကြီးပါတယ်။

အကြောင်းရင်းများ

Breast Pain (ရင်သားနာကျင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တခါတလေမှာတော့ အကြောင်းအရင်းအတိအကျရှာဖို့က ခက်ခဲပါတယ်။ တစ်ချက်ထက်လည်းပိုနေနိုင်တယ်-

  • မျိုးပွားဟော်မုန်းများ – ဓမ္မတာစက်ဝန်းနဲ့ဆိုင်တဲ့ ရင်သားနာကျင်မှုတွေဟာ ဟော်မုန်းတွေနဲ့ ဆက်နွယ်မှုတွေရှိနေတတ်ပါတယ်။ ဒါကြောင့် ထိုကဲ့သို့ ရင်သားနာကျင်မှုမျိုးဟာ ကိုယ်ဝန်ဆောင်ချိန် သို့ သွေးဆုံးချိန်မှာ သက်သာလေ့ရှိတယ်။
  • ရင်သားတည်ဆောက်ပုံ – ဓမတာနဲ့မဆိုင်တဲ့ ရင်သားနာကျင်မှုမျိုးကတော့ နို့ထုတ်ပြွန် သို့ နို့ဂလင်းမ် တွေမှာ အပြောင်းအလဲတွေဖြစ်လို့ဖြစ်နိုင်တယ်။ ရင်သားကြီးထွားဖွံ့ဖြိုးလာမှု၊ ထိခိုက်မှု၊ ခွဲစိတ်မှု စသည်တို့နဲ့ သက်ဆိုင်နေတတ်ပါတယ်။ ရင်သားအပြင်ဘက် ရင်ဘတ်ကြွက်သား၊ နံရံ၊ အဆစ်၊ နှလုံး စသည်တို့မှစတင်ကာ ရင်သားထိပျံ့သွားတာမျိုးဖြစ်တယ်။
  • အဆီအက်စစ်မညီမျှခြင်း – ဆဲလ်များအတွင်း အဆီအက်စစ်ဓါတ်မညီမျှခြင်းဟာ ရင်သားတစ်သျှူးမှ ဟော်မုန်းများကိုတုံ့ပြန်မှုပုံစံဖောက်ပြားစေတယ်။
  • အသုံးပြုသောဆေးများ – တချို့သောမျိုးပွားခြင်းတားသည့်ကုသမှု၊ သန္ဓြေတားခြင်းကဲ့သို့ ဟော်မုန်းကုသမှုများကြောင့်လည်း ရင်သားနာကျင်ရတတ်တယ်။ သွေးဆုံးပြီး အမဟော်မုန်းအသုံးပြုခြင်းကြောင့်လည်း ရင်သားနာကျင်ရတတ်တယ်။ တချို့သော စိတ်ကျဆေးများနဲ့လည်းသက်ဆိုင်နေတတ်ပါတယ်။
  • ရင်သားအရွယ်အစား – ရင်သားကြီးတဲ့အမျိုးသမီးတွေမှာ ဓမ္မတာစက်ဝန်းနဲ့မဆိုင်ဘဲ ရင်သားနာကျင်မှုတွေဖြစ်တတ်တယ်။ လည်ပင်း၊ ပုခုံး နဲ့ ကျောဘက်နာကျင်မှုတွေလည်းတူတူဖြစ်နိုင်ပါတယ်။
  • ရင်သားခွဲစိတ်မှု – ခွဲစိတ်ခြင်း၊ အမာရွတ်ဖြစ်ခြင်းကြောင့် အနာကျက်သွားသည့်တိုင်အောင် နာကျင်နေသည်မျိုး ရှိတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Breast Pain (ရင်သားနာကျင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

  • ရာသီလာစဉ်ဟော်မုန်းပြောင်းလဲမှု
  • ရာသီလာစဉ် ခန္ဓါကိုယ်မှ ရေဓါတ်ပြန်ဆွဲခြင်းဖြစ်စဉ်
  • ရင်သားထိခိုက်မှု
  • ကိုယ်ဝန်ဆောင်ခြင်း
  • နို့တိုက်ခြင်း
  • ရင်သားရောဂါပိုးဝင်ခြင်း
  • ရင်သားကင်ဆာ ( များသောအားဖြင့်တော့ ရင်သားနာကျင်ရခြင်းရဲ့ အကြောင်းအရင်းမဟုတ်တတ်ပါဘူး)

ရောဂါရှာဖွေမှုနဲ့ကုသမှုများ

ဖော်ပြပါအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေရဲ့ အစားထိုးမဟုတ်တာကြောင့် အမြဲဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ မမေ့ပါနဲ့။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Breast Pain (ရင်သားနာကျင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

  • စမ်းသပ်မှု – ရင်သားအပြောင်းအလဲ နှင့် လည်ပင်းအောက်ပိုင်း၊ ချိုင်း လက်မောင်းတို့တွင် ပြန်ရည်ကြောအကျိတ်များကို စမ်းသပ်ပါလိမ့်မယ်။ နှလုံး၊ အဆုတ်တို့ကိုလည်း နားထောင်ကာ၊ ဝမ်းဗိုက်စမ်းသပ်ခြင်းများလည်းပြုလုပ်ပါလိမ့်မယ်။ ရောဂါအကြောင်းစစ်ဆေးခြင်း နဲ့ စမ်းသပ်ခြင်းတွေမှာ ပုံမှန်မဟုတ်တာမတွေ့ပါက နောက်ထပ်သော စစ်ဆေးမှုတွေလုပ်စရာမလိုပါဘူး။
  • ရင်သားပုံရိပ်ရိုက်ကူးခြင်း – တကယ်လို့ ရင်သားမှာ အဖုအကျိတ်တွေ့မယ်၊ ပုံမှန်မဟုတ်တာတစ်ခုခုတွေ့မယ်ဆိုရင် ထိုနေရာကို ဓါတ်မှန်ရိုက်ကြည့်ဖို့လိုပါလိမ့်မယ်။
  • အယ်လ်ထရာဆောင်းရိုက်ခြင်း – အသံလှိုင်းများသုံးကာ ရင်သားတစ်သျူးများကို ပုံဖော်ကြည့်ရှုမှာဖြစ်ပြီး တခါတလေမှာ ရင်သားဓါတ်မှန်ရိုက်ခြင်းနဲ့ တူတူလုပ်တတ်ပါတယ်။ ရင်သားဓါတ်မှန်ရိုက်ခြင်းမှာ ပုံမှန်ဖြစ်နေရင်တောင် အယ်လ်ထရာဆောင်းရိုက်ကြည့်ဖို့လိုလိမ့်မယ်။
  • ရင်သားတစ်သျူးစစ်ဆေးခြင်း – ပုံရိပ်ရိုက်ကူးစစ်ဆေးခြင်းတွေမှာ ပုံမှန်မဟုတ်တာတစ်ခုခု တွေ့မယ်ဆိုရင်တော့ အသားစစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ရင်သားတစ်သျူးနမူနာယူကာ ဓါတ်ခွဲစစ်ဆေးခြင်းဖြစ်တယ်။

Breast Pain (ရင်သားနာကျင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အမျိုးသမီးအများစုမှာတော့ ထိုနာကျင်မှုက ဒီတိုင်းပျောက်သွားလေ့ရှိပါတယ်။

တကယ်လို့ကုသမှုတစ်ခုခုလိုမယ်ဆိုရင်တော့ ဆရာဝန်က ဒါတွေညွှန်းနိုင်ပါတယ် –

  • နာကျင်မှုဖြစ်စေသော သို့ ပိုဆိုးစေသော အချက်ကိုကုသခြင်း – အထောက်အပံ့ကောင်းတဲ့ အတွင်းခံပြောင်းဝတ်ခြင်းကဲ့သို့ ရိုးရှင်းတဲ့နည်းလေးတွေဖြစ်နိုင်ပါတယ်။
  • စတီးရွိုက်မပါသောလိမ်းဆေးသုံးခြင်း – နာကျင်မှုဆိုးရွားမယ်ဆိုရင်တော့ စတီးရွိုက်မပါတဲ့ လိမ်းဆေးတစ်မျိုးမျိုးသုံးဖို့လိုပါလိမ့်မယ်။ ဆရာဝန်ညွှန်းတဲ့ဆေးကိုတိုက်ရိုက်လိမ်းနိုင်တယ်။
  • သန္ဓြေတားခြင်းကိုထိန်းညှိခြင်း – တကယ်လို့သန္ဓြေတားဆေးတွေသောက်နေမယ်ဆိုရင်တော့ တခြားနည်းပြောင်းခြင်းက အကူအညီဖြစ်နိုင်ပါတယ်။ ဆရာဝန်ကိုမမေးဘဲတော့မပြောင်းပါနဲ့။
  • သွေးဆုံးပြီးဟော်မုန်းကုသမှုကိုလျှော့ချခြင်း သို့ ရပ်တန့်ခြင်း။
  • ဆေးသောက်ခြင်း – Danazol ဟာ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာနက လက်ခံထားတဲ့ ရင်သားနာကျင်မှုအတွက်တစ်ခုထဲသော ဆေးဖြစ်တယ်။ ဒါပေမယ့် ဝက်ခြံထွက်ခြင်း၊ အသံပြောင်းခြင်း၊ ဝိတ်တက်ခြင်းတွေလို ဘေးထွက်ဆိုးကျိုးတွေရှိတာကြောင့် ချင့်ချိန်ပြီးသုံးဖို့လိုနေပါတယ်။ ရင်သားကင်ဆာကုသဖို့ နဲ့ ကာကွယ်ဖို့အတွက် ညွှန်းထားတဲ့ Tamoxifen ဆေးကို တချို့အမျိုးသမီးတွေမှာသုံးနိုင်ပေမယ့် ထိုဆေးဟာလည်း ဘေးထွက်ဆိုးကျိုးတချို့ရှိနေနိုင်ပါတယ်ု။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်တွင်းကုနည်းများ

  • Primrose oil (နွေဦးပေါက်စတွင်ပွင့်တတ်သည့် အဝါနုရောင်ပန်းတစ်မျိုးမှရသောအဆီ) – ရင်သားတစ်သျှူးထဲရှိ အဆီအက်စစ်များကို ညီမျှစေပါတယ်။
  • ဗီတာမင် E – ဓမ္မတာစက်ဝန်းကြောင့် ရင်သားနာကျင်တတ်သော အမျိုးသမီးများအတွက် ဗီတာမင် E ဟာ အကူအညီဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

တချို့အမျိုးသမီးတွေမှာ ဗီတာမင်နဲ့ သတ္ထုဓါတ် ထောက်ပံ့မှုတွေက ရင်သားနာကျင်ခြင်းကိုသက်သာစေနိုင်တယ်။ သောက်ရမယ့်ပမာဏ၊ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။

ရင်သားနာကျင်မှုသက်သာရန် တစ်ခုခုသောက်တဲ့အခါ လကဏာမသက်သာလာပါက ချက်ခြင်းဆေးရပ်လိုက်ပါ။ မည်သည့်ထောက်ပံ့ဆေးနဲ့အဆင်ပြေသလဲသိရအောင် တစ်ကြိမ်မှာတစ်မျိုးပဲစမ်းသောက်သင့်ပါတယ်။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 12, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။