Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ကဘာလဲ။

အရက်အဆိပ်သင့်ခြင်းဆိုတာ ဆိုးရွားတဲ့ အခြေအနေဖြစ်ပြီး အချိန်အနည်းငယ်အတွင်းမှာ အရက်အများအပြားသောက်မိရင် ဖြစ်တတ်ပါတယ်။ အများအပြားသောက်သုံးခြင်း၊ လျင်မြန်စွာ သောက်သုံးခြင်း စတာတွေဟာ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ ကိုယ်ခန္ဓာအပူချိန်၊ ပျို့သည့်တုံ့ပြန်မှု စတာတွေကို လွှမ်းမိုးပြီး သတိမေ့မျောခြင်း၊ သေဆုံးခြင်း ဖြစ်ပွားနိုင်ပါတယ်။ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ အရက်ပါဝင်တဲ့ အိမ်တွင်း အသုံးအဆောင်တွေကို မတော်တဆဖြစ်ဖြစ်၊ တမင်ဖြစ်ဖြစ် သောက်မိရင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အရက်အဆိပ်သင့်မှုဖြစ်ရင် အရေးပေါ်ဆေးကုသဖို့ လိုအပ်ပါတယ်။

 

Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ငယ်ရွယ်သူများဟာ အရက်ကို ပိုပြီး အလွန်အကျွံ သောက်တတ်တာကြောင့် ဖြစ်ပွားနှုန်းပိုများတတ်ပါတယ်။

အမျိုးသားများဟာ အမျိုးသမီးများထက် သောက်သုံးမှုပိုများတာကြောင့် အရက်အဆိပ်သင့်မှု ပိုများတတ်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • စိတ်ရှုပ်ထွေးခြင်း
  • ပျို့အန်ခြင်း
  • တက်ခြင်း
  • အသက်ရှူနှေးခြင်း (တမိနစ် ၈ကြိမ်ထက် ပိုနှေးခြင်း)
  • အသက်ရှူနှုန်းမမှန်ခြင်း (တကြိမ်နှင့်တကြိမ်ကြား ၁၀စက္ကန့်ထက် ပိုကြာခြင်း)
  • အသားအရေ ပြာနှမ်းခြင်း၊ ဖျော့တော့ခြင်း
  • ကိုယ်အပူချိန်ကျခြင်း
  • သတိလစ်ခြင်း၊ နှိုးမရခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရက်ဟာ ကိုယ်တွင်းအင်္ဂါအားလုံးကို သက်ရောက်မှု ရှိပါတယ်။ ကိုယ်ခန္ဓာကနေ ဘေးကင်းစွာ လက်ခံ ရယူနိုင်တဲ့ ပမာဏထက်ပိုသောက်မိရင် အဆိပ်သင့်တတ်ပါတယ်။ ပထမဥိးစွာ အစာအိမ်နဲ့ အူသိမ်ပိုင်းက အရက်ကို လျင်မြန်စွာ စုပ်ယူတဲ့အတွက် သွေးကြောထဲကို မြန်မြန်ရောက်သွားပါတယ်။ များများသောက်လေလေ သွေးကြောထဲ မြန်မြန်ရောက်လေ ဖြစ်ပါတယ်။

အသည်းဟာ အရက်ကို ချေဖျက်ရာမှာ အဓိကကျပါတယ်။ ဒါပေမယ့် ပမာဏအများအပြားကို တခဏအတွင်း မချေဖျက်နိုင်ပါဘူး။ ဒါကြောင့် အသည်းက မချေဖျက်နိုင်တဲ့ အရက်များဟာ ခန္ဓာကိုယ်အနှံ့ကို ရောက်ရှိသွားပါတယ်။

များသောအားဖြင်ပ ခန္ဓာကိုယ်ဟာ တနာရီမှာ အ၇က်တအောင်စ ချေဖျက်နိုင်ပါတယ်။ ဒီထက်ပိုသောက်ရင် အသည်းက လိုက်ပါချေဖျက်ခြင်း မလုပ်နိုင်တာမို့ ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။

ဖြစ်နိုင်ခြေများ

 Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ငယ်ရွယ်သူများဟာ အရက်ကို ပိုပြီး အလွန်အကျွံ သောက်တတ်တာကြောင့် ဖြစ်ပွားနှုန်းပိုများတတ်ပါတယ်။
  • အမျိုးသားများဟာ အမျိုးသမီးများထက် သောက်သုံးမှုပိုများတာကြောင့် အရက်အဆိပ်သင့်မှု ပိုများတတ်ပါတယ်။
  • အရပ်နဲ့ကိုယ်အလေးချိန်ဟာ အရက်ကို ကိုယ်ခန္ဓာကနေ စုပ်ယူမှု ဘယ်လောက်မြန်တယ် ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ ကိုယ်ခန္ဓာ သေးငယ်သူများဟာ အရက်ရဲ့သက်ရောက်မှုကို ပိုပြီး မြန်ဆန်စွာ ကြုံတွေ့ရပါတယ်။ ကိုယ်ခန္ဓာကြီးမားသူတွေနဲ့ သောက်တဲ့ပမာဏ တူပေမယ့် ကိုယ်ခန္ဓာသေးငယ်သူတွေဟာ အရက်သောက်လွန်ခြင်း ပိုဖြစ်တတ်ပါတယ်။
  • အရက်ကို ခံနိုင်ရည်မြင့်ခြင်း၊ အရက်သောက်ပြိုင်ခြင်း စတာတွေဟာ ဖြစ်နိုင်ခြေ ပိုများစေပါတယ်။
  • အသောက်အစားများသူတွေဟာ ပိုပြီး ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • တခြားကျန်းမာရေးပြသနာတွေ ဥပမာ- ဆီးချို ရှိရင် ဖြစ်နိုင်ခြေများပါတယ်။
  • အရက်ကို တခြားဆေးဝါးတွေနဲ့ ပေါင်းစပ်သောက်သု့းရင် အ၇က်ရဲ့ အရသာ ပျောက်သွားတတ်ပါတယ်။ အဲဒီအခါ ပိုသောက်နိုင်တာမို့ အရက်လွန်ခြင်း ဖြစ်နိုင်ခြေ များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် စမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ အရက်အဆိပ်သင့်မှုရဲ့ လက္ခဏာတွေကို စစ်ဆေးပါလိမ့်မယ်။ သွေး၊ ဆီး စစ်ဆေးပါလိမ့်မယ်။ အရက်အဆိပ်သင့်ခြင်းရဲ့ အခြားလက္ခဏာတွေ (ဥပမာ သွေးတွင်းသကြားဓာတ် ကျခြင်း) ကို သိရှိနိုင်ပါတယ်။

Alcohol Poisoning (အရက်အဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အရက်အဆိပ်သင့်ခြင်းကုသရာမှာ ကိုယ်ခန္ဓာကနေ အရက်ကို စွန့်ထုတ်နေချိန်မှာ မထောက်အကူပြု ကုသခြင်းတွေ ပါဝင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • သေချာစွာ စောင့်ကြည့်ခြင်း
  • အသက်ရှူပြသနာ၊ ဆို့နင်သည့်ပြသနာများ ကာကွယ်ခြင်း
  • အောက်ဆီဂျင်ပေးကုသခြင်း
  • သွေးပြန်ကြောမှ အရည်များထည့်သွင်းခြင်း
  • နောက်ဆက်တွဲပြသနာများ ကာကွယ်ရန် ဗီတာမင်နှင့် ဂလူးကို့စ်ပေးခြင်း
  • မက်သနော၊ အိုင်ဆိုပရိုပိုင်းအယ်လ်ကိုဟော မတော်တဆသောက်မိသူများကို စက်အကူအညီဖြင့် ကျောက်ကပ်ဆေးကာ သွေးသန့်စင်ခြင်း

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အရက်အဆိပ်သင့်ခြင်းအတွက် အထောက်အကူ ပြုသလဲ

အရက်အဆိပ်သင့်ခြင်းရဲ့ သက်ရောက်မှုတွေကို ပြန်ပြောင်းမချေဖျက်နိုင်ပါဘူး။ တချို့အရာတွေက ပိုဆိုးစေပါတယ်။

  • အိပ်လိုက်ခြင်း။ အိပ်ပျော်ရင် သတိပါ လစ်သွားနိုင်ပါတယ်။
  • ဘလက်ကော်ဖီ၊ ကဖိန်း။ အရက်အဆိပ်သင့်ခြင်းအတွက် မထိရောက်ပါဘူး။
  • ရေအေးအေးချိုးခြင်း။ အအေးဓာတ်ကြောင့် သတိလစ်သွားနိုင်ပါတယ်။
  • လမ်းလျောက်ခြင်း။ ကိုယ်ခန္ဓာကနေ အရက်ကို ချေဖျက်နိုင်မှုကို မမြန်ဆန်စေနိုင်ပါဘူး။

အောက်ပါအချက်တွေဟာ အထောက်အကူပြုပါတယ်။

  • အရက်ကိုတော်သင့်ရုံသာသောက်ခြင်း။ အရက်ကို သောက်ဖြစ်မယ်ဆိုရင် အတော်အတန်ပဲ သောက်တာကောင်းပါတယ်။ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူများအနေနဲ့ အမျိုးသမီးများ၊ အသက် ၆၅နှစ်အထက် အမျိုးသားများ ဆို၇င် တနေ့တခွက်၊ ၆၅နှစ်အောက် အမျိုးသားများ တနေ့၂ခွက် စသဖြင့် ဖြစ်ပါတယ်။
  • အစာမရှိဘဲ မသောက်ပါနှင့်။ ဗိုက်ထဲအစာရှိတာဟာ အရက်အဆိပ်သင့်ခြင်းကို မကာကွယ်နိုင်ပေမယ့် အ၇က်စုပ်ယူမှုကို အတိုင်းအတာတခုအထိ နှေးကွေးစေပါတယ်။
  • ဆယ်ကျော်သက်များနဲ့ ပေါင်းသင်းပါ။ သူတို့ကို အရက်ရဲ့ အန္တရာယ်တွေ ပြောပြပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ