Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) ကဘာလဲ။

ခြေချင်းဝတ်လည်ခြင်းဆိုသည်မှာ ခြေခေါက်ခြင်းကြောင့် ခြေချင်းဝတ်ကို ထိန်းထားသော အရွတ်များ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ အရွတ်တစ်ပိုင်းတစ်စ သို့ မဟုတ် တစ်ခုလုံး စုတ်ပြဲ သွားခြင်းကနေ ဖြစ်ပါတယ်။ အရွတ် (Ligament) ဆိုသည်မှာ အရိုးများကို တွယ်ဆက်ထားသော သန်မာ၍ ကွေးဆန့်နိုင်သော အမျှင်များ စုပေါင်းထားခြင်း ဖြစ်ပါတယ်။ အရွတ်ကြောလုံး (Tendon) များသည် အရိုး နဲ့  ကြွက်သားကို ချိတ်ဆက်ပေးပါတယ်။

Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အဖြစ်များပါတယ်။ အထူးသဖြင့် ဘတ်စကက်ဘောကစားသမားများ၊ ဘောလုံးသမားများနဲ့  ဒေါက်ဖိနပ် စီးသူများတွင် အဖြစ်များပါတယ်။

လက္ခဏာများ

Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

ရောဂါလက္ခဏာများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။
● ထိခိုက်ဒဏ်ရာရချိန်တွင် စုတ်ပြဲ ဒဏ်ရာရခြင်း သို့ မဟုတ် အဆစ်တွင်းမှ အသံထွက်လာခြင်း
● ထိခိုက်ဒဏ်ရာရပြီးချိန် နဲ့ နောက်ပိုင်းတွင် လမ်းလျှောက်သောအခါ ခြေချင်းဝတ်လှုပ်ရှား သောအခါ နာကျင်မှု ခံစားရခြင်း
● ခြေချင်းဝတ်တစ်ဝိုက် သွေးခြည်ဥခြင်း
● ပြင်းထန်ဒဏ်ရာရပြီးနောက် မတ်တပ်ရပ်ခြင်း ခြေချင်းဝတ်လှုပ်ရှားခြင်းတို့ တွင် အလွန်အမင်း နာကျင်ခြင်း
● ခြေထောက် ထုံကျဉ်သော ဝေဒနာသည် သွေးကြော နဲ့  အာရုံကြောထိခိုက်နေခြင်းကို ပြပါ တယ်
အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့  ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန် နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုများ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့  တိုင်ပင်ဆွေးနွေးပါ ။ လူတိုင်းရဲ့ ခန္ဓာကိုယ် တုံ့ ပြန်မှုဟာ မတူညီနိုင်ပါဘူး ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့  တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရိုးဆစ်များကို ခံနိုင်မှုအတိုင်းတာကို ကျော်လွန်၍ ကွေးဆန့် လျှင် အဆစ်လည်ခြင်းကို ဖြစ်စေပြီး အရွတ်များကို ထိခိုက်စေပါတယ် ။ အများဆုံးဖြစ်တာကတော့ ခြေထောက် အတွင်းသို့  လိမ်ခေါက် ( cleed inversion) ပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ အလေးချိန်သည် ခေါက်သွားသော ခြေထောက်အပေါ် သက်ရောက်သောအခါ ဖြစ်ပါတယ် ။ ခြေထောက်အပြင်သို့  လန်ခေါက်( eversion) သောအခါတွင် လည်း အဆစ်လွဲနိုင်ပါသေးတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

 Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ခြေချင်းဝတ်လည်ခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့်
● မညီညာသောမျက်နှာပြင်ပေါ်တွင် ပြေးလွှားခြင်း၊ လမ်းလျှောက်ခြင်း
● ကိုယ်နဲ့ မတော်သော ဖိနပ် နဲ့ အားကစားပစ္စည်းများ အသုံးပြုခြင်း
● ဘောလုံး နဲ့ ဘတ်စကက်ဘော ကဲ့သို့ သော ခြေထောက်လှုပ်ရှားမှုများသော အားကစား နည်းများ ကစားခြင်း

ယခု ဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေးချက်များ နေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့  ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က မတော်တဆ ထိခိုက်မှုများအကြောင်း မေးမြန်းပြီး သင့်ခြေထောက်ကို လှုပ်ရှားကြည့်၍ အရွတ်နဲ့ အရွတ်ကြောလုံးများကောင်းမကောင်းကို စမ်းသပ်ပါလိမ့်မယ်။
သာမန်အဆစ်လည်ခြင်းအတွက်တော့ နောက်ထပ် စစ်ဆေးမှုများ မလိုအပ်ပါ။ ပြင်းထန်သောအဆစ် လည်ခြင်းအတွက်တော့ ဆရာဝန်က ဓါတ်မှန် နဲ့သံလိုက်ရောင်ခြည်စစ်ဆေးမှုများ(MRI) ကို လိုအပ် သလို ညွှန်ကြားပါလိမ့်မယ်။

Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ခြေချင်းဝတ်လည်ခြင်းသည် ဖြစ်ဖြစ်ချင်း ကုသဖို့ လိုအပ်ပါတယ်။ ဆေးရုံဆေးခန်းတွင် ကုသမှုမခံယူခင် အောက်ပါရှေးဦးသူနာပြုနည်းများကို အလျင်ဆောင်ရွက်ပါ။
● ခြေထောက် မရောင်လာခင် ရေခဲအမြန်ကပ်ပါ။ ထိခိုက်ဒဏ်ရာဖြစ်ပြီး ၇၂ နာရီ အတွင်း သို့ မဟုတ် ရောင်တာပိုဆိုးလာရင် အပူမကပ်ပါနဲ့ ။
● ချိုင်းထောက်ကို အသုံးပြု၍ ခြေထောက်ကို အနားပေးပါ။
● လမ်းသိပ်မလျှောက်ပါနဲ့ ။
● လှုပ်ရှားမှုနည်းစေရန် ပုဝါအုပ်စည်းခြင်း သို့မဟုတ် မာသောအပြားတစ်ခုခုခံ၍ splint စည်း ခြင်းပြုလုပ်ပါ။ ခြေချင်းဝတ်ကို ပေါင်ထက် မြှင့်အောင် အနည်းငယ် မြှောက်ထားပါ။
ရုပ်ပိုင်းဆိုင်ရာကုသမှုများဖြင့် ကြွက်သားများ ပြန်လည်သန်စွမ်းကျန်းမာလာအောင် ပြုလုပ် ပေးနိုင် ပါတယ်။
ဆရာဝန်ဆေးစာ မလိုအပ်ဘဲ ၀ယ်နိုင်သော အရောင်ကျဆေး (ibuprofen) များသည် ခြေချင်းဝတ် အရောင်ကျ၍ နာကျင်မှုကို သက်သာစေပါတယ်။
ပြင်းထန်အဆင့် အဆစ်လည်ခြင်းများမှာမူ ဆေးကုသမှုသာမက ခွဲစိတ်မှုပင် လိုအပ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်းက ခြေချင်းဝတ်လည်ခြင်းကို ကုသရာမှာ ဘယ်လို အထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ကုထုံးများက သင့်အနေနဲ့ခြေချင်းဝတ်လည်ခြင်းကို ကုသ တဲ့နေရာမှာနဲ့  လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။
● အားကစားလုပ်သောအခါ မကြာခဏ ခြေချင်းဝတ်လိမ်တတ်ရင် ခြေချင်းဝတ်အစွပ်ကို စွပ်ပြီးမှ ကစားပါ။
● အ၀လွန်နေရင် ၀ိတ်လျှော့ပါ။
● ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးသောက်ပါ။ ချိုင်းထောက်သုံးပါ။
● အနားယူ၊ ရေခဲကပ်၊ ခြေထောက်စည်း၊ မြှောက်ထားပါ။
● တကယ်လို့ ဒဏ်ရာရနေသောခြေထောက်သည် လမ်းမလျှောက်နိုင်ရင်၊ နှစ်ရက်ကြာပြီးနောက် အရောင်မကျဘဲ ပိုဆိုးလာရင်၊ လှုပ်ရှားတိုင်း အသံမြည်ရင်၊ မလှုပ်ရှားနိုင်ရင် ဆရာဝန် နဲ့ ပြပါ။
● ခြေထောက် ထုံ၊ ကျဉ်၊ မဲညစ်၊ အပြာရောင်ပြောင်း၊ ခြေချောင်းလေးများအေးစက်လာရင် (သွေးလည်ပတ်မှုထိခိုက်သော လက္ခဏာများ) ဆရာဝန် နဲ့  ပြပါ။
● ခြေဆစ်လည်ပြီး ၇ ရက်မှ ၁၀ရက် အတွင်း တိုးတက်မှုမရှိရင် ဆရာဝန် နဲ့ ပြပါ။

အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့  ဆရာဝန်နဲ့  ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ