Albinismus (တကိုယ်လုံးဖြူခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Albinismus (တကိုယ်လုံးဖြူခြင်း) ကဘာလဲ။

တကိုယ်လုံးဖြူခြင်းဆိုတာ ရောင်ခြည်ပစ္စည်းဖြစ်တဲ့ မယ်လနင် နည်းပါးတဲ့၊ လုံးဝမရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါဖြစ်ပါတယ်။ မယ်လနင်ဆိုတဲ့ ကိုယ်ခန္ဓာထဲက ရောင်ခြယ်ပစ္စည်းဟာ အရေပြား၊ ဆံပင်၊ မျက်လုံး စတာတွေရဲ့ အရောင်ကို ဖြစ်ပေါ်စေပါတယ်။ အဲဒီပြသနာရှိသူများဟာ နေရောင်ထိမခံနိုင်ဖြစ်ပြီး အရေပြားကင်ဆာဖြစ်တတ်ပါတယ်။

တကိုယ်လုံးဖြူခြင်းအတွက် ကုသနိုင်ခြင်း မရှိပေမယ့် အရေပြားကို ကာကွယ်နိုင်တဲ့၊ မြင်နိုင်စွမ်းအားကို အကောင်းဆုံးမြှင့်တင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဒီရောဂါရှိသူအချို့ဟာ လူမှုရေးနယ်ပယ်မှာ ခွဲခြားဆက်ဆံခြင်း ခံရတတ်ပါတယ်။

Albinismus (တကိုယ်လုံးဖြူခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Albinismus (တကိုယ်လုံးဖြူခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

များသောအားဖြင့် အရေပြား၊ ဆံပင်နဲ့ မျက်လုံးအရောင်တွေမှာ လက္ခဏာ ဖြစ်တတ်ပါတယ်။

ရောဂါရှိသူတိုင်းမှာ အမြင်အာရုံပြသနာ ရှိတတ်ပါတယ်။

အရေပြား။ ဆံပင်အရောင်ဖြူပြီး အသားအရေ ပန်းရောင် ဖြစ်ပါတယ်။ ဒါပေမယ့် အသားရောင်ဟာ အဖြူကနေ အညိုထိ တွေ့ရတတ်ပါတယ်။ မိဘ၊ မောင်နှမများနဲ့ အနီးစပ်ဆုံး ဖြစ်တတ်ပါတယ်။

ရောဂါရှိသူတချို့မှာ အသားရောင်ဟာ လုံးဝမပြောင်းပါဘူး။ တချို့တွေမှာတော့ မယ်လနင်ထုတ်လုပ်ခြင်းဟာ ကလေးဘ၀၊ ဆယ်ကျော်သက်ဘ၀မှာ စတင်တာမို့ အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပါတယ်။

နေရောင်နဲ့ ထိတွေ့တဲ့အခါ အောက်ပါကိစ္စရပ်တွေ ဖြစ်ပွားနိုင်ပါတယ်။

  • တင်းတိတ်များဖြစ်ပေါ်ခြင်း
  • မှဲ့များပေါ်ခြင်း (ရောင်ခြယ်ပစ္စည်း ပါတာ၇ှိသလို မပါတာလည်း တွေ့ရပါတယ်။ ရောင်ခြယ်ပစ္စည်း မပါရင် ပန်းရောင်ဖြစ်တတ်ပါတယ်။)
  • တင်းတိတ်ကဲ့သို့ အကွက်များ ကြီးမားစွာ ဖြစ်ပေါ်ခြင်း
  • အသားညိုလာခြင်း

ဆံပင်။ ဆံပင်အရောင်ဟာ အဖြူဆွတ်ဆွတ်ကနေ အညိုရောင်အထိ ရှိပါတယ်။ ဒီရောဂါရှိတဲ့ အာဖရိကနဲ့ အာရှနွယ်ဖွားတွေရဲ့ ဆံပင်ဟာ အ၀ါ၊ အနီ၊ အညို ဖြစ်နေတတ်ပါတယ်။ ကလေးဘ၀မှာ ဆံပင်အရောင်နက်နိုင်ပါတယ်။

မျက်လုံး။ မျက်လုံးအရောင်ဟာ အပြာနုကနေ အညိုရောင်ထိရှိပြီး အသက်အရွယ်အလိုက် ပြောင်းလဲတတ်ပါတယ်။ မျက်လုံးရဲ့ အရောင်ရှိရမယ့်အပိုင်းမှာ ရောင်ခြယ်ပစ္စည်းမရှိတာမို့ အကြည်ရောင်အနေနဲ့ပဲ ရှိတတ်ပါတယ်။ ဆိုလိုတာကတော့ အလင်းရောင်ဟာ မျက်လုံးထဲကို အတားအဆီးမရှိဝင်သွားနိုင်ပါတယ်။ ဒါကြောင့် အလင်းရောင်နဲ့တွေ့ချိန်မှာ အရောင်မရှိတဲ့မျက်လုံးဟာ နီရဲသွားနိုင်ပါတယ်။ အလင်းရောင်ဟာ မျက်လုံးရဲ့ နောက်ကျောကိုရောက်သွားပြီး အလင်းပြန်လာလို့ ဖြစ်ပါတယ်။ မီးဖွင့်ပြီးရိုက်တဲ့ ဓာတ်ပုံတွေမှာ မျက်လုံးနီသလိုမျိုး ဖြစ်ပါတယ်။

အမြက်အာရုံ။ အောက်ပါလက္ခဏာတွေ ရှိနိုင်ပါတယ်။

  • မျက်လုံး အလိုလို ကစားနေတတ်ခြင်း
  • တနေရာတည်းကို မျက်စိနှစ်ဖက်စလုံး မကြည့်နိုင်ခြင်း၊ တချိန်တည်း ရွေ့လျားမှု မရှိခြင်း
  • ဆိုးဆိုးရွားရွား အဝေးမှုန်ခြင်း၊ အနီးမှုန်ခြင်း
  • အလင်းရောင် မခံနိုင်ခြင်း
  • မျက်လုံးရှေ့မျက်နှာပြင် (သို့) မျက်လုံးထဲမှ မှန်ဘီလူး ခုံးပုံမမှန်၍ အမြင်ဝါးခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသပါ။

  • သင့်ကလေးရဲ့ ဆံပင် (သို့) အသားရောင်ဟာ မွေးဖွားစဉ်ကတည်းက ရောင်ခြယ်ပစ္စည်းမရှိသောအခါ (ဆ၇ာဝန်ဟာ မျက်လုံးကိုစစ်ဆေးတဲ့အပြင် အသားရောင်ပြောင်းလဲခြင်း ရှိမရှိကိုလည်း ကြည့်ရှုပါလိမ့်မယ်။
  • ကလေးရဲ့ အသက် ၃-၄ လမှာ မျက်လုံးဟာ အလိုလို လှုပ်ရှားလာပါတယ်။
  • နှခေါင်းသွေးလျှံခြင်း၊ သွေးခြေဥလွယ်ခြင်း၊ နာတာရှည်ပိုးဝင်ခြင်း စတာတွေ တွေ့နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ Hermansky-Pudlak (သို့) Chediak-Higashi ရောဂါလက္ခဏာစုရှိခြင်းကို ပြနေပါတယ်။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Albinismus (တကိုယ်လုံးဖြူခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျိုးရိုးဗီဇချို့ယွင်းလို့ ဖြစ်ပါတယ်။ မျိုးရိုးဗီဇတခုချင်းစီဟာ မယ်လနင်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ ပရိုတိန်းတွေကို တည်ဆောက်ရာမှာ ပါဝင်ပါတယ်။ မယ်လနင်ကို မယ်လနိုဆိုက်လို့ခေါ်တဲ့ ဆဲလ်ကနေ ထုတ်လုပ်ပါတယ်။ ဗီဇချို့ယွင်းမှုရှိတဲ့အခါ မယ်လနင် မထုတ်နိုင်တာ၊ ပမာဏနည်းသွားတာ ဖြစ်တတ်ပါတယ်။

ရောဂါရှိသူအချို့မှာ ချို့ယွင်းတဲ့ဗီဇနှစ်စုံကို မိခင်နဲ့ဖခင်ဆီက ကိုယ်စီရတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Albinismus (တကိုယ်လုံးဖြူခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

မျိုးရိုးဗီဇချို့ယွင်းတာကြောင့် ဖြစ်တတ်ပြီး သိသာတဲ့ မိသားစုရာဇ၀င် ရှိတတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Albinismus (တကိုယ်လုံးဖြူခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။

  • ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း
  • အသားရောင်ပြောင်းလာခြင်း
  • မျက်စိကိုသေချာစွာ စမ်းသပ်ခြင်း
  • ကလေး၏ အသားရောင်ကို မိသားစုဝင်များ၏ အသားရောင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း

မျက်စိဆရာဝန်ဟာ သသင့်ကလေးရဲ့ မျက်စိကို စမ်းသပ်ပါလိမ့်မယ်။ မျက်လုံး အလိုလို ကစားနေလား၊ တနေရာတည်းကို စုံမကြည့်နိုင်ဘူးလား၊ အလင်းကြောက်သလား စသဖြင့် စစ်ဆေးပါလိမ့်မယ်။မျက်စိအတွင်းမြင်လွှာကို ကြည့်ရှုတဲ့ ကိရိယာနဲ့ စစ်ဆေးပါလိမ့်မယ်။ မျက်လုံးထဲကို အလင်းဝင်ရောက်လာတဲ့အခါ ဦးနှောက်ကထုတ်တဲ့ အချက်ပြလှိုင်းတွေကို တိုင်းတာပြီး အမြင်အာရုံကြောတွေ ပုံမှန်ဖြစ်မဖြစ် စစ်ဆေးပါလိမ့်မယ်။ 

သင့်ကလေးမှာ မျက်လုံးတဖက်တည်း ပြသနာရှိနေရင် တခြားအကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ တကိုယ်လုံးဖြူခြင်းမဟုတ်တဲ့ တခြားပြသနာတွေဟာ ရောင်ခြယ်ပစ္စည်းအပေါ် သက်ရောက်မှုရှိနိုင်ပေမယ့် အမြင်အာရုံပိုင်းဆိင်ရာ ပြသနာအားလုံးကိုတော့ မဖြစ်စေပါဘူး။

Albinismus (တကိုယ်လုံးဖြူခြင်း) ကို ဘယ်လိုကုသပါသလဲ

မျိုးရိုးဗီဇပြသနာဖြစ်တာကြောင့် ကုသရာမှာ ကန့်သတ်ချက်တွေ ၇ှိပါတယ်။ ထိရောက်တဲ့ မျက်စိကုသခြင်းတွေ၊ အရေပြား ပုံမှန်ဟုတ်မဟုတ် စစ်ဆေးခြင်းတွေဟာ ကလေးရဲ့ ကျန်းမာရေးအတွက် အထူးအရေးကြီးပါတယ်။

  • သေချာစမ်းသပ်ထားတဲ့ မျက်မှန်တပ်ဖို့၊ မျက်စိကို ပုံမှန် စမ်းသပ်ဖို့ လိုပါတယ်။ တခါတရံမှာ မျက်စိခွဲစိတ်မှုလည်း လိုအပ်နိုင်ပါတယ်။ မျက်စိနှစ်လုံး အလုပ်အတုမလုပ်တဲ့ ပြသနာကို ခွဲစိတ်ကုသရင် လက္ခဏာသက်သာသွားပေမယ့် အမြင်အာရုံတော့ ထူးပြီးကောင်းမလာနိုင်ပါဘူး။
  • အရေပြားကို နှစ်စဉ်စစ်ဆေးပြီး အရေပြားကင်ဆာ ရှိမရှိ၊ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အနာရောဂါရှိမရှိ စစ်ဆေးပါလမ့်မယ်။

Hermansky-Pudlak နဲ့ Chediak-Higashi ရော၈ါလက္ခဏာစု ရှိသူတွေဟာ နောက်ဆက်တွဲပြသနာတွေကို ကာကွယ်ဖို့ ပုံမှန် ပြုစုကုသခြင်းများ လိုအပ်ပါတယ်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက   တကိုယ်လုံးဖြူခြင်းခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • အမြင်အာရုံအတွက် အကူကိရိယာများ (ဥပမာ လက်ကိုင်မှန်ဘီလူး) အသုံးပြုနိုင်ပါတယ်။
  • နေရောင်ကာကွယ်တဲ့ လိမ်းဆေးခရင်မ်ကို အနည်းဆုံး ၃၀ထိ အသုံးပြုခြင်းဟာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်ပါတယ်။
  • နေရောင်ခြည်ထိတွေ့နိုင်ခြေကို ရှောင်ကြည်ပါ။ နေ့လယ်ခင်းတွေမှာ၊ နေသာချိန်တွေမှာ အပြင်မထွက်ပါနဲ့။
  • အကျီင်္လက်ရှည်၊ ဘောင်းဘီရှည်၊ ကြီးတဲ့ဦးထုပ် စတာတွေ ၀တ်ဆင်ပါ။
  • နေကာမျက်မှန် တပ်ပါ။

 

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတျ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ