အဓိပ္ပါယ်ဖွင့်ဆိုချက်

အိပ်ယာထဲ ဆီးသွားတယ်ဆိုတာ ဘာလဲ။

အိပ်ယာထဲဆီးသွားခြင်းဆိုတာ ညအိပ်နေတုန်းမှာ ဆီးအိမ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ ဆေးပညာအသုံးအနှုန်းနဲ့ nocturnal (night time)enuresis လို့ခေါ်ပါတယ်။ အိပ်ယာထဲ ဆီးသွားတာဟာ ရှက်စရာဖြစ်ပေမယ့် ယေဘုယျအားဖြင့်ဆိုးရွားတဲ့ ပြဿနာ၊ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။

အိပ်ယာထဲဆီးသွားတာ ဘာလို့ဖြစ်တယ်၊ ဘာလို့ပျောက်သွားတယ်ဆိုတာကို အတိအကျ မသိရှိရသေးပါဘူး။ ဒါဟာ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့ တစိတ်တဒေသမျှသာ ဖြစ်ပြီး ကလေးတွေအသက်ကြီးလာတဲ့အခါ ပျောက်သွားလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် အိပ်ယာထဲဆီးသွားတာဟာ စိုးရိမ်ရတဲ့ထူးထူးခြားခြားအကြောင်းရင်းခံ (ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရ) မရှိတတ်ပါဘူး။

အိပ်ယာထဲဆီးသွားတာ တော်တော်နဲ့မပျောက်ဘူးဆိုရင် သင့်အနေနဲ့စိတ်ရှည်သီးခံ၊ နားလည်ပေးပြီး ပြဿနာကို ဖြေရှင်းရပါမယ်။ ဆီးကိုအချိန်နဲ့သွားတဲ့အကျင့် လုပ်ပေးတာမျိုး၊ ဆီးသွားတတ်တဲ့အချိန်ကို မှတ်ထားပြီး လိုက်တည်ပေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကုသတာမျိုး ပြုလုပ်ပေးမယ်ဆိုရင် အိပ်ယာထဲဆီးသွားတာကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

အိပ်ယာထဲဆီးသွားခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပြီး ကလေးတွေ (အထူးသဖြင့် ခြောက်နှစ်အောက်ကလေးတွေမှာ) အဓိက ဖြစ်ပွားပါတယ်။

ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

အိပ်ယာထဲဆီးသွားခြင်းရဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ။

• အိပ်ယာထဲမှာဆီးမသွားသင့်တော့တဲ့ အသက်အရွယ်ကျော်လွန်သွားသည့်တိုင် မထိန်းနိုင်ဘဲအိပ်ယာထဲ ညဖက်ရှူးပေါက်ချတာကို Bed-wetting (အိပ်ယာထဲဆီးသွားခြင်း) လို့ခေါ်ပါတယ်။
• အတိအကျသတ်မှတ်ထားနိုင်ခြင်းမရှိပေမယ့် အကြမ်းဖြင်းအားဖြင့် အသက်၅ နှစ်အရွယ်လောက်မှာ ကလေးအများစုဟာ ကောင်းကောင်းဆီးထိန်းနိုင်ပါပြီ။ တချို့ကလေးတွေဟာ အသက် ၅ နှစ်နဲ့၇ နှစ်ကြားလောက်အထိ အိပ်ယာထဲဆီးသွားနေသေးတုန်းပဲ ဖြစ်ပါတယ်။

အသက် ၇ နှစ်အထက်ကလေးတွေရဲ့ အနည်းအကျဉ်းပမာဏကသာ ဆီးမထိန်းနိုင်သေးတာမျိုး ဆက်ရှိနေတာပါ။
အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ဆက်သွယ်သင့်ပါတယ်။
• အနည်းဆုံး ၆ လ ဆက်တိုက်လောက် ဆီးမထိန်းနိုင်တဲ့ ပြဿနာမရှိခဲ့ဘဲ ရုတ်တရက်ကြီးအိပ်ယာထဲဆီးသွားတာမျိုး ဖြစ်လာခဲ့ရင်။
• နေ့ဖက်တွေမှာပါဘောင်းဘီထဲရှူးပေါက်ချတာမျိုးရှိခဲ့ရင်။
• ညဖက်အိပ်နေရင်းဟောက်ရင်။
• ဆီးသွားတဲ့အခါပူခြင်း၊ နာကျင်ခြင်းဖြစ်နေရင်
• ဆီးခဏခဏသွားနေရရင်။
• ခြေထောက်ဖောရောင်တာမျိုးရှိခဲ့ရင်။
• အသက် ၇နှစ်မကတော့တာတောင် အိပ်ယာထဲပေါက်ချနေတုန်းဆိုရင်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

ဘာတွေကအိပ်ယာထဲဆီးသွားခြင်းကို ဖြစ်စေသလဲ။

• ဆီးအိမ်သေးခြင်း။ ညတစ်ညလုံးစာ ဆီးတွေသိုလှောင်ဖို့လုံလောက်အောင် သင့်ကလေးရဲ့ ဆီးအိမ်ကကြီးမနေဘူးဆိုရင် ဒီအခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။
• ဆီးအိမ်ပြည့်တင်းတာကို မသိခြင်း။ ဆီးအိမ်ကို ထောက်ပံ့ပေးထားတဲ့ အာရုံကြောတွေ ဖွံ့ဖြိုးမှု နှေးကွေးရင် ဆီးအိမ်ပြည့်တင်းလာရင်လည်း သင့်ကလေးအိပ်ယာကနိုးမှာမဟုတ်ပါဘူး(အထူးသဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေချိန်တွေမှာပေါ့)။
• ဟော်မုန်းပမာဏမညီမျှခြင်း။
• စိတ်ဖိအားတွေရှိနေခြင်း (ဥပမာကျောင်းအသစ်ပြောင်းတက်ရတာ၊အိမ်နဲ့အဝေးမှာအိပ်ရတာစသဖြင့်)။
• ဆီးလမ်းကြောင်းပိုးဝင်ခြင်း။
• အိပ်နေရင်းခေတ္တ အသက်ရှုရပ်သွားတတ်ခြင်း။
• ဆီးချို ။ပုံမှန်အားဖြင့်အိပ်ရာထဲရှုးပေါက်ချလေ့မရှိတဲ့ကလေးတွေအတွက်ဆီးချိုရဲ့ပထမဦးဆုံးသောရှေ့ပြေးလက္ခဏာဟာ bed-wetting လို့ခေါ်တဲ့အိပ်ယာထဲဆီးသွားတာ ဖြစ်နေတတ်ပါတယ်။
• ကာလကြာရှည်ဝမ်းချုပ်ခြင်း ။ဆီးသွားတာနဲ့ဝမ်းသွားတာကိုထိန်းချုပ်တဲ့ကြွက်သားတွေကအတူတူပဲ ဖြစ်ပါတယ်။
• ဆီးလမ်းကြောင်းဒါမှမဟုတ်အာရုံကြောစနစ်ဖွဲ့စည်းပုံမှာ ပြဿနာရှိခြင်း ။

ဖြစ်နိုင်ခြေများ

ဘယ်အရာတွေက အိပ်ယာထဲဆီးသွားခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေပါသလဲ။

အိပ်ယာထဲ ဆီးသွားခြင်းဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-
ယောက်ျားလေး ဖြစ်နေခြင်း။ ဒီအခြေအနေဟာ ကျားမမရွေး ဖြစ်ပေါ်နိုင်တယ်ဆိုပေမယ့် ယောက်ျားလေးတွေမှာ ဖြစ်နိုင်ချေက မိန်းကလေးတွေထက် နှစ်ဆပိုများပါတယ်။
မျိုးရိုးလိုက်ခြင်း။ ကလေးရဲ့မိဘတစ်ယောက် ဒါမှမဟုတ်နှ စ်ယောက်လုံးအနေနဲ့ကလေးဘဝက အိပ်ယာထဲရှူးပေါက်ချလေ့ရှိခဲ့တယ်ဆိုရင် သူတို့ရဲ့ကလေးလည်း ဒါမျိုးဖြစ်နိုင်ချေအရမ်းများပါတယ်။
Attention-deficit/hyperactivity disorder (ADHD)။အတက်ကြွလွန် ဂနာမငြိမ် ဒီရောဂါရှိတဲ့ကလေးတွေမှာလည်း အိပ်ယာထဲဆီးသွားတာ အဖြစ်များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့်ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင်အစားထိုးရန်မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။

အိပ်ယာထဲဆီးသွားခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

• ဆီးပိုးဝင်ခြင်းရှိ မရှိ ဒါမှမဟုတ် ဆီးချိုရောဂါရဲ့ လက္ခဏာတွေကိုတွေ့ရှိနိုင်ဖို့အတွက် ဆီးစစ်ကြည့်နိုင်ပါတယ်။
• ဆရာဝန်တွေအနေနဲ့ကလေးရဲ့ဆီးလမ်းကြောင်းဖွဲ့စည်းပုံမှာ ပြဿနာရှိတယ်ထင်ရင် ဒါမှမဟုတ် တခြားကျန်းမာရေးပြဿနာတွေရှိတယ်လို့သံသယရှိရင် ကျောက်ကပ်နဲ့ဆီးအိမ်တို့ကို ဓာတ်မှန်ရိုက်တာ ဒါမှမဟုတ်တခြားပုံရိပ်ဖော်စစ်ဆေးတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
• တခြားသင့်တော်ရာ စစ်ဆေးစမ်းသပ်မှုတွေကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။

အိပ်ယာထဲ ဆီးသွားခြင်းကို ဘယ်လိုကုသလဲ။

ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် အိပ်ယာထဲဆီးသွားတာမျိုး ဖြစ်တယ်ဆိုရင် နေထိုင်မှုပုံစံပြောင်းလဲရုံနဲ့မလုံလောက်တဲ့အတွက် ဆေးကုသမှုခံယူဖို့လိုအပ်မှာပဲ ဖြစ်ပါတယ်။ အိပ်ယာထဲဆီးသွားခြင်းဟာ ကျန်းမာရေးပြဿနာတစ်ခုခုရဲ့လက္ခဏာ ဖြစ်နိုင်ပြီး ဒီပြဿနာအရင်းခံကို ဆေးကုသရမှာပါ။ ဥပမာ-
• ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးပေးခြင်း။
• ဆီးအိမ်လှုပ်ရှားမှုများခြင်းအတွက်Anticholinergic လို့ခေါ်တဲ့ ဆေးပေးခြင်း။
• Eesmopressin acetate လို့ခေါ်တဲ့ဆေးဟာ ဆီးအသွားနည်းစေတဲ့ဟော်မုန်း(ADH) ပမာဏကို များစေတာမို့ညဖက်ဆီးထုတ်လုပ်မှုကို နည်းသွားစေပါတယ်။
• DHT-blocking medications လို့ခေါ်တွင်တဲ့ဆေးတွေဟာဆိုရင် ဆီးကျိတ်ရောင်ရမ်းကြီးမားခြင်းကိုသက်သာစေပါတယ်။
တစ်ခါတရံမှာ အိပ်ယာထဲဆီးသွားတာဟာ နာတာရှည်ဝေဒနာတွေရဲ့လက္ခဏာတခု ဖြစ်တတ်တဲ့အတွက်အဆိုပါနာတာရှည်ရောဂါတွေကို ကောင်းကောင်းထိန်းချုပ်ဖို့လိုအပ်ပါတယ် (ဥပမာ- ဆီးချို၊ အိပ်နေရင်းအသက်ရှုခေတ္တ ရပ်ရပ်သွားတဲ့ရောဂါ)။

ဘယ်လိုမျိုးေ နာက်ခံအကြောင်းရင်းဇစ်မြစ်မျိုးပဲရှိရှိ သေသေချာချာဂရုတစိုက်ကုသမယ်ဆိုရင် အိပ်ယာထဲဆီးသွားတဲ့ ပြဿနာ အမြန်ဆုံးပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ စကျတငျဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 28, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ