Acidosis (အက်ဆစ်ဓာတ်များခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acidosis (အက်ဆစ်ဓာတ်များခြင်း) ကဘာလဲ။

အက်ဆစ်ဓာတ်များခြင်းဆိုတာ ကိုယ်ခန္ဓာအရည်များမှာ အက်ဆစ်ဓာတ်များ မြင့်တက်နေခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်နဲ့ အဆုတ်များကနေ ခန္ဓာကိုယ်ရဲ့ pH မျှခြေကို မထိန်းနိုင်တဲ့အခါ အက်ဆစ်ဓာတ်များခြင်း ဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကနေ အက်ဆစ်ဓာတ်ကို ထုတ်လုပ်လာပါတယ်။ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုမှာ အက်ဆစ်ဓာတ်များခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အက်ဆစ်ဓာတ် များခြင်းဆိုပြီး ၂မျိုး ရှိပါတယ်။

ခန္ဓာကိုယ်ရဲ့ အက်ဆစ်ဓာတ်ကို pH ပေါ်မူတည်ပြီး တိုင်းတာပါတယ်။ pH တန်ဖိုးနည်းခြင်းဟာ အက်ဆစ်ဓာတ်များတာကို ဆိုလိုပြီး pH ဓာတ်များခြင်းဟာ ဘေ့စ်ဓာတ်ပိုများနေခြင်း ဖြစ်ပါတယ်။ အနည်းငယ်လောက် ကွာခြား၇ုံက ပြသနာမဟုတ်ပေမယ့် အရမ်းကွာရင်တော့ ပြသနာရှိပါတယ်။ အက်ဆစ်ဓာတ် မြင့်တက်ခြင်းဟာ ကျန်းမာရေး ပြသနာပေါင်းများစွာကို ဖြစ်စေပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်စေပါတယ်။

Acidosis (အက်ဆစ်ဓာတ်များခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အက်ဆစ်ဓာတ်များခြင်းဟာ တွေ့ရများပါတယ်။ အသက်အရွယ် မရွေးပါဘူး။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Acidosis (အက်ဆစ်ဓာတ်များခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဇီဝဖြစ်ပျက်မှုနဲ့ဆိုင်တဲ့ အက်ဆစ်ဓာတ်မြင့်တက်ခြင်းရော အသက်ရှူလမ်းကြောင်းဆိုင်ရာ အက်ဆစ်ဓာတ် မြင့်ခြင်းမှာပါ လက္ခဏာ အများအပြား တူညီကြပါတယ်။ ဒါပေမယ့် အက်ဆစ်ဓာတ်မြင့်ခြင်း လက္ခဏာတွေဟာ အကြောင်းအရင်းပေါ် မူတည်နေပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကတော့

  • ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ငိုက်ခြင်း
  • မောပန်းလွယ်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • အသက်ရှူမြန်ခြင်း
  • အိပ်ငိုက်ခြင်း
  • ခေါင်းကိုက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဇီဝဖြစ်ပျက်မှုဆိုင်ရာ လက္ခဏာတွေကတော့

  • အသက်ရှူနှုန်းမြန်ခြင်း အားနည်းခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အိပ်ငိုက်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • အသားဝါခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အသက်ရှူစဉ် ဆီးချိုနှင့်ဆိုင်သော အက်ဆစ်ဓာတ်မြင့်ခြင်း လက္ခဏာဖြစ်သည့် အသီးနံ့ရခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Acidosis (အက်ဆစ်ဓာတ်များခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသက်ရှူခြင်းဆိုင်ရာ အက်ဆစ်ဓာတ်မြင့်တက်ခြင်းဟာ ကိုယ်ခန္ဓာထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုဝေးလာရင် ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် အဆုတ်များဟာ အသက်ရှူထုတ်ချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပါတယ်။ ဒါပေမယ့် တခါတရံမှာ မဖယ်ရှားနိုင်ပါဘူး။ အောက်ပါ အခြေအနေတွေကြောင့် ဖြစ်ပါတယ်

  • ရင်ကျပ်ပန်းနာကဲ့သို့ နာတာရှည်လေပြွန် ပြသနာရှိခြင်း
  • ရင်ဘတ်ပိုင်း ဒဏ်ရာရခြင်း
  • အ၀လွန်ပြီး အသက်ရှူရခက်ခဲခြင်း
  • စိတ်ငြိမ်ဆေးများ အလွဲသုံးခြင်း
  • အရက်အလွန်အကျွံသောက်ခြင်း
  • ရင်ဘတ်ကြွက်သားများ အားနည်းခြင်း
  • အာရုံကြောစနစ်ပြသနာရှိခြင်း
  • ရင်ဘတ်ပုံစံပျက်ခြင်း

ဇီဝဖြစ်ပျက်မှုဆိုင်ရာ အက်ဆစ်ဓာတ်မြင့်တက်ခြင်းဟာ ကျောက်ကပ်တွေကနေ စတင်ပါတယ်။ အက်ဆစ်အလုံအလောက် မဖယ်ထုတ်နိုင်တဲ့အခါ ဘေ့စ်ဓာတ်အများအပြားကို ဖျက်ဆီးလိုက်တဲ့အခါ စတင်ဖြစ်ပေါ်ပါတယ်။ အဓိကပုံစံ ၃မျိုးရှိပါတယ်။

  • ဆီးချိုတွင် အက်ဆစ်ဓာတ်မြင့်တက်ခြင်း။ ဆီးချိုကို ကောင်းစွာ မထိန်းချုပ်နိုင်သူတွေမှာ ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ခန္ဓာမှာ အင်ဆူလင်ဓာတ် မလု့လောက်တဲ့အခါ ကီတုန်းပစ္စည်းများ ဖြစ်ပေါ်လာပြီး သွေးရဲ့ အက်ဆစ်ဓာတ်ကို မြင့်တက်စေပါတယ်။
  • သွေးတွင်း Chloride များ၍ အက်ဆစ်ဓာတ် တက်ခြင်း။ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် ဆုံးရှုံးတဲ့အခါ ဖြစ်တတ်ပါတယ်။ အဲ့ဒီဘေ့စ်ဓာတ်ဟာ သွေးကို အက်ဆစ်နဲ့ ဘေ့စ်ကြားက ပုံမှန်အခြေအနေမှာ ထိန်းညှိပေးပါတယ်။ ၀မ်းသွားခြင်းရော အန်ခြင်းပါ အက်ဆစ်ဓာတ်ကို မြင့်တက်စေါတယ်။
  • လက်တစ်များ၍ အက်ဆစ်ဓာတ်မြင့်ခြင်း။ ကိုယ်ခန္ဓာထဲမှာ လက်တစ်အက်ဆစ်များရင် ဖြစ်တတ်ပါတယ်။ လက်တစ်အက်ဆစ် ဖြစ်ပေါ်တဲ့အကြောင်းအရာတွေ များစွာရှိပါတယ်။ အရက်ကို နှစ်ရှည်လများ သောက်သုံးခြင်း၊ ကင်ဆာ၊ တက်ခြင်း၊ အသည်းပျက်စီးခြင်း၊ အောက်ဆီဂျင်ကို ကြာရှည်စွာ ချို့တဲ့ခြင်း၊ သွေးတွင်းသကြားဓာတ်နည်းခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်း ကြာကြာလုပ်ရင်တောင် လက်တစ်အက်ဆစ် ဖြစ်ပေါ်လာနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Acidosis (အက်ဆစ်ဓာတ်များခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • အဆီများ၍ ကစီဓာတ်နည်းသော စားသောက်မှုပုံစံ
  • ကျောက်ကပ်ပျက်စီးခြင်း
  • အ၀လွန်ခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • အက်စ်ပရင်နှင့် မက်သနော မတည့်ခြင်း
  • ဆီးချိုရောဂါ စတာတွေကြောင့် ဖြစ်ပါတယ်။

 

 

 

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acidosis (အက်ဆစ်ဓာတ်များခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုပြုလုပ်တဲ့အပြင် လက္ခဏာတွေကိုလည်း မေးမြန်းပါလိမ့်မယ်။

ဓာတ်ခွဲခန်းစစ်ဆေးမှုများအနေနဲ့

  • သွေးလွှတ်ကြောတွင်း ပျော်ဝင်သော ဓာတ်ငွေ့များ စစ်ဆေးခြင်း
  • ကိုယ်တွင်း ဓာတ်ဆားဓာတ်များ (အက်ဆစ်ဓာတ်များခြင်းကို အတည်ပြုပြီး ဇီဝဖြစ်ပျက်မှုကြောင့်လား၊ အသက်ရှူခြင်း ပြသနာကြောင့်လားဆိုတာ စစ်ဆေးပါတယ်) စတာတွေ ပြုလုပ်ပါတယ်။

အသက်ရှူခြင်းပြသနာကြောင့် အက်ဆစ်ဓာတ်များတယ်လို့ ယူဆရင် အဆုတ်များကို စစ်ဆေးပါလိမ့်မယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ အဆုတ်လုပ်ငန်းတာဝန် စစ်ဆေးခြင်း စတာတွေ ပါဝင်ပါတယ်။

ဇီဝဖြစ်ပျက်မှုကြောင့် အက်ဆစ်ဓာတ်မြင့်တယ်လို့ ယူဆရင် ဆီးနမူနာ စစ်ဆေးပါလိမ့်မယ်။ အက်ဆစ်ဓာတ်နဲ့ ဘေ့စ်ဓာတ်ကို မျှတကောင်းမွန်စွာ စွန့်နိုင်ခြင်း ရှိမရှိ သိနိုင်အောင် pH ကို စစ်ဆေးပါလိမ့်မယ်။ အက်ဆစ်ဓာတ်မြင့်ခြင်းရဲ့ အကြောင်းတွေကို သိရအောင် နောက်ဆက်တွဲ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။

Acidosis (အက်ဆစ်ဓာတ်များခြင်း) ကို ဘယ်လိုကုသပါသလဲ

ဘယ်လိုကုသမယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ အက်ဆစ်ဓာတ်မြင့်ခြင်းဟာ ဘာကြောင့်ဖြစ်ပွားတယ် ဆိုတာသိဖို့ လိုပါတယ်။ ဒါပေမယ့် ကုသမှုပုံစံ အချို့ကတော့ ဘယ်အမျိုးအစားကိုဖြစ်ဖြစ် ကုသနိုင်ပါတယ်။ ဥပမာ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ဟာ သွေးရဲ့ pH ဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ သောက်ဆေးအနေနဲ့ဖြစ်ဖြစ် သွေးကြောမှထိုးသွင်းပြီး ဖြစ်ဖြစ် ကုသနိုင်ပါတယ်။ ကျန်ကုသပုံများကတော့ အကြောင်းအရင်းကို ကုသခြင်းနည်းတွေ ပါဝင်ပါတယ်။

  • အသက်ရှူခြင်းပြသနာကြောင့် အက်ဆစ်ဓာတ်မြင့်ခြင်း

အဆုတ်တွေကို ဦးစားပေး ကုသပါတယ်။ ဥပမာ အသက်ရှူလမ်းကြောင်း ကျယ်လာအောင် ဆေးတွေပေးပါတယ်။ အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှူလမ်းကြောင်း ချဲ့ထွင်ပေးသည့် ကိရိယာသုံးခြင်း စတာတွေ ပါဝင်ပါတယ်။ အဲဒီကိရိယာဟာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေရင်၊ ကြွက်သားအားနည်းနေရင် အထောက်အကူ ပြုပါတယ်။

  • ဇီဝဖြစ်ပျက်မှုကြောင့် အက်ဆစ်ဓာတ်မြင့်တက်ခြင်း

သီးခြားအမျိုးအစားအလိုက် ကုသနည်းတွေ ရှိပါတယ်။ hyperchloremic ပြသနာမှာ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် ပေးပါတယ်။ ကျောက်ကပ်ပျက်စီးလို့ ဖြစ်ပွားခြင်းမှာတော့ ဆိုဒီယမ် စီထရိတ်နဲ့ ကုသပါတယ်။ ဆီးချိုကြောင့်ဖြစ်ရင် သွေးကြောမှ အရည်များနဲ့ အင်ဆူလင်ပေးပြီး pH ကို မျှတအောင် လုပ်ပေးပါတယ်။ လက်တစ်အက်ဆစ်ကြောင့် ဖြစ်ပွားရင်တော့ ဘိုင်ကာဗွန်နိတ်ပေးခြင်း၊ သွေးကြောမှ အရည်များပေးခြင်း၊ အောက်ဆီဂျင်၊ ပဋိဇီဝဆေးများ ပေးခြင်း စတာတွေ ပါဝင်ပါတယ်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အက်ဆစ်ဓာတ်များခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အက်ဆစ်ဓာတ်မြင့်ခြင်းအတွက် အထောက်အကူ ပြုပါတယ်။

  • စိတ်ငြိမ်ဆေးများကို ညွှန်သည့်အတိုင်းသာ သုံးစွဲ၍ အရက်နှင့် တွဲဖက်မသုံးရန်
  • ဆေးလိပ်ဖြတ်ခြင်း။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်များကို ထိခိုက်စေတဲ့အပြင် အသက်ရှူခြင်းကိုလည်း ထိရောက်မှု လျော့နည်းစေပါတယ်။
  • ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန် ထိန်းသိမ်းထားခြင်း။ အ၀လွန်ခြင်းဟာ အသက်ရှူရ ခက်စေပါတယ်။
  • ရေဓာတ်ကို လုံလောက်စွာ သောက်သုံးခြင်း
  • ဆီးချိုရှိပါက စနစ်တကျ ထိန်းချုပ်ခြင်း။ ဆီးချိုကို ကောင်းစွာထိန်းချုပ်နိုင်ရင် အက်ဆစ်ဓာတ်မြင့်ခြင်းကို ရှောင်ကြဉ်နိုင်ပါတယ်။
  • အရက်ဖြတ်ခြင်း။ အရက်သောက်ခြင်းဟာ လက်တစ်အက်ဆစ် ဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ