Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း) ကဘာလဲ။

အနံ့ခံအာရုံပျက်ယွင်းတယ် ဆိုတာဟာ သင့်နှာခေါင်းက အနံ့ခံအာရုံဆုံးရှုံးသွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် နှာခေါင်းပိုင်းဆိုင်ရာ ရောဂါ (သို့) ဦးနှောက်ထိခိုက်မှု တစ်ခုခုမှာ ဖြစ်ပွားတတ်ပြီး အချို့သောသူတွေကတော့ မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းနေတတ်တာ ဖြစ်ပါတယ်။

လူတစ်ဦးရဲ့ အနံ့ခံအာရုံကို ဖြစ်စဉ်အချို့နဲ့ ထိန်းချုပ်ထားပါတယ်။ ပထာမဦးစွာ အရာဝတ္ထုတစ်ခုကထွက်ပေါ်လာတဲ့ မော်လီကျူးတစ်ခု (ဥပမာ – ပန်းတစ်ပွင့်ရဲ့ ရနံ့) ဟာ နှာခေါင်းတွင်းမှာ အများဆုံးတွေ့ရတဲ့ အနံ့ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။

အဆိုပါ အနံ့ဦးနှောက်ဆဲလ်တွေကတဆင့် အနံ့အာရုံကို သတ်မှတ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းကို သတင်းအချက်အလက်တွေပေးပို့ပါတယ်။ ဒီလိုဖြစ်စဉ်ကို အနှောက်အယှက်ပေးတဲ့ မည်သည့်အရာမဆို (ဥပမာ – နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ (သို့) အနံ့ဦးနှောက်ဆဲလ်များ ပျက်စီးခြင်း) ဟာ အနံ့အာရုံဆူုံးရှုံးမှုကို ဖြစ်စေတတ်ပါတယ်။

ယေဘုယျအားဖြင့် အနံ့ခံစွမ်းရည်ဟာ အရသာခံစွမ်းရည်ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အနံ့အာရုံမရှိခဲ့ရင် ကျွန်ုပ်တို့ရဲ့ လျှာမှာရှိတဲ့ အရသာခံဖုတွေဟာ အရသာအနည်းငယ်ကိုသာ ခံစားသိရှိနိုင်မှာဖြစ်ပြီး ဘ၀ကိုယ်ရည်ကိုယ်သွေးအပေါ် သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။

Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြေကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါ။ အနံ့အာရုံနဲ့ပတ်သက်တဲ့ပြသနာ ခံစားနေရသူတွေကို တိတိကျကျမေးမြန်းဖော်ပြထားတဲ့ စာရင်းဇယားတွေ မရှိသေးလို့ပဲ ဖြစ်ပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သိသာထင်ရှားတဲ့ရောဂါလက္ခဏာကတော့ အနံ့အာရုံလျော့နည်းဆုံးရှုံးလာတာပါပဲ။ အချို့သူတွေမှာ အနံ့အာရုံစတင်ပြောင်းလဲလာတာကို သတိထားမိလာပါတယ်။ ဥပမာ – အချို့အရာဝတ္ထုတွေဆီက ရင်းရင်းနှီးနှီး ရနေကျ အနံ့ မရတော့တာမျိုး။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ် အောက်ပါအချက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်ကို ဆက်သွယ်သင့်ပါတယ်။

  • အအေးမိခြင်း၊ ဓါတ်မတည့်ခြင်း (သို့) ထိပ်ခတ်နာ ပိုးဝင်ခြင်း ကြောင့် ဖြစ်ပွားတတ်သော အနံ့မရခြင်းဟာ များသောအားဖြင့် ရက်အနည်းငယ်အတွင်းမှာ ပြန်လည်ကောင်းမွန်တတ်ပါတယ်။ မကောင်းမွန်ခဲ့ဘူးဆိုရင်တော့ ဒီထက်ပိုမိုဆိုးရွားတဲ့ရောဂေါအခြေအနေ မဟုတ်ဖူးဆိုတာသေချာအောင် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
  • အနံ့မရတာကို ရောဂါအကြောင်းအရင်းခံပေါ်မူတည်ပြီး တခါတရံ ကုသလို့ရနိုင်ပါတယ်။ သင့်ဆရာဝန်က သင့်ကို ပိုးသတ်ဆေးပေးကုသတာ (သို့) နှာခေါင်းလမ်းကြောင်းမှာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားကုသပေးတာမျိုး ဖြစ်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အနံ့ခံအာရုံပျက်ယွင်းခြင်း ဖြစ်ပွားစေတဲ့အကြောင်းအရင်းတွေ များစွာရှိပါတယ်။

  • အဆုတ်လမ်းကြောင်းအထက်ပိုင်းကို ဗိုင်းရပ်စ်ပိုးဝင်ခြင်း (အအေးမိခြင်း)
  • နာတာရှည် ထိပ်ခတ်နာရောဂါဖြစ်ခြင်း(တခါတရံ nasal polyp ခေါ်သည့် နှာခေါင်းတွင်း အသားပို တည်ခြင်း နှင့် တွဲတွေ့ရတတ်သည်)
  • နှာခေါင်းတွင်း လမ်းကြောင်းတစ်လျှောက် ရောင်ရမ်းခြင်းကြောင့် ဖြစ်ပွားတတ်သော နှာရည်ယိုခြင်း (Hay Fever)
  • အချို့ဆေးဝါးများ – Metronidazole ကဲ့သို့ ပိုးသတ်ဆေးများ
  • စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ (Cocaine, Amphetamine)
  • သွေးချို ဆီးချို ရောဂါ
  • ကာလရှည် အရက်စွဲသူများ
  • ရောဂါလက္ခဏာ မသိသာသော လည်ပင်း Thyroid ရောဂါ
  • Cushing ရောဂါစု (သွေးထဲတွင် Cortisol ဟော်မုန်း များပြားခြင်း)
  • နှာခေါင်းအတွင်းပိုင်းသို့ လောင်ကျွမ်းစေသော ဓါတ်ပစ္စည်းတစ်မျိုးမျိုးနှင့် ထိတွေ့မိခြင်း
  • ဦးခေါင်းဒဏ်ရာရရှိခြင်း
  • ဦးနှောက်အကျိတ်ရောဂါ
  • ဦးခေါင်းနှင့်လည်ပင်းပိုင်းသို့ ဓါတ်ရောင်ခြည်ပေးကုသခြင်း
  • အတက်ရောဂါရှိခြင်း
  • Parkinson ရောဂါ
  • Alzheimar ရောဂါ
  • လေဖြန်းလေဖြတ်ခြင်း
  • အသည်း (သို့) ကျောက်ကပ်ရောဂါ
  • စိတ်ကစဥ့်ကလျားရောဂါ
  • Granulomatosis with polyangitits ဟုခေါ်သည့် ရှားပါးသွေးကြောရောဂါ
  • Sarcoidosis ဟု ခေါ်သည့် ခန္ဓာကိုယ်မှ ဆဲလ်များ မူမမှန်စွာ စုပုံနေတတ်သည့် ရှားပါးရောဂါ
  • မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းနေသည့်ရောဂါ

 

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

 

အနံ့ခံအာရုံပျက်ယွင်းခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သင့်ဆရာဝန်ဟာ သင့်ရဲ့လတ်တလောရောဂါလက္ခဏာများကို မေးမြန်းခြင်း၊ နှာခေါင်းပိုင်းဆိုင်ရာကို စစ်ဆေးခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံး စမ်းသပ်စစ်ဆေးခြင်း၊ သင့်ရဲ့ကျန်းမာရေးရာဇ၀င်မေးမြန်းခြင်း အစရှိသည်ကို ပြုလုပ်ပါလိမ့်မယ်။

အနံ့ခံအာရုံပျက်ယွင်းတာ ကို သင်ဘယ်အချိန်က စတင်ခံစားနေရသလဲ၊ အနံ့အာရုံတစ်ခု(သို့) အားလုံးကို ခံစားသိရှိမှု မရှိတော့တာလား၊ အရသာခံအာရုံ ကောင်း၊မကောင်း အစရှိသည်တို့ကို သင့်ဆရာဝန်က မေးမြန်းနိုင်ပါတယ်။ ရောဂါရှာဖွေဖို့ စမ်းသပ်စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပါလိမ့်မယ်။

သင့်အခြေအနေအပေါ်မူတည်ပြီး အောက်ပါအတိုင်း  တစ်မျိုး(သို့) တစ်မျိုးထက်ပိုတဲ့ ရောဂါရှာဖွေစစ်ဆေးမှုတွေကို ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။

  • ဦးနှောက်ကွန်ပြူတာအထူးဓါတ်မှန် – CT(brain)
  • ဦးနှောက်သံလိုက်ဓါတ်မှန် – MRI(brain)
  • ဦးခေါင်းဓါတ်မှန် – Skull XR
  • နှာခေါင်းအတွင်းပိုင်းသို့ မှန်ပြောင်းကြည့်ခြင်း – nasal endoscopy

 

အနံ့ခံအာရုံပျက်ယွင်းခြင်း ကို ဘယ်လိုကုသလဲ။

မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းနေသူတွေဟာ သူ့သက်တမ်းတလျှောက်လုံး အနံ့ခံအာရုံ မရရှိနိုင်တော့ပဲ အနံ့အာရုံရဲ့သဘောကို သိရှိဖို့ပင် ခဲယဉ်းပါလိမ့်မယ်။

လက်ရှိမှာတော့ မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းသူတွေကို ကုသဖို့ နည်းလမ်းမရှိသေးပါဘူး။ သို့သော်လည်း အခြားသော အနံ့ခံအာရုံပျက်ယွင်းစေတတ်တဲ့ ရောဂါများကတော့ ရောဂါအကြောင်းအရင်းခံကို ကုသပေးခြင်းဖြင့် သက်သာပျောက်ကင်းတတ်ပါတယ်။

သင့်ရောဂါအခြေအနေအပေါ်မူတည်ပြီး အထောက်အကူပြုနိုင်တဲ့ ဆေးကုသမှုများကတော့

  • Steroid ပါဝင်သော နှာခေါင်းပိုင်း ဖြန်းဆေးများ
  • Antihistamine ဆေးဝါးများ
  • Steroid ဆေးဝါးများ
  • နှာခေါင်းအတွင်းအသားပို (nasal polyp) ခွဲစိတ်ကုသခြင်း
  • နှာခေါင်းအတွင်းမြှေး (nasal septum) တည့်မတ်အောင် ခွဲစိတ်ကုသခြင်း
  • ထိပ်ခတ်နာ ကို မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသခြင်း (endoscopic sinus surgery)

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက  အနံ့ခံအာရုံပျက်ယွင်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါလူနေမှုပုံစံတွေနဲ့ အိမ်သုံးကုထုံးတွေက အနံ့ခံအာရုံပျက်ယွင်းတဲ့ရောဂါရှင်တွေမှာ အကျိုးပြုပါလိမ့်မယ်။

  • မီးသတိ အချက်ပေးကိရိယာများ တပ်ဆင်ထားခြင်း (အထူးသဖြင့် မီးဖိုချောင်များ၊မီးဖိုပစ္စည်းများ အနီးတွင်)
  • လျှပ်စစ်နှင့်ပတ်သက်သော ဓါတ်ငွေ့အပြောင်းအလဲများကို တိုင်းတာသိရှိနိုင်သည့် ပစ္စည်းကိရိယာများ တပ်ဆင်ထားခြင်း
  • အစားအသောက်များကို သက်တမ်းကုန်ဆုံးရက် သိနိုင်ရန် ထင်ရှားသိသာအောင် မှတ်သားထားခြင်း
  • ရေချိုးခန်း၊မီးဖိုခန်း သန့်စင်သည့်ဆေးရည်များ၊ ပိုးသတ်ဆေးများ အစရှိသည့် ပြင်းအားများသော ဓါတုဆေးရည်များကို ဂရုတစိုက်မှတ်သားထားခြင်း။

                      အကယ်၍သင့်မှာမေးခွန်းတွေရှိမယ် ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ