အဓိပ္ပါယ်ဖွင့်ဆိုချက်

Addison Disease (အက်ဒဆင်ရောဂါ) ကဘာလဲ။

သင့်ကျောက်ကပ်တွေရဲ့ထိပ်မှာ အက်ဒရီနယ်ဂလင်းတွေ ရှိပါတယ်။ အဲဒီဂလင်းတွေကနေ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာတွေမှာ လိုအပ်တဲ့ ဟော်မုန်းအများအပြား ထုတ်လုပ်ပေးပါတယ်။ အက်ဒဆင်ရောဂါဟာ အဒရီနယ်ဂလင်းအကာပိုင်း ပျက်စီးရင်ဖြစ်တတ်ပြီး ကော်တီဆော၊ အယ်ဒိုစတီရုန်း စတဲ့ စတီးရွိုက်ဟောမုန်းတွေ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ကော်တီဆောဟော်မုန်းရဲ့ တာဝန်ကတော့ ဖိအားများတဲ့ အခြေအနေမှာ ကိုယ်ခန္ဓာရဲ့တုံ့ပြန်မှုတွေကို ထိန်းညှိပေးဖို့ ဖြစ်ပါတယ်။ အယ်ဒိုစတီရုန်းဟာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ကို ထိန်းညှိပေးပါတယ်။ အဒရီနယ်ဂလင်းအကာပိုင်းဟာ ကျားဟော်မုန်းကိုလည်း ထုတ်လုပ်ပေးပါတယ်။

 

Addison Disease (အက်ဒဆင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အဒရီနယ်မလုံလောက်မှုလို့လည်း ခေါ်ပါတယ်။ အသက်အရွယ်မရွေး ကျားမမရွေးပါဘူး။ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ပြင်းထန်တတ်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Addison Disease (အက်ဒဆင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါလက္ခဏာတွေ ကြုံနိုင်ပါတယ်။

  • ကြွက်သားများအားနည်းခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အသားအရေမည်းလာခြင်း
  • ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက် ပျက်ခြင်း
  • နှလုံးခုန်နှုန်းနှေးခြင်း၊ သွေးပေါင်ချိန်ကျခြင်း
  • သွေးတွင်းသကြားဓာတ်နည်းခြင်း
  • သတိလစ်ခြင်း
  • ပါးစပ်အနာများပေါက်ခြင်း
  • ဆားငတ်ခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • စိတ်အနှောက်အယှက်ဖြစ်လွယ်ခြင်း၊ စိတ်ကျခြင်း

အက်ဒဆင်ရောဂါကို မကုဘဲထားရင် ဆိုးရွားပြင်းထန်တဲ့ အဆင့်ကိုရောက်လာပြီး အရေးပေါ်ဆေးကုသမှု လိုအပ်ပါတယ်။ အောက်ပါအခြေအနေတွေမှာ အရေးပေါ် ဖုန်းနံပါတ်ကို ချက်ချင်းခေါ်ဆိုဖို့ လိုအပ်ပါတယ်။

  • စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း (စိတ်ရှုပ်ခြင်း၊ ကြောက်လန့်ခြင်း၊ ဂနာမငြိမ်ခြင်း)
  • သတိလစ်ခြင်း
  • အဖျားကြီးခြင်း
  • ခါး၊ ၀မ်းဗိုက်၊ ခြေထောက်များတွင် ရုတ်တရက် အောင့်ခြင်း

မကုဘဲထားတဲ့ အက်ဒဆင်ရောဂါဟာ သွေးလန့်ပြီး သေစေတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Addison Disease (အက်ဒဆင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အက်ဒဆင်ရောဂါဟာ အဓိကအားဖြင့် ၂မျိုးရှိပါတယ်။ မူလ အဒရီနယ်မလုံလောက်ခြင်းနဲ့ နောက်ဆက်တွဲ အဒရီနယ်မလုံလောက်ခြင်း ဖြစ်ပါတယ်။ ရောဂါကို ကုသဖို့အတွက် ဘာအကြောင်းအရင်းလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။

  • မူလ အဒရီနယ်မလုံလောက်ခြင်း။ အဒရီနယ်ဂလင်း ဆိုးရွားစွာပျက်စီးပြီး ဟော်မုန်းတွေ မထုတ်လုပ်နိုင်တော့တဲ့အခါ ဖြစ်ပွားတတ်ပါတယ်။ ဒီအမျိုးအစားဟာ ကိုယ်ခံအားစနစ်ကို အများဆုံး ထိခိုက်စေပြီး အဒရီနယ်ဂလင်းတွေကို ပျက်စီးစေပါတယ်။ ဒါဟာ မိမိကိုယ်ခံအားက မိမိကိုယ်ကို ပြန်တိုက်ခိုက်တဲ့ရောဂါပဲ ဖြစ်ပါတယ်။ မိမိကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ရောဂါပိုးမွှားတွေလို့ မှားယွင်းမှတ်သားမိပြိး တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ တခြား အကြောာင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
  • ဂလူကိုကော်တီကွိုက် (ဥပမာ ပရနီစလုန်း) ကို ကြာမြင့်စွာ သုံးစွဲခြင်း
  • ရောဂါပိုးဝင်ခြင်း
  • ကင်ဆာနှင့် ပုံမှန်မဟုတ်သော ကြီးထွားခြင်းများ (အကျိတ်)
  • သွေးကြဲဆေးအချို့ စတာတွေ ဖြစ်ပါတယ်။
  • နောက်ဆက်တွဲ အဒရီနယ် မလုံလောက်ခြင်း။ ဦးနှေက်ြထဲက ပီကျူထရီဂလင်းကနေ ACTH ဟော်မုန်းကို မထုတ်လုပ်နိုင်ရင် ဖြစ်တတ်ပါတယ်။ အဲဒီဟော်မုန်းဟာ အဒရီနယ်ဂလင်းကနေ ဟော်မုန်းများ ထုတ်လုပ်ခြင်းကို အားပေးပါတယ်။ ဆရာဝန်ညွှန်တဲ့ ကော်တီကိုစတီးရွိုက်ကို မသုံးစွဲရင်လည်း ဖြစ်နိုင်ခြေရှိပါတယ်။ ကော်တီကိုစတီးရွိုက်ဟာ ရင်ကျပ်ပန်းနာလို နာတာရှည်ရောဂါတွေ ကုသရာမှာ အသုံးပြုပါတယ်။

ဖြစ်နိုင်ခြေများ

Addison Disease (အက်ဒဆင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ကင်ဆာဖြစ်ခြင်း
  • သွေးကျဲဆေးသောက်ခြင်း
  • တီဘီဖြစ်ခြင်း
  • အဒရီနယ်ဂလင်း၏ အစိတ်အပိုင်းတခုခုကို ခွဲစိတ်ဖယ်ရှားခြင်း
  • ဆီးချို အမျိုးအစား (၁)၊ Grave ရောဂါ စသကဲ့သို့ ကိုယ်ခံအားဆန့်ကျင်သောရောဂါဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Addison Disease (အက်ဒဆင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် ရောဂါရာဇ၀င်မေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ စမ်းသပ်မှုများ ပြုလုပ်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ အောက်ပါ စစ်ဆေးမှုတွေ ပါဝင်ပါတယ်။

  • သွေးစစ်ဆေးခြင်း။ သွေးတွင်းမှာရှိတဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကော်တီဆော၊ ACTH စတာတွေရဲ့ ပမာဏကို တိုင်းတာပါလိမ့်မယ်။ ကိုယ်ခံအားဆန့်ကျင်တဲ့ ရောဂါနဲ့ ဆက်စပ်နေတဲ့ ခုခံပစ္စည်းတွေ ဆိုင်းတာခြင်းလည်း ပါဝင်ပါတယ်။
  • ACTHလှုံ့ဆော်မှုစစ်ဆေးခြင်း ဖန်တီးထားတဲ့ ACTH ကို ကိုယ်ခန္ဓာတွင်း မထိုးသွင်းမီနဲ့ ထိုးပြီးချိန်မှာ သွေးတွင်းကော်တီဆောဓာတ်ကို တိုင်းတာခြင်း ပါဝင်ပါတယ်။ ACTH ဟာ အဒရီနယ်ဂလင်းတွေကနေ ကော်တီဆော ထုတ်ပေးဖို့ အချက်ပေးပါတယ်။ အဒရီနယ်ဂလင်းပျက်စီးနေရင် ဒီစမ်းသပ်မှုမှာ ACTHကို တုံ့ပြန်တဲ့ ကော်တီဆောထွက်ခြင်း၊ မရှိခြင်းကို တွေ့နိုင်ပါတယ်။
  • အင်ဆူလင်လှုံ့ဆော်သော သွေးတွင်း သကြားဓာတ်နည်းခြင်း စစ်ဆေးမှု။ ပီကျူထရီ ဂလင်းပြသနာဟာ အဒရီနယ်မလုံလောက်ခြင်းရဲ့ ဖြစ်နိုင်ခြေ အကြောင်းအရင်းလို့ ယူဆရင် ဒီနည်းကို တိုက်တွန်းပါလိမ့်မယ်။ အင်ဆူလင်ထိုးပြီးချိန်မှာ သွေးတွင်းသကြားဓာတ်နဲ့ ကော်တီဆောပမာဏကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကျန်းမာသူတွေမှာ ဂလူးကို့စ်ပမာဏ လျော့နည်းသွားပြီး ကော်တီဆော တက်လာပါတယ်။
  • ပုံရိပ်ဖော်စစ်ဆေးခြင်း။ ၀မ်းဗိုက်ကို CT စကင် ရိုက်ပြီး အဒရီနယ်ဂလင်းရဲ့ အရွယ်အစားကို စစ်ဆေးပါလိမ့်မယ်။ တခြား ပြသနာတွေ ရှိမရှိလည်း စစ်ဆေးပါလိမ့်မယ်။ နောက်ဆက်တွဲ အဒရီနယ်မလုံလောက်ခြင်းကို စစ်ဆေးဖို့အတွက် MRI လည်း ရိုက်နိုင်ပါတယ်။

Addison Disease (အက်ဒဆင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

အကြောင်းအရင်းပေါ် မူတည်ပြီး ကုသမှုကို ဆုံးဖြတ်ပါလိမ့်မယ်။ အဒရီနယ်ဂလင်းကို ပုံမှန်ထိန်းညှိနိုင်မယ့် ဆေးတွေကို ပေးပါလိမ့်မယ်။ ဆရာဝန်ညွှန်တဲ့ ကုသမှုအစီအစဉ်အတိုင်း လိုက်နာဖို့ အလွန်အရေးကြီးပါတယ်။ မကုဘဲထားရင် အခြေအနေဆိုးရွား ပြင်းထန်သွားနိုင်ပါတယ်။

  • ဆေးဝါးကုသခြင်း။ ဂလူကိုကော်တီကွိုက်ဆေးဝါးတွေ ပေါင်းစပ်သောက်သုံးဖို့ လိုအပ်ပါတယ်။ ဒီဆေးဝါးတွေဟာ တသက်လုံးသောက်သုံးသွားဖို့ လိုအပ်ပါတယ်။ ဟော်မုန်းအစားထိုး ကုသခြင်းကို အဒရီနယ်ဂလင်းကနေ ဟော်မုန်းတွေ ထုတ်မပေးနိုင်တော့တဲ့အခါ ပြုလုပ်နိုင်ပါတယ်။
  • အိမ်တွင်ကုသခြင်း။ အရေးပေါ်ဆေးသေတ္တာထားပြီး လိုအပ်တဲ့ဆေးဝါးတွေကို လက်တကမ်းမှာ ရရှိနိုင်အောင် စီမံထားနိုင်ပါတယ်။ ကော်တီကိုစတီးရွိုက်ထိုးဆေးကို ဆေးညွှန်းစာရေးပေးဖို့ ဆရာဝန်ကို တောင်းဆိုနိုင်ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ မိမိကျန်းမာရေးအခြေအနေကို ဖော်ပြထားတဲ့ ကတ်ပြားဆောင်ထားခြင်း၊ လက်ကောက်ဝတ်မှာ တပ်ဆင်ထားခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။
  • အခြားရွေးချယ်စရာနည်းလမ်းများ။ အက်ဒဆင်ရောဂါရှိရင် စိတ်ဖိစီးမှု မြင့်တက်မလာဖို့ အရေးကြီးပါတယ်။ မိမိချစ်ခင်ရသူ သေဆုံးခြင်း၊ ထိခိုက်ဒဏရာရခြင်း စတာတွေဟာ စိတ်ဖိစီးမှုကို မြင့်တက်စေပြီး ဆေးဝါးကုသမှုအပေါ် ထိခိုက်မှု ဖြစ်စေပါတယ်။ စိတ်ဖိစိးမုကို သက်သာစေတဲ့ နည်းလမ်းများ ဥပမာ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း စတာတွေနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက   အက်ဒဆင်ရောဂါ အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအချက်များဟာ အထောက်အကူပြုပါတယ်။

  • ကျန်းမရေးအခြေအနေကို ဖော်ပြထားတဲ့ ကတ်ပြားတွေ၊ လက်ပတ်တွေ ဆောင်ထားခြင်း
  • ဆေးဝါးအပိုများ ဆောင်ထားခြင်း
  • ဆရာဝန်နဲ့ အမြဲဆက်သွယ်ခြင်း စတာတွေ ဖြစ်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ