brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ

ဆေးခန်းသွားပြလိုက်လို့ လူနာဖြစ်နေတဲ့ ရောဂါက Autoimmune ရောဂါပါ။ ခုခံအားက တုံ့ပြန်မှုများနေတာ၊ ခုခံအား ကမောက်ကမ ဖြစ်နေတာ စသဖြင့် ဆရာဝန်က ရှင်းပြလိုက်တာကို ကြားဖူးမှာပါ။ ဆရာဝန်က ရှင်းပြလို့သာ ‘အင်း’ ဆိုပြီး နားလည်သလိုလို လုပ်လိုက်ရတာ၊ တကယ်က ဒါဘာရောဂါကြီးလဲဆိုပြီး စိတ်ထဲမှာ တွေးနေမှာပါ။ ဒီဆောင်းပါးထဲမှာတော့ Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ ဆိုတာကို အသေးစိတ် ပြောပြပေးမှာပါ။

Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ

Autoimmune ရောဂါဆိုတာ

ခန္ဓာကိုယ်ထဲကို အပြင်ကနေ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ ဝင်လာတယ်ဆိုပါစို့။ ခုခံအားက ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်အောင်ဆိုပြီး ရှေ့တန်းကနေ တိုက်ထုတ်ပေးပါတယ်။ ပုံမှန်ဆိုရင် ခုခံအားရဲ့ အလုပ်က ပြင်ပကနေ ဝင်လာတဲ့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်ပေးဖို့ပါ။ ဒါက သူ့ရဲ့ အလုပ်ပါ။

Autoimmune ရောဂါမှာတော့ ခုခံအားက ခန္ဓာကိုယ်ထဲက ဆဲလ်အကောင်းတွေ၊ ကိုယ့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မှားပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ခုခံအားကမောက်ကမ ဖြစ်နေတယ်။ ခုခံအားက အတက်ကြွလွန်နေတယ်ဆိုပြီး ပြောတာ ဖြစ်ပါတယ်။

Autoimmuneရောဂါတွေက ဘာကြောင့်ဖြစ်ရတာလဲ

ခုခံအားက ဘာလို့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆဲလ်တွေ၊ ကိုယ်တွင်းအင်္ဂါတွေကို လိုက်တိုက်ခိုက်တာလဲဆိုတာ မသိရသေးပါဘူး။ ဘာကြောင့် ကိုယ့်ရဲ့ ခုခံအားမှာမှ ဒီလိုလာဖြစ်နေတာလဲဆိုတာကိုလည်း မသိရသေးပါဘူး။

ဒါပေမယ့် Autoimmune ရောဂါက အောက်ပါ အချက်တွေနဲ့ ဆက်စပ်နေတာကိုတော့ တွေ့ရပါတယ်။

  • ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုး (ဥပမာ ပိုးသတ်ဆေး၊ သွေးတွင်းအဆီကျဆေး၊ သွေးပေါင်ကျ‌ဆေး)
  • မိသားစုထဲမှာ Autoimmune ရောဂါ မျိုးရိုးရှိတဲ့အခါ
  • ဆေးလိပ်သောက်တာ
  • ပတ်ဝန်းကျင်က ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေနဲ့ ထိတွေ့မှုများတာ
  • အမျိုးသမီးဖြစ်နေတာ (ထူးဆန်းစွာပဲ Autoimmuneရောဂါတွေက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။)
  • အဝလွန်တာ
  • ခဏခဏ ပိုးဝင်တာ

ဒီအချက်တွေ ရှိတိုင်း Autoimmune ရောဂါ ဖြစ်တာမျိုး မဟုတ်ပေမယ့် ဖြစ်နိုင်ခြေ ပိုများစေပါတယ်။

အဖြစ်များတဲ့ Autoimmune ရောဂါများ

Autoimmune ရောဂါပေါင်း အမျိုး၈၀လောက်ရှိပြီး ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဥပမာ

အရိုးအဆစ်တွေမှာဆိုရင်

အစာအိမ်နဲ့ အူလမ်းကြောင်းမှာဆိုရင်

‌ဟော်မုန်းရောဂါတွေမှာဆိုရင်

  • Graves’ လည်ပင်းကြီးရောဂါ
  • ဟာရှီမိုတို သိုင်းရွိုက်ရောင်ရောဂါ
  • ကျောက်ကပ်အပေါ်နားမှာရှိတဲ့ အဒရီနယ်ဂလင်းမှာဖြစ်တဲ့ Addisonရောဂါ
  • အမျိုးအစား ၁ ဆီးချိုရောဂါ

အရေပြားမှာဆိုရင်

အာရုံကြောစနစ်မှာဆိုရင်

ဒါက အဖြစ်များတဲ့ရောဂါတွေပဲ ရှိပါသေးတယ်။ တခြား ရှားပါးရောဂါတွေလည်း ရှိပါသေးတယ်။

Autoimmune ရောဂါတွေရဲ့ ထူးခြားချက်များ

  • လက္ခဏာတွေက အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

Autoimmune ရောဂါတွေက ဖြစ်တဲ့နေရာပေါ်လိုက်ပြီး လက္ခဏာတွေလည်း ကွဲပြားပါတယ်။ ဥပမာ အရိုးအဆစ်မှာဖြစ်တာဆိုရင် အဆစ်နာတာ၊ ရောင်တာတွေ ဖြစ်တတ်သလို အရေပြားဆိုရင်လည်း ယားယံတာ၊ အကွက်တွေထတာ စတာတွေ ဖြစ်တတ်ပါတယ်။

  • တစ်ကိုယ်လုံးကို ထိခိုက်နိုင်ပါတယ်။

ဥပမာ SLEကို အရေပြားလေးဖက်နာလို့ ခေါ်ကြပေမယ့် အဆစ်တွေ၊ နှလုံး၊ အဆုတ် စတာတွေကိုပါ ထိခိုက်နိုင်ပါတယ်။

  • ကိုယ်ဝန်ယူခါနီးရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

Autoimmune ရောဂါတွေအတွက် သောက်နေတဲ့ ကိုယ်ခံအား ထိန်းညှိဆေးတွေက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်သလို ရောဂါကိုယ်တိုင်ကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ပိုဆိုးတာ၊ ပိုကောင်းတာ ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး ဆေးတွေ ပြန်ညှိတာ၊ ပြောင်းတာ လုပ်ဖို့ လိုပါတယ်။

  • Autoimmune ရောဂါ တစ်ခုရှိရင် နောက်တစ်ခု ထပ်ဖြစ်နိုင်ပါတယ်။

Autoimmune ရောဂါတွေက ဖြစ်တဲ့ပုံစံ တူတာကြောင့် တစ်ခုဖြစ်ရင် နောက်တစ်ခု လိုက်ဖြစ်နိုင်ပါတယ်။ ဥပမာ အရေပြားလက်ဖက်နာ ရှိသူမှာ အူမကြီးရောင်ရမ်းတာ၊ လည်ပင်းကြီးရောဂါ စတာတွေ ထပ်ဖြစ်နိုင်ပါတယ်။

  • အပြီးပျောက်အောင် ကုသလို့ မရပါဘူး။

Autoimmune ရောဂါတွေက ဖြစ်ရတဲ့ အကြောင်းရင်း တိတိကျကျ မရှိတဲ့အတွက် အပြီးပျောက်အောင်လည်း ကုသလို့ မရပါဘူး။ ဒါပေမဲ့ ရောဂါကို ကြွမလာအောင် ဆေးတွေနဲ့ ထိန်းထားလို့ ရပါတယ်။

ဆေးတွေ ပုံမှန်သောက်မယ်။ ကိုယ်နဲ့ မတည့်တာတွေကို ရှောင်မယ်ဆိုရင် ပုံမှန်အတိုင်းပဲ နေလို့ ရပါတယ်။

  • ကာကွယ်လို့ မရပါဘူး။

Autoimmune ရောဂါတွေက ဘယ်သူတွေမှာ ဖြစ်မလဲ ကြိုမသိနိုင်သလို ကာကွယ်လို့လည်း မရပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေ နည်းစေဖို့ဆိုရင်

-လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

-ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့တွေနဲ့ ဝေးဝေးနေပါ။

-ဓာတုပစ္စည်းတွေ၊ အဆိပ်အတောက်တွေနဲ့ ထိတွေ့တာကို ‌လျှော့ပါ။

-ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။

-ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပါ။

  • သူများထက်ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။

Autoimmune ရောဂါတွေကို စတီးရွိုက်လိုမျိုး ကိုယ်ခံအားထိန်းညှိဆေးနဲ့ ဖိနှိပ်ထားရတဲ့အတွက် ကိုယ်ခံအား ကျနေနိုင်ပါတယ်။ ဒါကြောင့် တခြားရောဂါပိုးတွေ ဝင်မလာအောင် ဂရုစိုက်ဖို့ လိုပါတယ်။ ကာကွယ်ဆေးတွေ ထိုးတာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်တာတွေ လုပ်ဖို့ လိုပါတယ်။

Autoimmune ရောဂါဆိုတာ ဘယ်သူမှာ ဖြစ်မှာလဲ၊ ဘာကြောင့်ဖြစ်တာလဲ မသိနိုင်ပါဘူး။ ဒါပေမဲ့လည်း ရောဂါတွေကို ဆေးနဲ့ ထိန်းချုပ်ထားလို့ရပါတယ်။ ရောဂါကို ကြွမလာအောင် ဆေးဝါးတွေ၊ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေနဲ့ ထိန်းချုပ်ထားမယ်ဆိုရင် သာမန်လူလိုပဲ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/02/2024 ဖြစ်ပါသည်။