Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ကဘာလဲ။

သွေးထဲရှိ စွန့်ပြစ်ပစ္စည်းများ ကျောက်ကပ်ကရုတ်တရက် မစွန့်ပြစ်နိုင်တော့တဲ့ အခြေအနေကို ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်မှုစွမ်းရည် ဆုံးရှုံးသွားတဲ့အခါမှာ အန္တရယ်ရှိတဲ့ စွန့်ပြစ်ပစ္စည်းတွေ စုပုံလာပြီး သွေးရဲ့ဓာတုမျှခြေပျက်စီးသွားပါမယ်။

ယင်းအခြေအနေဟာ နာရီအနည်းငယ်၊ရက်အနည်းငယ်အတွင်း မြန်မြန်ဆန်ဆန် ဆိုးရွားလာပါလိမ့်မယ်။ ဆေးရုံတင်ပြီးသားလူများ အထူးသဖြင့် အတွင်းလူနာများမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းဟာ အသက်အန္တရယ်လည်းရှိသလို၊ အထူးကြပ်မတ်ကုသဖို့လည်း လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကုသနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေကောင်းမွန်တဲ့ လူတစ်ယောက်ဆိုရင်တော့ ပုံမှန် ဒါမှမဟုတ် ပုံမှန်နီးပါးကျောက်ကပ်စွမ်းရည်ကို ပြန်လည်ရရှိနိုင်ပါတယ်။

Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးခံစားရနိုင်ပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ပြီး ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • ဆီးသွားတာက တစ်ခါတစ်ရံ ပုံမှန်ပြန်ဖြစ်သော်လည်း အမြဲလိုလိုနည်းနေတတ်ခြင်း
  • ခြေထောက်၊ ခြေကျင်းဝတ်၊ ခြေဖမိုးနဲ့ ခြေဖ၀ါးတို့မှာ ဖောရောင်မှုများ ဖြစ်စေသော ရေဖောဖောခြင်း
  • အိပ်ငိုက်ခြင်း
  • အသက်ရှုရခက်ခဲခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • စိတ်ရှုတ်ထွေးခြင်း
  • မအီမသာဖြစ်ခြင်း
  • ဆိုးဆိုးရွားရွားအခြေအနေတွေမှာ တက်ခြင်းနှင့် ကိုမာဝင်ခြင်း
  • ရင်ဘတ်အောင့်ခြင်း၊ တင်းခြင်း

တစ်ခါတစ်ရံ ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းဟာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ အခြားအကြောင်းအရာတွေအတွက် ဓာတ်ခွဲခန်းအဖြေရှာရင်းနဲ့သာ တွေ့ရှိကြတာပါ။

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးစရာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ခာကိုယ်အနေအထားခြင်း မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလည်းဆိုတာ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကျောက်ကပ်သွေးစီးဆင်းမှုကို ပျက်ပြားစေသော အောက်ပါအခြေအနေများ ရှိနေခြင်း

  • ကျောက်ကပ်ပျက်စီးဖူးခြင်း
  • ဆီးပြွန်ပိတ်ပြီး အညစ်အကြေးများ ဆီးထဲမှ မစွန့်ထုတ်နိုင်တော့ခြင်း
  • ကျောက်ကပ်သွေးစီးဆင်းမှုမကောင်းတော့ခြင်း

ကျောက်ကပ်သွေးစီးဆင်းမှုပျက်ပြားစေပြီး ကျောက်ကပ်ပျက်စီးစေသော ရောဂါများမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • သွေးနဲ့အရည်ဓာတ်များ ဆုံးရှုံးခြင်း
  • သွေးတိုးကျစေသော ကုသနည်းများ
  • နှလုံးဖောက်ခြင်း
  • နှလုံးရောဂါရှိခြင်း
  • ပိုးဝင်ခြင်း
  • အသည်းပျက်စီးခြင်း
  • အက်စပရင် အိုင်ဗျူပရိုဖန်၊ နက်ပရိုဆန်နှင့် အခြားဆက်စပ်ဆေးဝါးများ အသုံးပြုခြင်း
  • ဓာတ်မတည့်မှုကြောင့်ရှော့ခ်ဖြစ်ခြင်း
  • ဆိုးရွားစွာအပူလောင်ခြင်း
  • ဆိုးရွားစွာရေဓာတ်ခန်းခြောက်ခြင်း

ကျောက်ကပ်ကို ထိခိုက်စေပြီး ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသော ရောဂါများမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကျောက်ကပ်အတွင်း၊အပြင်ရှိ သွေးကြောများတွင် သွေးခဲများပိတ်ခြင်း
  • ကျောက်ကပ်ကို စီးဆင်းနေသော သွေးကြောများပိတ်စေသည့် ကိုလက်စထရောများအနည်းကျခြင်း
  • ကျောက်ကပ်ရောင်ခြင်း
  • သွေးနီဥများပေါက်ခြင်းကြောင့် ယူရီးယားဓာတ်များခြင်း
  • ပိုးဝင်ခြင်း
  • လုပတ်စ်(Lupus)လို့ခေါ်သော ခန္ဓာကိုယ်ရှိပဋိပစ္စည်းများက မိမိကိုယ်ကို ပြန်တိုက်သည့် ရောဂါရှိခြင်း
  • ဓာတုကုထုံးဆေးဝါးများ၊ ပဋိဆေးဝါးများ၊ ပုံရိပ်ဖော်နည်းပညာတွင် အသုံးပြုသော ဆိုးဆေးများ၊ အရိုးပွနှင့် သွေးတွင်းကယ်ဆီယမ်ဓာတ်လွန်ကဲသော အခြေအနေများအား ကုသသည့် ဇိုလီဒရိုးနစ်အက်စစ် ကဲ့သို့ ဆေးဝါးများ အသုံးပြုခြင်း
  • မာတီပယ်မိုင်လိုမား(သွေးဖြူဥဆဲလ်ကင်ဆာ) ရှိခြင်း
  • စကယ်လရိုဒါးမား (အရည်ပြားနှင့်တွယ်ဆက်တစ်ရှုးများထိခိုက်စေသော ရှားပါးရောဂါတစ်မျိုး) ရှိခြင်း
  • သွေးခဲလွန်ပြီး သွေးဆဲများကုန်ခန်းကာ အရေပြားတွင်အကွက်များဖြစ်ပေါ်ခြင်း
  • အရက်၊ သထ္တုများနှင့် ကိုကင်းများကဲ့သို့ အဆိပ်တက်ခြင်း
  • သွေးကြောရောင်ခြင်း

ဆီးလမ်းကြောင်းပိတ်ဆို့စေပြီး ရုတ်တရက်ကျောက်ကပ်ပျက်စီးစေတတ်သော ရောဂါအခြေအနေများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆီးအိတ်ကင်ဆာ
  • ဆီးလမ်းကြောင်းတွင် သွေးခဲပိတ်ခြင်း
  • သားအိမ်ခေါင်းကင်ဆာ
  • အူမကြီးကင်ဆာ
  • ဆီးကျိတ်ကြီးခြင်း
  • ကျောက်ကပ်တွင် ကျောက်တည်ခြင်း
  • ဆီးအိတ်ကိုထိန်းချုပ်သော အာရုံကြောအပါအ၀င် ကျန်အာရုံကြောများ ပျက်စီးခြင်း
  • ဆီးကျိတ်ကင်ဆာ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းအန္တရယ်ကို မြင့်မားစေသော အရာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆေးရုံတင်ရခြင်း အထူးသဖြင့် အထူးကြပ်မတ်ကုသမှုလိုသော အခြေအနေများကြောင့် ဆေးရုံတက်ရခြင်း
  • အသက်အလွန်ကြီးခြင်း
  • လက်နှင့်ခြေထောက်တို့ရှိသွေးကြောများ ပိတ်ခြင်း
  • ဆီးချိုသွေးချိုရှိခြင်း
  • သွေးတိုးရှိခြင်း
  • နှလုံးပျက်စီးခြင်း
  • ကျောက်ကပ်ရောဂါရှိခြင်း
  • အသည်းရောဂါရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာ ကျောက်ကပ်ပျက်စီးနိုင်မယ့် လက္ခဏာတွေတွေ့ရှိမယ်ဆိုရင် ဆရာဝန်က အောက်ပါစစ်ဆေးများကို လုပ်ဆောင်ပါလိမ့်မယ်။

  • ဆီးသွားသည့်ပမာဏအားတိုင်းတာခြင်း။ တစ်နေ့မှာ ဆီးဘယ်လောက်သွားတယ်ဆိုတာကို သိရှိခြင်းက ကျောက်ကပ်ပျက်စီးခြင်းရဲ့ အကြောင်းအရင်းတွေကို တွေ့ရှိနိုင်ရန် ဆရာဝန်အား အထောက်အကူပြုနိုင်ပါတယ်။
  • ဆီးစစ်ခြင်း။ ယင်းက ကျောက်ကပ်ပျက်စီးခြင်းကြောင့် ဖြစ်လာမည့် မူမမှန်မှုတွေကို တွေ့ရှိစေပါလိမ့်မယ်။
  • သွေးစစ်ခြင်း။ သွေးစစ်ကြည့်ပါက ကျောက်ကပ်စွမ်းရည်ကို ကိုယ်စားပြုသော ဒြပ်ပေါင်းနှစ်ခုဖြစ်သည့် ယူရီးယားနဲ့ ခရစ်တနင်း ပမာဏတက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
  • ပုံရိပ်ဖော်ခြင်း။ အယ်ထရာဆောင်းနှင့် စီတီစကင်ရိုက်ခြင်းက ကျောက်ကပ်ရဲ့ပုံသဏ္ဍန်ကို ဆရာဝန်တွေ့ရှိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
  • ကျေုာက်ကပ်အသားစယူပြီး စစ်ဆေးခြင်း။ တချို့အခြေအနေတွေမှာ ဆရာဝန်တွေက ကျောက်ကပ်အသားစယူပြီး စစ်ဆေးဖို့ အကြံပြုနိုင်ပါတယ်။ အပ်ဖြင့် ကျောက်ကပ်ထိ အရေပြားကိုဖောက်ကာ အသားစယူခြင်းဖြစ်ပါတယ်။

Acute Renal Failure (ရုတ်တရက်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း) ကို ဘယ်လိုကုသပါသလဲ

များသောအားဖြင့် ဆေးရုံမှာနေနေဖို့ လိုအပ်ပါတယ်။ ရုတ်တရက်ကျောက်ကပ်ပျက်စီးသွားတဲ့လူနာအများစုကတော့ ဆေးရုံတင်ပြီးသားဖြစ်ပါတယ်။ ဆေးရုံမှာဘယ်လောက်ကြာကြာနေရမယ်ဆိုတာကတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာနဲ့ လူနာ့ကျောက်ကပ်ဘယ်လောက် မြန်မြန်ပြန်ကောင်းနိုင်မယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ တချို့အခြေအနေတွေမှာတော့ အိမ်မှာပဲသက်သာပျောက်ကင်းသွားနိုင်ပါတယ်။

ကျောက်ကပ်ပျက်စီးခြင်းရဲ့ ကုသမှုမှာ ကျောက်ကပ်ထိခိုက်စေသော ရင်းမြစ်များကို ရှာဖွေဖော်ထုတ်ခြင်း ပါဝင်ပါတယ်။ ကုသမှုရွေးချယ်ခြင်းအပိုင်းကတော့ ဘာတွေက ကျောက်ကပ်ပျက်စီးစေလဲဆိုတာပေါ်မှာ မူတည်ပါတယ်။

ဆရာဝန်က နောက်ထပ်တိုးရောဂါတွေ မဖြစ်အောင်နဲ့ ကျောက်ကပ်ပြန်လည်ကောင်းမွန်နိုင်အောင်လည်း ဆောင်ရွက်ပါလိမ့်မယ်။ ထပ်တိုးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသော ကုသနည်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • သွေးတွင်းရှိရေဓာတ်ပမာဏကို ချိန်ညှိသော ကုသနည်း။ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ရုတ်တရက်ကျောက်ကပ်ပျက်စီးသွားတာဆိုရင်တော့ ဆရာဝန်က အရည်ဓာတ်တွေကို အကြောထဲသွင်းဖို့ အကြံပြုပါလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျောက်ကပ်ပျက်စီးခြင်းကြောင့် ခန္ခာကိုယ်ထဲမှာ ရေတွေပုံလာနိုင်ပြီး ခြေတွေလက်တွေဖောလာနိုင်ပါတယ်။ အဲ့လိုအခြေအနေမျိုးတွေမှာတော့ ပိုလျံနေတဲ့ ရေတွေ ခန္ခာကိုယ်ကနေ ထုတ်ပြစ်နိုင်ဖို့ ဆရာဝန်က ဆီးဆေးတွေပေးပါလိမ့်မယ်။
  • သွေးတွင်း ပိုတက်ဆီယမ်ဓာတ်ထိန်းချုပ်ရန်အတွက် ဆေးဝါးများ။ ကျောက်ကပ်က ပိုတက်စီယမ်ကို ကောင်းမွန်စွာ မစစ်ထုတ်နိုင်တော့ဘူးဆိုရင် သွေးထဲမှာ ပိုတက်စီယမ် အမြောက်အများစုပုံနေခြင်းကို ကာကွယ်ဖို့ ကယ်ဆီယမ်/ဂလူးကို့စ်/ဆိုဒီယမ်ပေါ်လီစတိုင်ရင်းဆာဖိုနိတ်ဆေးတွေကို ပေးပါလိမ့်မယ်။ သွေးတွင်းပိုတက်စီယမ်ဓာတ်အရမ်းများခြင်းက နှလုံးစည်းချက်မမှန်ခြင်းနှင့် ကြွက်သားအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • သွေးတွင်းကယ်ဆီယမ်ဓာတ်များစေသောဆေးကုသနည်းများ။ သွေးတွင်းကယ်ဆီယမ်ဓာတ်အရမ်းနည်းသွားမယ်ဆိုရင် ဆရာဝန်က ကယ်ဆီယမ်ထိုးဖို့ လုပ်ပါလိမ့်မယ်။
  • ခန္ဓာကိုယ်ရှိအဆိပ်အတောက်များ ဖယ်ရှားပြစ်ရန်အတွက် ကျောက်ကပ်ဆေးခြင်း။ ခန္ဓာကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ပုံလာပြီဆိုရင် ယင်းအဆိပ်အတောက်တွေနဲ့ ပိုလျံနေတဲ့ အရည်ဓာတ်တွေ ဖယ်ရှားပြစ်ဖို့အတွက် ကျောက်ကပ်ဆေးရပါလိမ့်မယ်။ ပိုလျံနေတဲ့ ပိုတက်စီယမ်တွေကိုလည်း ခန္ဓာကိုယ်ကနေ ထွက်သွားစေပါတယ်။ ကျောက်ကပ်ဆေးတယ်ဆိုတာ စက်တစ်ခုက ခန္ဓာကိုယ်က သွေးတွေကို လူလုပ်ကျောက်ကပ်တစ်ခုထဲကို ဖြတ်သန်းစီးဆင်းစေပြီး အညစ်အကြေးတွေကို စစ်ထုတ်ခြင်းဖြစ်ပါတယ်။ ပြီးနောက်သွေးကို ခန္ဓာကိုယ်သို့ ပြန်ပို့ပေးပါတယ်။

လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘ၀ပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ရုတ်တရက်ကျောက်ကပ်ပျက်စီးခြင်းကို ရင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

  • ပိုတက်စီယမ်ဓာတ်နည်းသော အစားအစာများကို ရွေးချယ်စားသုံးပါ။ အာဟာရပညာရှင်တွေက ပိုတက်စီယမ်နည်းတဲ့ အစားအစာတွေ စားသုံးဖို့ အကြံပြုထားပါတယ်။ ပိုတက်စီယမ်အများအပြားပါဝင်နေတဲ့ အစားအစာတွေကတော့ ငှက်ပျောသီး၊ လိမ္မော်သီး၊ အာလူး၊ ဟင်းနုနွယ်နဲ့ ခရမ်းချဉ်သီးတို့ပဲဖြစ်ပါတယ်။ ပိုတက်စီယမ်အနည်းငယ်သာပါဝင်တဲ့အစားစာအချို့ကတော့ ပန်းသီး၊ ဂေါ်ဖီထုတ်၊ ပဲစိမ်း၊ စပျစ်သီးနဲ့ စတော်ဘယ်ရီသီးတို့ပဲ ဖြစ်ပါတယ်။
  • ဆားများတဲ့အစားအစာတွေကို ရှောင်ပါ။ အေးခဲထားသောညစာများ၊ စည်သွတ်စွတ်ပြုတ်များနှင့် အမြန်စားအစားအစာများကဲ့သို့ အသင့်စားအစားအစာတွေအပါအ၀င် ဆားထပ်မံထည့်သွင်းထားသော အစားအစာများကို ရှောင်ကျဉ်ခြင်းဖြင့် တစ်နေ့တာ စားသုံးသော ဆိုဒီယမ်ပမာဏကို လျော့ချပေးပါ။ ဆားထပ်ထည့်ထားတဲ့ အခြားသောအစားအစာတွေကတော့ သရေစာတွေ၊ စည်သွတ်ဟင်းသီးဟင်းရွက်တွေ၊ စက်ရုံထုတ်အသားတွေနဲ့ ချိစ်တွေပဲ ဖြစ်ပါတယ်။
  • ဖော့စ်ဖရပ်ဓာတ်ကို ထိန်းထိန်းသိမ်းသိမ်းစားသုံးပါ။ ဖော့စ်ဖရပ်ကို နွားနို့၊ ချိစ်၊ ပဲခြောက်၊ အခွံမာသီးနဲ့ မြေပဲထောပတ်တို့မှာ တွေ့ရှိနိုင်ပါတယ်။ သွေးတွင်းဖော့စ်ဖရပ်များနေခြင်းက အရိုးတွေကြံခိုင်မှုနည်းသွားစေသလို အရေပြားလည်းယားယံစေပါတယ်။ ဖော့စ်ဖရပ်နဲ့ပတ်သတ်တဲ့အချက်အလက်တွေနဲ့ ဘယ်လိုထိန်းထိန်းသိမ်းသိမ်းစားသောက်ရမယ်ဆိုတာတွေကို အစားအသောက်ကျွမ်းကျင်သူတွေက အကြံပြုပါလိမ့်မယ်။

ကျောက်ကပ်ပြန်ကောင်းသွားတဲ့အခါ ကျန်းကျန်းမာမာစားသောက်နေထိုင်ဖို့ အရေးကြီးဆဲဖြစ်သော်လည်း အထူးစီစဉ်ထားသော စားသောက်မှုပုံစံနဲ့တော့ စားသောက်ဖို့ လိုတော့မှာ မဟုတ်ပါဘူး။

မေးစရာများရှိပါက အကောင်းဆုံးဖြေရှင်းနည်းကို နားလည်သဘောပေါက်နိုင်စေရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 16, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ