Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) ကဘာလဲ။

Angioedema ဟာ ဓါတ်မတည့်မှုကြောင့် ဖြစ်တဲ့ အရေပြားအောက်မှာ ရောင်ကိုင်းခြင်း တစ်မျိုးဖြစ်ပါတယ်။ သူဟာ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ အင်ပြင် နဲ့တူပေမယ့် သူကတော့ ယားယံခြင်း မရှိပါဘူး။

ဓါတ်မတည့်မှုကြောင့် သင့်ကိုယ်ခန္ဓာကက ဓါတ်မတည့်မှု ဖြစ်စေတဲ့အရာတွေကို တုန့်ပြန်မှုအနေနဲ့ histamine တွေကို သွေးထဲကို ထုတ်လိုက်ပါတယ်။ ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဟာ နှုတ်ခမ်းနဲ့ မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပွားတတ်ပါတယ်။

ပြင်းထန်တဲ့ အခြေအနေတွေမှာ သူဟာ လျှာနဲ့ လည်ပင်းကိုတောင် ရောင်ရမ်းစေပြီး အသက်ရှူရ ခက်ခဲစေပါတယ်။ ဒါဟာ အသက် အန္တရာယ်ရှိပြီး ဆေးကုသဖို့ လိုအပ်ပါတယ်။

Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Angioedema (ဓါတ်မတည့် အရေပြားရောင်ရမ်းခြင်း) ဟာ အဖြစ်များပါတယ်။ လူအကုန်လုံးရဲ့ ၁၅ ရာခိုင်နှုန်း ကနေ ၂၀ရာခိုင်နှုန်း လောက်ဟာ ဘဝတစ်လျှောက်မှာ ဓါတ်မတည့် အရေပြားရောင်ရမ်းခြင်း (သို့) အင်ပြင်ထခြင်း ကို တစ်ခါလောက်တော့ ဖြစ်ဖူးပါတယ်။

အမျိုးသားရော အမျိုးသမီးပါ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Angioedema (ဓါတ်မတည့် အရေပြားရောင်ရမ်းခြင်း) ရဲ့ အဓိက လက္ခဏာကတော့ အရေပြားအောက်မှာ ရောင်ရမ်းခြင်းပဲဖြစ်ပါတယ်။ သူဟာ အနီရောင်ဖြစ်ပြီး ပူနွေးကာ နာကျင်စေနိုင်ပါတယ်။ တစ်နေရာမှာ ရောင်ရမ်းခြင်းဟာ တစ်ရက်ကနေ နှစ်ရက်လောက်ပဲ ကြာတတ်ပေမယ့် နောက်တစ်နေရာကို ရွှေ့သွားပြီး နေ့ပေါင်းများစွာ ကြာရှည်ကာ နာတာရှည် ဖြစ်လာနိုင်ပါတယ်။

နာတာရှည် Angioedema ဟာ ပိုပြီးတော့ သက်တောင့်သက်သာမရှိပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်ပေမယ့် ပိုပြီးတော့ ပြင်းထန်လာခြင်းတော့ မရှိပါဘူး။

Angioedema ဟာ ကိုယ်ခန္ဓာ အနှံ့အပြားမှာ ဖြစ်ပွားနိုင်ပြီးတော့ များသောအားဖြင့် မျက်ခွံ၊ နှုတ်ခမ်း၊ လျှာနဲ့ လည်ပင်းတို့မှာ အဓိက ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ခန္ဓာ အပြင်ဘက်မှာဆိုရင်တော့ အန္တရာယ်မရှိပဲ ကိုယ်ခန္ဓာ အတွင်းပိုင်းဖြစ်တဲ့ အူနဲ့ အဆုတ်တွေမှာ ဖြစ်ပွားတဲ့ Angioedema ကတော့ အသက်ရှူရခက်ခဲခြင်းကို ဖြစ်စေပြီး ပြင်းထန်ကာ အသက်အန္တရာယ် ရှိနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ပျော့တဲ့ လက္ခဏာတွေကတော့ ကုသမှု မလိုအပ်ပါဘူး။ အလယ်အလတ်ကနေ ပြင်းထန်တဲ့ လက္ခဏာတွေကိုတော့ ကုသမျှလိုအပ်ပါတယ်။ လက္ခဏာတွေဟာ ရက်ပေါင်းများစွာ ကြာမြင့်လာပြီဆိုရင် (သို့) အသက်ရှူရ ခက်ခဲလာပြီဆိုရင် (သို့) လက္ခဏာတွေ ပိုဆိုးလာပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အကြောင်းရင်းများ

Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

များသောအားဖြင့် ဆေးအသစ်၊ အစားအစာအသစ်နဲ့ ရေမွှေးအသစ်တွေနဲ့ ဓါတ်မတည့်တာကြောင့် ဖြစ်တတ်ပါတယ်။ အရင်တုံးက ဘာပြဿနာမှ မဖြစ်တတ်တဲ့ အစားအစာနဲ့ ဆေးတွေကတောင် ဓါတ်မတည့်မှုကို နောက်ပိုင်းမှာ ဖြစ်စေနိုင်ပါတယ်။ Angioedema ဟာ ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပေမယ့် ကူးစက်ရောဂါတွေကတော့ Angioedema ကို ဖြစ်စေပါတယ်။ အချို့အမျိုးအစားတွေကတော့ မျိုးရိုးလိုက်တာ ဖြစ်ပါတယ်။

 

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

Angioedema ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အစားအစာ (သို့) ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်ခြင်း
  • မိမိခန္ဓကိုယ်ဆဲလ်များကို မှားယွင်းပြန်လည်တိုက်ခိုက်သော ကိုယ်ခံအားစနစ်ချို့ ယွင်းရောဂါများ (အရေပြားလေးဖက်နာ၊ သွေးကင်ဆာ)
  • မိသားစုတွင် Angioedema (ဓါတ်မတည့် အရေပြားရောင်ရမ်းခြင်း) ရာဇဝင်ရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ ရောင်ရမ်းနေတဲ့ အရေပြားနဲ့ သင့်တော်တဲ့ ရောဂါ အတည်ပြုမှု မပြုလုပ်မီ ရောင်ရမ်းမှု ပြန်ဖြစ်နိုင်ချေ တွေကို စစ်ဆေးပါလိမ့်မယ်။ သွေးစစ်ဆေးမှုတွေလည်း ပြုလုပ်နိုင်ပေမယ့် ဒါက ကုသမှု အမျိုးအစားကိုတော့ အကျိုးသက်ရောက်ခြင်းမရှိပါဘူး။ သင့်မိသားစုထဲမှာ Angioedema ဖြစ်ဖူးသူ ရှိမရှိ ဆရာဝန်က မေးမြန်းပါလိမ့်မယ်။

Angioedema (ဓါတ်မတည့်မှုကြောင့် အရေပြားရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အလယ်အလတ်နဲ့ ပြင်းထန်တဲ့ လက္ခဏာတွေအတွက် ကုသမှုတွေ ရှိပါတယ်။ ပျော့တဲ့ လက္ခဏာတွေကတော့ ကုသဖို့ မလိုအပ်ပါဘူး။ ဖြစ်တဲ့အကြောင်းရင်းကို သိတယ်ဆိုရင် ဒါကို အရင်ကုသသင့်ပါတယ်။

အောက်ပါ ကုသမှုတွေ ပါဝင်ပါတယ်။

  • အေးတဲ့အရာတွေနဲ့ ဖိပေးခြင်းဟာ နေသာစေပါတယ်။ လိုးရှင်းတွေ ခရင်မ်တွေဟာ အရေပြားပေါ်လိမ်းတဲ့အခါ အရေပြားအောက် နက်နက်ကို မရောက်တဲ့အတွက် အကျိုးမရှိပါဘူး။
  • Antihistamine ဆေးတွေဟာ သွေးထဲက histamine ဓါတ် တွေကို လျော့နည်းစေပါတယ်။ တကယ်လို့ ဓါတ်မတည့်စေတဲ့အရာ မရှိတော့ဘူးဆိုရင် Angioedema ဟာ ပျောက်သွားပါလိမ့်မယ်။ ဓါတ်မတည့်တဲ့အရာ ရှိသေးတယ်ဆိုရင် Angioedema ကို သက်သာစေဖို့ antihistamine တွေကို သောက်သင့်ပါတယ်။ antihistamine တွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ် (ခေါင်းမူးခြင်း၊ ပါးစပ်ခြောက်ခြင်း)။ ဒါပေမယ့် အချို့ကတော့ အခြားဆေးတွေထက် ဘေးထွက်ဆိုးကျိုး နည်းပါးပါတယ်။
  • စတီးရွိုက်ဆေး တွေဟာ ပိုပြီး ပြင်းထန်တဲ့ ဆေးတွေဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေပါတယ်။ antihistamine တစ်မျိုးတည်းနဲ့ ကုသလို့ မပျောက်ကင်းတဲ့ ပြင်းထန် Angioedema တွေမှာ စတီးရွိုက်ဆေး လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Angioedema (ဓါတ်မတည့် အရေပြားရောင်ရမ်းခြင်း) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Angioedema ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ရောင်ရမ်းပြီး ပူနွေးနေတဲ့နေရာကို ရေခဲနဲ့ ဖိပါ။
  • ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကို သောက်သုံးပါ။
  • ဖြစ်နိုင်တဲ့ ဓါတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေကို ဒိုင်ယာရီမှာ ချရေးပါ။ ဆေးအသစ်၊ အစားအသောက်အသစ်၊ ဆပ်ပြာ၊ ရေမွှေး၊ အဝတ်အစား အစရှိတာတွေ ဖြစ်ပါတယ်။ ဒါဟာ သင့်ကို ဒီလိုပစ္စည်းမျိုးတွေ ရှောင်ကျဉ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
  • သင့်ဆရာဝန်ကို ဆေးအကြောင်း မေးမြန်းပါ။
  • Angioedema ကို antihistamine သောက်လို့ နှစ်ရက်သုံးရက်နေတဲ့အထိ မသက်သာရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ