backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Breast Biopsy (ရင်သားအသားစစစ်ဆေးခြင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ရင်သားအသားစစစ်ဆေးခြင်း

ရင်သားတစ်သျူးကနေ တစ်သျူးစနမူနာလေးယူကာ ဓါတ်ခွဲခန်းမှာစစ်ဆေးခြင်းဖြစ်ပါတယ်။

ရင်သားတဝိုက် ကင်ဆာအဖြစ်သံသယရှိနေသောနေရာမှာ ကင်ဆာဟုတ်မဟုတ် သိရှိရန်သုံးနိုင်တယ်။ ရင်သားအသားစနမူနာယူခြင်းနည်း အမျိုးမျိုးရှိနိုင်ပါတယ်။

ရင်သားမှာအကျိတ်ပေါ်ခြင်း၊ သို့ အယ်လ်ထရာဆောင်း ဒါမှမဟုတ် ရင်သားပုံရိပ်ရိုက်ကူးခြင်းတို့မှာ ပေါ်လာတဲ့ ပုံမှန်မဟုတ်ခြင်း တစ်ခုခုကိုအဖြေထုတ်ဖို့အတွက်သုံးနိုင်တယ်။ ထိုကဲ့သို့ ဓါတ်ခွဲစစ်ဆေးလိုက်ခြင်းဟာ ဆရာဝန်ကို ရောဂါအခြေအနေသိရှိစေပြီး သင့်အတွက်မည်သည့်ကုသမှုလိုအပ်သလဲ ဆုံးဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

ဘာကြောင့်ရင်သားအသားစစစ်ရသလဲ

အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ် –

  • ဆရာဝန် သို့ သင်ကိုယ်တိုင် စမ်းမိသော ရင်သားအကျိတ်ကို ဆရာဝန်ကကင်ဆာဟု သံသယရှိပါက
  • ရင်သားပုံရိပ်ရိုက်ကူးစစ်ဆေးခြင်းမှာ သံသယဖြစ်ဖွယ် နေရာတစ်ခုတွေ့ရှိရပါက
  • အယ်လ်ထရာဆောင်းရိုက်ကူးမှုတွင် သံသယဖြစ်ဖွယ်တွေ့ရပါက
  • ရင်ဘတ်ပိုင်းသံလိုက်ဓါတ်မှန်တွင် သံသယဖြစ်စရာ အဖြေဖြစ်နေပါက
  • နို့သီးခေါင်းအက်ကွဲခြင်း၊ အရေခွံလန်ခြင်း၊ အရေပြားတွန့်ခြင်း၊ သွေးထွက်ခြင်းကဲ့သို့ မူမမှန်သောနို့သီးခေါင်းပြောင်းလဲခြင်းများကြုံလာရပါက

သိထားသင့်သောအချက်များ

ရင်သားအသားစမစစ်ခင် သိထားသင့်တဲ့ အကြမ်းဖျင်းအချက်အလက်တွေကတော့-

ရင်သားအသားစစစ်ဆေးခြင်းရဲ့အန္တရာယ်များ –

  • ရင်သားတွင်ပွန်းရာပဲ့ရာများကျန်ခဲ့ခြင်း၊ ရောင်ရမ်းစေခြင်း
  • အသားစယူလိုက်သည့်နေရာတွင်သွေးထွက်ခြင်း သို့ ရောဂါပိုးဝင်ခြင်း
  • ဖယ်ထုတ်လိုက်သောတစ်သျူးပမာဏ၊ ပြန်လည်အနာကျက်ပုံပေါ်မူတည်ပြီး ရင်သားပုံစံပြောင်းလဲခြင်း။
  • အသားစအဖြေပေါ်မူတည်ပြီး နောက်ထပ်ကုသမှုများ၊ ခွဲစိတ်မှုများ
  • ဖျားလာရင် သို့ အသားစယူတဲ့နေရာမှာ နီရဲရောင်ရမ်း ပူနွေးနေမယ်ဆိုရင် သို့ ပုံမှန်မဟုတ် အရည်တချို့ထွက်နေမယ်ဆိုရင် ဒါတွေဟာ ပိုးဝင်းတဲ့လက္ခဏာတွေဖြစ်နိုင်တာကြောင့် ဆရာဝန်ပြသင့်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

အသားစမစစ်ဆေးခင်မှာ အောက်ပါအချက်တွေရှိနေပါက ဆရာဝန်ကိုပြောပြပါ –

  • ဓါတ်မတည့်ခြင်းများရှိပါက
  • လွန်ခဲ့သောတစ်ပတ်အတွင်း aspirin သောက်ထားပါက
  • သွေးကျဲဆေးသောက်နေရပါက
  • အချိန်ကြာဝမ်းလျားမမှောက်နိုင်ပါက

အသားစယူခြင်းကို သံလိုက်ဓါတ်မှန်နဲ့အတူ ဆောင်ရွက်မည်ဆိုလျှင် သင့်မှာနှလုံးစက်တပ်ထားပါက သို့ တခြားသောစက်ပစ္စည်းတစ်ခုခုတပ်ထားပါက ဒါမှမဟုတ် ကိုယ်ဝန်ရှိနေပါက၊ ကိုယ်ဝန်ရှိနေသည်ထင်ပါက ဆရာဝန်ကိုပြောပြပါ။ ထိုအခြေအနေများအတွက် သံလိုက်ဓါတ်မှန်ရိုက်ရန် အဆင်မပြေပါ။

အတွင်းခံအင်္ကျီဝတ်သွားလို့ရပါတယ်။ အသားစယူတဲ့နေရာကို ရေခဲကပ်ခိုင်းတဲ့အခါ အတွင်းခံအင်္ကျ ီကထိန်းထားပေးနိုင်ပါလိမ့်မယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

အသားစယူတဲ့အခါမှာ ရင်သားအကျိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကိုယူပြီး စစ်ဆေးခြင်း သို့ ရင်သားကျိတ်တစ်ခုလုံးဖယ်ထုတ်ခြင်းဖြစ်နိုင်ပါတယ်။ လက် သို့ လက်မောင်းမှတဆင့် မေ့ဆေးနဲ့ထုံဆေးပေးပြီး ခွဲခန်းထဲမှာဆောင်ရွက်ပါလိမ့်မယ်။

ရင်သားအကျိတ်ကိုရှာမတွေ့ပါက wire localization လို့ခေါ်တဲ့ နည်းနဲ့အကျိတ်ရှိရာလမ်းကြောင်းရှာဖွေပါလိမ့်မယ်။ ဝိုင်ယာကြိုးမျှင်မျှင်းလေးတစ်ခုကိုသုံးပြီး ရှာခြင်းဖြစ်တယ်။ မခွဲစိတ်မီအသုံးပြုပါလိမ့်မယ်။

အသားစထုတ်ယူစဉ်မှာတော့ ထိုဝိုင်ယာနဲ့အတူ ရင်သားအကျိတ်တစ်ခုလုံးဖယ်ပစ်ပါလိမ့်မယ်။ အကျိတ်တစ်ခုလုံးဖယ်ပစ်ကြောင်းသေချာစေရန် တစ်သျှူးစကို ဆေးရုံဓါတ်ခွဲခန်းပို့ကာ ကင်ဆာဆဲလ်ဟုတ်မဟုတ်စစ်ဆေးပြီး ကင်ဆာဖြစ်နေပါက ထိုအကျိတ်ရှိခဲ့တဲ့နေရာရဲ့ အနားသားတွေပါ ကင်ဆာဆဲလ်ကျန်သေးသလား စစ်ဖို့လိုပါလိမ့်မယ်။

အနားတွေမှာပါကင်ဆာဆဲလ်ရှိနေသေးတယ်ဆိုရင်တော့ နောက်ထပ်ခွဲစိတ်ပြီးဖယ်ထုတ်ပစ်ဖို့ ထပ်မံချိန်းဆိုပါလိမ့်မယ်။ အနားတွေမှာကင်ဆာဆဲလ်မရှိပါက ကင်ဆာကိုလုံလုံလောက်လောက်ဖယ်ပစ်နိုင်ခဲ့ပါပြီ။

ခွဲစိတ်ပြီးဘာဆက်ဖြစ်မလဲ

လုပ်ဆောင်မှုပြီးတဲ့အခါ အသားစယူ၊ ခွဲစိတ်ထားတဲ့နေရာကို ပတ်တီးစည်း၊ ရေခဲကပ်ပြီး အိမ်ပြန်လို့ရပါပြီ။ ထိုနေ့တစ်နေ့လုံး ကောင်းကောင်းနားသင့်ပေမယ့် နောက်ရက်တွေမှာ မိမိဆောင်ရွက်နေကြ နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လုပ်နိုင်ပါတယ်။ ရင်သားမှာပွန်းခြင်း၊ ရှခြင်းများတော့ ကျန်ကောင်းကျန်နေတတ်ပါတယ်။

နာကျင်မှုနဲ့ မသက်မသာဖြစ်မှုကို အဆင်ပြေစေဖို့ ပါရာစီတမော ကဲ့သို့ aspirin မပါသော အကိုက်အခဲပျောက်ဆေး၊ အနာပျောက်ဆေး သောက်နိုင်ပါတယ်။ အရောင်ကျစေရန် ရေခဲကပ်နိုင်တယ်။

သိလိုသည်များရှိသေးပါက ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။

အဖြေကိုသိရှိခြင်း

ရလဒ်များ

ရောဂါဗေဒမှတ်တမ်းမှာ တစ်သျူးနမူနာရဲ့ အရွယ်အစား၊ အမာအပျော့၊ တစ်သျူးစယူသည့်နေရာ၊ ကင်ဆာဟုတ်မဟုတ်၊ ကင်ဆာဆဲလ်ရှိမရှိနှင့် ကင်ဆာဖြစ်နိုင်ချေရှိမရှိ စသည်တို့ပါရှိပါတယ်။

တစ်သျူးစစစ်ခြင်းကပုံမှန်ဖြစ်နေရင် ဓါတ်မှန်ဆရာဝန်၊ ရောဂါဗေဒကျွမ်းကျင်ဆရာဝန်တို့နဲ့ ပြန်ပြီးတိုင်ပင်ဖို့လိုပါလိမ်မယ်။ တခါတရံမှာ ထိုပညာရှင်နှစ်ယောက်ရဲ့ အယူအဆတွေလည်း ကွဲနေတတ်ပါတယ်။ ဥပမာ သင့်ဓါတ်မှန်ဆရာဝန်က ကင်ဆာကျိတ် သို့ ကင်ဆာဖြစ်နိုင်ချေရှိသောအခြေအနေရှာတွေ့သည်ဆိုသော်လည်း ရောဂါဗေဒကျွမ်းကျင်ဆရာဝန်ကမူ သာမန်ရင်သားတစ်သျူးဟု ယူဆနိုင်ပါတယ်။ ထိုအခါမှာတော့ တစ်သျူးစထပ်စစ်ဖို့လိုပါလိမ့်မယ်။

ရောဂါဗေဒဆရာဝန်မှ ကင်ဆာဟုတင်ပြလာပါက ကင်ဆာအမျိုးအစား၊ ထိုကင်ဆာမှာဟော်မုန်းနှင့်ဆိုင်မဆိုင် စသည်ဖြင့် အကြောင်းအရာများနှင့်တကွ တင်ပြပါလိမ့်မယ်။ ထိုအခါ သင့်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ကုသမှုနည်းရှာဖွေနိုင်ပါလိမ့်မယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံပေါ်မူတည်ပြီး အသားစစစ်ဆေးမှုက အနည်းငယ်ကွာခြားနိုင်ပါတယ်။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement