backup og meta

Anal Fistula Surgery (ဂရင်ဂျီနာ ခွဲစိတ်ကုသမှု)


Dr. Thant Zin မှ ရေးသားသည်။ · 18/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂရင်ဂျီနာခွဲစိတ်ကုသခြင်းဆိုတာ ဘာလဲ

    မည်သည့်ဂရင်ဂျီနာမဆို ရောဂါပိုးဝင်ပြီး နာကျင်မှု ရှိနိုင်ပါတယ်။ ဒီရောဂါဟာ ခွဲစိတ်မှုမလုပ်ရင် ပိုဆိုးလာနိုင်ပါတယ်။

    ဂရင်ဂျီနာအများစုဟာ စအိုလမ်းကြောင်းအတွင်း ပြည်တည်နာ ဖြစ်လာခြင်းကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ပြည်တည်တဲ့လမ်းကြောင်းဟာ အရေပြားပေါ်ထိရောက်ပြီး အနာအပေါက်ဖြစ်သွားတဲ့အခါ ဂရင်ဂျီနာဖြစ်နိုင်ပါတယ်။ ပြည်များဟာ အရေပြားပေါ်က အနာပေါက်မှာ သူ့ဖာသာဖြစ်ဖြစ်၊ ခွဲစိတ်ပေးလို့ပဲဖြစ်ဖြစ် စီးထွက်နိုင်ပါတယ်။ ခွဲစိတ်ကုသခြင်းရဲ့ ရည်ရွယ်ချက်ဟာ နောက်ထပ်မနာကျင်စေဖို့၊ ရောဂါပိုးဝင်ခြင်း မရှိဖို့ ဖြစ်ပါတယ်။

    ဂရင်ဂျီနာခွဲစိတ်မှုကို ဘယ်အချိန်မှာ ခံယူသင့်သလဲ

    လက်ရှိကာလမှာတော့ ဂရင်ဂျီနာအတွက် ဆေးပေးရုံနဲ့ ကုသမှုမပြုနိုင်သေးပါဘူး။ ခွဲစိတ်မှုနဲ့ပဲ ကုသနိုင်ပါတယ်။ ခွဲစိတ်မှုကို စအိုနားက အရေပြားမှာ ပြုလုပ်ပေးခြင်းဖြင့် ပြည်များကို စီးထွက်သွားစေပါတယ်။

    ဂရင်ဂျီနာကို ခွဲစိတ်ပြီးအပြီးသတ် မကုသနိုင်သေးခင်ထိ လူနာအများဟာ နာကျင်ခြင်း၊ ပြည်ထွက်ခြင်း၊ ခဏတာသက်သာသလိုဖြစ်ပြီး ပြန်ဖြစ်ခြင်းစတဲ့ အခြေအနေတွေ ကြုံနိုင်ပါတယ်။

    ဂရင်ဂျီနာမခွဲခင် ဘာတွေသိထားသင့်သလဲ

    ပြည်ထုတ်နေချိန်မှာပဲ ခွဲစိတ်ကုသမှုကို တချိန်တည်း ပြုလုပ်နိုင်ပါတယ်။ တခါတရံမှာ ပြည်ထုတ်ပြီး နောက်ပိုင်း အတော်ကြာတဲ့အထိ ဂရင်ဂျီနာကို မတွေ့ရပါဘူး။

    ၅၀ ရာခိုင်နှုန်းလောက်မှာ အနာကနေပြည်ထုတ်ပြီး နောက်ပိုင်းမှာ ဂရင်ဂျီနာ အပေါက် လှိုဏ်ခေါင်းဆက်ရှိနေတတ်ပါတယ်။

    ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

    ဂရင်ဂျီနာခွဲစိတ်မှု မလုပ်ခင် ဘာတွေလုပ်သင့်သလဲ

    ပထမဦးစွာ ကျွမ်းကျင်ပြီး ခွဲစိတ်မှုအတွေ့အကြုံ ကောင်းကောင်းရှိတဲ့ ဆရာဝန်ကို ရွေးချယ်ပါ။ တွေ့ဆုံဆွေးနွေးပါ။ ခွဲစိတ်မှုမလုပ်ခင် ဘာတွေ ပြင်ထားရမလဲဆိုတာ ဆရာဝန်ကိုမေးပါ။ ဒါ့အပြင် မိသားစုဝင်တွေဟာ ခွဲစိတ်ပြီးချိန်မှာ သင့်ကိုအိမ်ပြန်ခေါ်ပြီး ကြည့်ရှုပေးနိုင်ဖို့ စီစဉ်ရပါမယ်။ ခွဲစိတ်ပြီး ပထမနေ့မှာ သင့်နံဘေးမှာ အချိန်ပြည့်စောင့်ကြည့်ပေးနေနိုင်ဖို့ လိုပါတယ်။ အဲဒီအတွက်လည်း ကြိုစီစဉ်ထားသင့်ပါတယ်။

    ဂရင်ဂျီနာခွဲစိတ်မှုရဲ့ ပုံမှန်အဆင့်တွေက ဘာတွေလဲ

    ခွဲစိတ်မှုမှာ မေ့ဆေးပေးခြင်း ပါဝင်ပြီး ၁၅မိနစ်ကနေ နာရီဝက်ထိ ကြာနိုင်ပါတယ်။

    ဆီးဝမ်းမထိန်းနိုင်ခြင်း ဖြစ်နိုင်ခြေအန္တရာယ်ကို လျော့ပါးဖို့အတွက်ကုသမှုတွင် လပေါင်းများစွာအတွင်း ခွဲစိတ်မှုများစွာ လည်းပါဝင်နိုင်ပါတယ်။ ဘယ်လိုခွဲစိတ်မှုမျိုးနဲ့ ခွဲရမယ်ဆိုတာ ဂရင်ဂျီနာ ဘယ်နေရာမှာ ရှိတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်။

    • ဂရင်ဂျီနာဟာ စအိုကြွက်သားရဲ့အောက်ဘက် ဒါမှမဟုတ် ကြွက်သားအောက်ပိုင်းကို ဖြတ်သွားတဲ့အခါ ဆရာဝန်ဟာ ဂရင်ဂျီနာကို ခွဲပြီး အနာကိုဖွင့်ခဲ့ပါလိမ့်မယ်။ ကောင်းတဲ့တစ်သျှူးတွေနဲ့ အနာကျက်သွားနိုင်လို့ ဖြစ်ပါတယ်။

    • ဂရင်ဂျီနာဟာ လမ်းကြောင်းတွေခွဲပြီး စအိုကြွက်သားအပေါ်ပိုင်းကို ဖြတ်သွားမယ်ဆိုရင် ဆရာဝန်ဟာ အထူးချုပ်ရိုးပုံစံနဲ့ ချုပ်ပေးခဲ့ပါလိမ့်မယ်။ အနာကနေ ပြည်တွေ လွယ်လွယ်ထွက်နိုင်အောင် ဖြစ်ပါတယ်။

    • ဂရင်ဂျီနာအတွက် ဝက်ရဲ့အူပိုင်း အသားစနဲ့ လုပ်ထားတဲ့ ကိရိယာကိုထည့်သွင်းကုသလို့ ရပါတယ်။ အဲဒီနည်းနဲ့ဆို စအိုကြွက်သားကို ခွဲစရာမလိုပါဘူး။

    • ဂရင်ဂျီနာဟာ စအိုကြွက်သားအပေါ်ဘက် ရောက်နေရင် စအိုလမ်းကြောင်းလွှဲတဲ့ ကုသနည်းကို ယာယီသုံးပြီး ကုသနိုင်ပါတယ်။ ဒီနည်းဟာ သိပ်ပြီး မသုံးတတ်ကြပါဘူး။

    ဂရင်ဂျီနာခွဲစိတ်ပြီး ဘာတွေလုပ်သင့်သလဲ

    ခွဲစိတ်ပြိးတဲ့နေ့ ဒါမှမဟုတ် နောက်တနေ့မှာ အိမ်ကို ပြန်နိုင်ပါတယ်။

    ရက်အနည်းငယ် အနားယူပါ။ အနာကျက်မြန်အောင် လမ်းအနည်းငယ်လျှောက်ပါ။ ခွဲထားတဲ့အနာ လုံးဝကျက်သွားဖို့ ရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်လို့ အောက်ခံတခုခု ကပ်ထားပါ။

    လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ပုံမှန်လှုပ်ရှား သွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ကျန်းမာရေး စောင့်ရှောက်ပေးသူများနဲ့ တိုင်ပင်ပါ။

    လူအနည်းငယ်မှာတော့ ဂရင်ဂျီနာပြန်ဖြစ်တတ်ပါတယ်။

    သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ

    ခွဲစိတ်နေစဉ်နဲ့ ခွဲစိတ်အပြီးမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အများစုမှာတော့ နောက်ဆက်တွဲပြသနာတွေ မရှိတတ်ပါဘူး။ အောက်ပါအချက်တွေ အတွေ့ရများပါတယ်။

    • နာကျင်ခြင်း

    • သေးထွက်ခြင်း

    • ချုပ်ရိုးအမာရွတ်ကြည့်မကောင်းခြင်း

    တချို့ပြဿနာတွေလည်း ရှိတတ်ပါတယ်။

    • ဆီးသွားရခက်ခြင်း

    • လေလည်ခြင်း၊ ဝမ်းသွားခြင်းကို မထိန်းနိုင်ခြင်း

    • ဝမ်းမထိန်းနိုင်ခြင်း

    နောက်ဆက်တွဲပြဿနာများကို ပိုမိုသိလိုလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 18/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement