AAT Deficiency (Alpha-1 Antitrypsin Deficiency) (Alpha-1 antitrypsin ချို့တဲ့ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

AAT Deficiency (Alpha-1 Antitrypsin Deficiency) (Alpha-1 antitrypsin ချို့တဲ့ခြင်း) ကဘာလဲ။

Alpha-1 antitrypsin ချို့တဲ့ခြင်း (A1AD) ဆိုတာ အဆုတ်ရောဂါဖြစ်ပြီး အသက်ရှူခြင်းကို ခက်စေတဲ့ မျိုးရိုးဗီဇရောဂါတခု ဖြစ်ပါတယ်။ အသည်းရောဂါကိုလည်း ဖြစ်ပွားစေပြီး အသားဝါခြင်းပါ တွေ့နိုင်ပါတယ်။ ဒီအခြေအနေဟာ မိဘတွေဆီကနေ ဆက်ခံနိုင်ပါတယ်။

ဒီရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ အသည်းနဲ့ အဆုတ်မှာဖြစ်တဲ့ ပြသနာတွေကိုတော့ သက်သာအောင် ကုသနိုင်ပါတယ်။

AAT Deficiency (Alpha-1 Antitrypsin Deficiency) (Alpha-1 antitrypsin ချို့တဲ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Alpha-1 antitrypsin ချို့တဲ့ခြင်းဟာ တွေ့ရများပေမယ့် လူမျိုးစုအလိုက် အပြောင်းအလဲ ရှိပါတယ်။ ဥရောပမှာ လူ ၁၅၀၀ကနေ ၃၅၀၀မှာ တယောက် တွေ့ရတတ်ပါတယ်။ အာရှမျိုးရိုးမှာတော့ မတွေ့ရတတ်ပါဘူး။ ဒီရောဂါဖြစ်သူများဟာ ရောဂါရှိခြင်းကို မသိဂပါဘူး။ အထူးသဖြင့် နာတာရှည် အဆုတ်ရောဂါ ဝေဒနာသည်များဆီမှာ ဖြစ်ပါတယ်။ နာတာရှည် အဆုတ်ရောဂါဟာ Alpha-1 antitrypsin ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားတတ်ပေမယ့် ဒီအကြောင်းအရင်းကို ရောဂါအမည်တပ်ခြင်း မလုပ်ဖြစ်ကြပါဘူး။ Alpha-1 antitrypsin ချို့တဲ့ခြင်းရှိသူ အချို့ကို ပန်းနာရောဂါလို့ ရောဂါအမည်တပ်လွဲကြပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေ အန္တရာယ်တွေကို လျှော့ချပြီး ကာကွယ်ကုသနိုင်ပါတယ်။ ပိုပြီးသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

လက္ခဏာများ

AAT Deficiency (Alpha-1 Antitrypsin Deficiency) (Alpha-1 antitrypsin ချို့တဲ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာတွေကတော့

  • အသက်ရှူခက်ခြင်း
  • အသက်ရှူသံပြင်းထန်ခြင်း
  • အသက်ရှူစဉ် လေချွန်သံကဲ့သို့ ကြားရခြင်း
  • အသက်ရှူစဉ် ပုံမှန်မဟုတ်သော အသံများ ဆက်တိုက်ကြားရခြင်း

လူနာရဲ့ လက္ခဏာတွေဟာ မကြာခဏပြန်ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တဲ့ လက္ခဏာ၊ ဒါမှမဟုတ် ကုသမှုကို မတုံ့ပြန်တတ်တဲ့ ရင်ကျပ်ပန်းနာနဲ့ ဆင်တူတတ်ပါတယ်။ ဒီပြသနာရှိသူများဟာ ဆေးလိပ်မသောက်တတ်ရင်တောင် အသက် ၃၀-၄၀ ခန့်မှာ အဆုတ်ထဲက လေအိတ်လေးတွေ ပျက်စီးပြီး လေဝင်တဲ့ပြသနာ ဖြစ်လာတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်တွင်းလေဝင်တဲ့ ပြသနာကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။

Alpha-1 antitrypsin ချို့တဲ့ခြင်းဟာ တချို့လူနာတွေကို အသည်းရောဂါဖြစ်စေပြီး အသည်းခြောက်ခြင်း၊ အသည်း အလုပ်မလုပ်တော့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

မွေးကင်းစကလေးတွေမှာ ဒီပြသနာရှိရင် စောစီးစွာ အသားဝါခြင်းကြုံရပြီး တာရှည်စွာ အသားဝါတတ်ပါတယ်။ ဒါဟာ မွေးကင်းစကလေးတွေမှာ အသည်းအစားထိုး ကုသဖို့ အခြေအနေပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။

သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

AAT Deficiency (Alpha-1 Antitrypsin Deficiency) (Alpha-1 antitrypsin ချို့တဲ့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Alpha-1 antitrypsin ချို့တဲ့ခြင်းဟာ မိဘနှစ်ယောက်လုံးဆီကနေ ချို့ယွင်းတဲ့ဗီဇ ဆင်းသက်လာရင် ဖြစ်တတ်ပါတယ်။

ဒါပေမယ့် လူတချို့ဟာ ဒီဗီဇကို ဆက်ခံရရင်တောင် လက္ခဏာတွေ ဖြစ်မလာတတ်ပါဘူး။ ဒါမှမဟုတ် ရောဂါ အသင့်အတင့်သာ ဖြစ်ပါတယ်။

အသည်းမှာ အခြေတည်ခဲ့ရင် အသည်းရောဂါ ဖြစ်နိုင်ပါတယ်။ သွေးလည်ပတ်မှုထဲမှာဆိုရင်တော့ အဆုတ်ရောဂါ ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

AAT Deficiency (Alpha-1 Antitrypsin Deficiency) (Alpha-1 antitrypsin ချို့တဲ့ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သင့်မိဘနှစ်ပါးလုံးဆီကနေ ချို့ယွင်းတဲ့ ဗီဇကို လက်ခံရရင် ဖြစ်တတ်ပါတယ်။ မိဘတစ်ဦးဆီကနေပဲ ဆက်ခံတယ်ဆိုရင် ရောဂါမဖြစ်ပါဘူး။ ဒါပေမယ့် သင်ဟာ သင့်သားသမီးအတွက် ဒီဗီဇကို သယ်ဆောင်သူ ဖြစ်သွားပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

AAT Deficiency (Alpha-1 Antitrypsin Deficiency) (Alpha-1 antitrypsin ချို့တဲ့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီလက္ခဏာရှိနေပြီလို့ ဆရာဝန်က သံသယရှိလာရင် အသေးစိတ်စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြည့်ပြည့်စုံစုံ လုပ်ပါလိမ့်မယ်။ ဘယ်လို ရောဂါလက္ခဏာ ကြုံနေရတဲ့အကြောင်း ဆွေးနွေးပါလိမ့်မယ်။ မေးခွန်းတွေ အများကြီး မေးပါလိမ့်မယ်။

ပြီးတဲ့အခါ အောက်ပါစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။

  • ရောဂါအတည်ပြုဖို့ သွေးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သင့်ဆီကနေ သွေးနမူနာယူပြီး ဓါတ်ခွဲခန်းပို့ပါလိမ့်မယ်။
  • သွေးစစ်ဆေးမှုကနေ သင့်ဆီမှာ ရောဂါဖြစ်စေမယ့် ချို့ယွင်းတဲ့ ဗီဇရှိမရှိ သိနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ပရိုတိန်း ဘယ်လောက်ရှိသလဲပါ စစ်ဆေးပါလိမ့်မယ်။
  • ဓါတ်မှန်ရိုက်ပါလိမ့်မယ်။

Alpha 1 ပရိုတိန်းကနေ အဆုတ်နဲ့ အသည်းကို ဘယ်လောက်ထိ ထိခိုက်ထားသလဲ သိရအောင် စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပါလိမ့်မယ်။ ဥပမာ ရင်ဘတ်ဓါတ်မှန်ရိုက်တဲ့အါ အဆုတ်လေအိတ်တွေ ပျက်စီးနေခြင်း ရှိမရှိ သိနိုင်ပါတယ်။

အထူးသွေးစစ်ဆေးမှုကနေ သွေးလွှတ်ကြောတွေမှာ အောက်ဆီဂျင် ပမာဏ ဘယ်လောက်ရှိတယ်ဆိုတာ စစ်ဆေးပါလိမ့်မယ်။ အဲဒီကနေ အဆုတ်ဟာ အလုပ် လုပ်မလုပ် သိနိုင်ပါတယ်။ ပြွန်ချောင်းလေးထဲ ရှူသွင်း ရှူထုတ်လုပ်ခြင်းအားဖြင့်လည်း သင့်အဆုတ်ထဲ လေဘယ်လောက် ရောက်နိုင်သလဲဆိုတာ စစ်ဆေးပါလိမ့်မယ်။

သွေးစစ်ဆေးမှုပြီးရင် အသည်းကို စစ်ဆေးပါလိမ့်မယ်။ အသည်းကနေ အသားစယူ စစ်ဆေးခြင်း ပြုလုပ်ပါလိမ့်မယ်။ အသည်းထဲကို အလွန်သေးငယ်တဲ့ အပ်ကလေးထိုးစိုက်ပြီး ဆဲလ်တချို့ကို ယူပြီး ပျက်စီးခြင်း ရှိမရှိ စစ်ဆေးပါလိမ့်မယ်။

AAT Deficiency (Alpha-1 Antitrypsin Deficiency) (Alpha-1 antitrypsin ချို့တဲ့ခြင်း) ကို ဘယ်လိုကုသပါသလဲ

Alpha-1 antitrypsin ချို့တဲ့ခြင်းကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ အဆုတ်ကို ပိုပြီး ပျက်စီးမသွားအောင်တော့ သွေးထဲက Alpha-1 ပမာဏကို တိုးမြှင့်ပေးလို့ ရပါတယ်။ အဆုတ်တွင်းက လေအိတ်လေးတွေ ပျက်စီးပြီး လေခိုတဲ့ပြသနာရှိလာရင် ဒီနည်းကို သုံးနိုင်ပါတယ်။

ဒါကို အစားထိုးကုသမှုလို့ ခေါ်ပါတယ်။ Alpha-1 ပရိုတိန်းကို ကျန်းမာတဲ့အလှူရှင်ရဲ့ သွေးကနေယူပြီး အစားထည့်သွင်းပေးခြင်း ဖြစ်ပါတယ်။

သင့်အခြေအနေပေါ် မူတည်ပြီး ဆေးကုသမှုကွာပါတယ်။ အဆုတ်အတွင်းကို ဆေးရှူသွင်းရပါတယ်။ ဒါကို အဆုတ်လေပြွန်ကျယ်စေတဲ့ဆေးလို့ ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းကို ပွင့်စေပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက Alpha-1 antitrypsin ချို့တဲ့ခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

  • ဆေးလိပ်မသောက်သင့်ပါဘူး။ အဆုတ်ရောင်ရောဂါနဲ့ တုတ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ထိုးသင့်ပါတယ်။
  • ဗီတာမင် အီး၊ ဒီ၊ ကေ စတာတွေနဲ့ ပြည့်စုံတဲ့ အာဟာရဓါတ်ကောင်းကောင်းရအောင် စားသုံးပြီး အသည်းရဲ့ ကျန်းမာရေး ကောင်းမွန်အောင် ထိန်းသိမ်းရပါမယ်။
  • အမှုန်အမွှားတွေ မီးခိုးငွေ့တွေကို ရှောင်ရှားပြီး ရောဂါပိုးကူးစက်ခြင်းကနေ ကာကွယ်နိုင်အောင် လက်ကို မကြာခဏဆေးရပါမယ်။ အသည်းကို ထိခိုက်မှု မဖြစ်အောင် အရက်ကို အကန့်အသတ်နဲ့သာ သောက်သင့်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။