backup og meta

အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ

    အတွင်းခံအကြောင်းက လူတွေ အဆွေးနွေးကြဆုံး ခေါင်းစဉ်တွေထဲက တခုပါ။ ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အတွင်းခံအကြောင်းသိသင့်တဲ့ အခြေခံ အချက်လေးတွေ ရှိပါတယ်။ အောက်မှာ ဖော်ပြမယ့် အချက်တွေကတော့ သင့်ကို အံ့အားသင့်ကောင်း သင့်သွားစေမယ့် အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

    အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ

    အတွင်းခံဘောင်းဘီဆိုတာ အမျိုးသားရော၊ အမျိုးသမီးရော ဝတ်တတ်ကြတဲ့ အရာတစ်ခုပါ။ ဒါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့

    • ချွတ်မလား ဝတ်မလား။

    ဒါဟာ အရေးပါတဲ့ ကိစ္စမဟုတ်သလို သင့်တကိုယ်ရည် ဆုံးဖြတ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အတွင်းခံဝတ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေကလည်း ရှိလို့နေပြန်ပါတယ်။ ဥပမာ အပြင်သွားရမယ်၊ လူကြားထဲ သွားရမယ် ဆိုရင်ပေါ့။

    စွတ်စိုပူနွေးတဲ့ အနေအထားဟာ ဘက်တီးရီးယားပိုးတွေနဲ့ yeast မှိုတွေအတွက် အင်မတန်အကြိုက်တွေ့စေမယ့် အနေအထား ဖြစ်ပါတယ်။

    သင်အားကစားလုပ်တဲ့အခါ ချွေးတွေကို စုပ်ယူပြီး စိုထိုင်းမှု မရှိစေဖို့အတွက် အားကစားဘောင်းဘီအောက်မှာ အတွင်းခံတထပ်ကို ထပ်ပြီး ဝတ်သင့်ပါတယ်။

    သာမန်အချိန်တွေနဲ့ အိပ်ချိန်တွေမှာတော့ လေဝင်လေထွက်ကောင်းအောင် ချွတ်အိပ်သင့်ပါတယ်။

  • တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေဟာ သင့်ရဲ့ မိတ်ဆွေကောင်း မဟုတ်ပါ။
  • အမျိုးသမီး အများစုဟာ အတွင်းခံအရာတွေ ပေါ်နေမှာစိုးတဲ့အတွက် တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေကို ဝတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီအတွင်းခံ အမျိုးအစားတွေဟာ အရမ်းကျပ်ပြီး လှုပ်ရှားတဲ့အချိန်မှာ သင့်အသားနဲ့ ရှေ့တိုးနောက်ဆုတ် ပွတ်တိုက်နေတတ်ပါတယ်။

    ဒီလို ပွတ်တိုက်မှုတွေကရော၊ ပူလောင်မှုတွေကပါ သင့်ကို ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ ယောနိထဲ ဘက်တီးရီးယားပိုးဝင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

    တကယ်တမ်းကျတော့ ဒီအတွင်းခံအမျိုးအစားဟာ ခန္ဓာကိုယ် အနောက်ပိုင်းတင်ပါးပိုင်းနဲ့ ယောနိ/ဆီးလမ်းကြောင်းတို့ အကြား ဘက်တီးရီးယားတွေ ပျော်ပျော်ပါးပါးကြီးသွားလို့ရအောင် ရွှေလမ်းငွေလမ်းဖောက်ပေးထားသလို ဖြစ်စေပါတယ်။

    ဒါကြောင့် ဒီအတွင်းခံ အမျိုးအစားက နေ့စဉ်ဝတ်သင့်တဲ့အမျိုးအစားတော့ မဟုတ်ပါဘူး။ ရံဖန်ရံခါ အချိန်ပိုင်းလောက်ပဲ ဝတ်မယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။

    • ချွေးစုပ်တဲ့ အသားက အကောင်းဆုံးပါ။ 

    ပိုးထည်လို အသားမျိုးဟာ ပိတ်လွန်းသလို ဇာကွက်လေးတွေကလည်း သင့်ကို တချိန်လုံး ပွတ်တိုက်နေမှာဖြစ်တဲ့အတွက် မိန်းမကိုယ်နှုတ်ခမ်းသားတွေ ရောင်ရမ်းလာနိုင်ပါတယ်။

    အတွင်းခံဟာ ချွေးစုပ်တဲ့ အသားဖြစ်သင့်ပါတယ် (ဥပမာ ချည်သားလေးပေါ့)။ ချည်သားတွေက ချွေးကိုလည်း ပိုပြီးမြန်မြန် စုပ်ယူနိုင်တဲ့အတွက် သင့်ကို ခြောက်သွေ့နေစေပါတယ်။

    ဒီခေတ် မိန်းမပျိုလေးတွေ အများအပြားဟာ သူတို့ရဲ့ အောက်ပိုင်းမှာ ရှင်းလင်းနေတော့မှ ပိုပြီးသန့်ရှင်းတယ်လို့ ယူဆတတ်ကြပါတယ်။ သန့်ရှင်းတာမှန်ပေမယ့် ရိတ်တာ၊ ဖယောင်းနဲ့ ခွာတာတွေဟာလည်း ဘေးထွက်ဆိုးကျိုးတွေ ကိုယ်စီ ရှိကြပါတယ်။

    ဆီးခုံမွေးတွေဟာ အလွန်နုနယ်တဲ့ နေရာကို ကာကွယ်ဖို့အတွက် သဘာဝအလျောက် ရှိနေတာပါ။

    သူတို့ကို ဖယ်ရှားရှင်းလင်းလိုက်မယ်ဆိုရင် သင်ဟာ ကိုယ့်တပ်ကို ပြန်နင်းသလို ဖြစ်သွားတာကြောင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ၊ အရေပြားပွန်းတာတွေ၊ အမာရွတ်ဖြစ်တာတွေ စတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံဖို့ အခွင့်အလမ်းပိုများသွားစေပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ရိတ်မရိတ်က ကိုယ့်သဘောပါပဲ။

    • အားကစား လုပ်တတ်တဲ့ သူတွေအတွက် အကောင်းဆုံး အတွင်းခံတွေက ဘာတွေလဲ။ 

    တကယ်လို့ သင်ဟာ မာရသွန်ပြေးတာလိုမျိုး အားကစားနည်းတွေအတွက် ပြင်ဆင်နေတာဆိုရင် သင့်အနေနဲ့ အတွင်းခံနဲ့ပတ်သက်ပြီး သေချာစဉ်းစားရွေးချယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အကြာကြီး ဝတ်ထားရမှာမို့ပါ။ နှစ်မိုင်လောက်အရောက်မှာ နည်းနည်းလောက် ပွန်းရာလေးစ ဖြစ်လာရာက မိုင်၂၀လောက်ရောက်တဲ့အခါမှာ အရည်ကြည်ဖု အကြီးကြီး ဖြစ်နေလောက်ပါပြီ။

    ရေကူးတာလိုမျိုး ရေနဲ့ ပတ်သက်တဲ့ အားကစားနည်းတွေနဲ့ ပတ်သက်ပြီး ပြောရရင် အပူနဲ့ စွတ်စိုမှုတို့ကို သတိထားသင့်ပါတယ်။ ဒီအပူနဲ့ စွတ်စိုမှုတို့ဟာ ဘက်တီးရီးယားတွေ ပေါက်ပွားတာကို အားပေးလို့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်သလို yeast မှိုပိုးကူးတာ ဒါမှမဟုတ် bacterial vaginosis ဆိုတဲ့ ဘက်တီးရီးယားကူးစက်ရောဂါဖြစ်တာတွေကိုလည်း ဖိတ်ခေါ်နိုင်ပါတယ်။ သင့်အနေနဲ့ အဝတ်စိုကြီးဝတ်ပြီး အကြာကြီး နေရမယ့် အနေအထားမျိုးမှာ ပြဿနာ ပိုတက်ပါလိမ့်မယ်။

    • ရာသီလာချိန်မှာ ဘာဝတ်ကြမလဲ။

    ဓမ္မတာလာနေတဲ့အချိန်ကျရင်လည်း အတွင်းခံနဲ့ ပတ်သက်ပြီး သိပ်အာရုံနောက်မနေပါနဲ့။ ပွပွချောင်ချောင် အတွင်းခံကြီးကြီးတွေကိုသာ ဝတ်လိုက်ပါ။ Padကြောင့် ပေါင်ပွန်းတာလည်း သက်သာပါလိမ့်မယ်။

    Tampon သုံးတာနဲ့ menstrual cup ခွက်လေးတွေကို သုံးတာဟာ သင့်ကို နေရတာ သက်သောင့်သက်သာ ရှိစေပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက် နေလို့ အဆင်ပြေဆုံးအရာက သင့်အတွက် အကောင်းဆုံး အရာပဲ ဆိုတာ သိထားရပါမယ်။

    အနံ့အသက်အတွက်လား။ ဒါတွေကို ခေါက်ထားလိုက်ပါ။ အောက်ပိုင်းမှာ အနံ့အသက်မွှေးနေဖို့လိုတယ်ဆိုတာ ယုံတမ်းစကားကြီးပါ။ အမျိုးသမီးတွေရဲ့ ပေါင်ခြံမှာ apocrine gland လို့ခေါ်တဲ့ ချွေး/အရည်ထုတ်ပေးတဲ့ ဂလင်းတမျိုးရှိတဲ့အတွက် အနံ့အသက်ကတော့ အနည်းနဲ့ အများ ရှိမှာ သဘာဝပါပဲ။

    ပုံမှန်တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်နေသမျှ ကာလပတ်လုံး အားလုံးအေးဆေးပါ။

    • ဆီးမထိန်းနိုင်တဲ့သူတွေကရော ဘာဝတ်ကြမလဲ။

    ဆီးမထိန်းနိုင်တာ၊ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာဟာ ကလေးမွေးထားတဲ့ အမျိုးသမီး အများအပြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခုပဲ ဖြစ်ပါတယ်။ ကလေးမမွေးဖူးတဲ့ တချို့ အမျိုးသမီးတွေမှာတောင် ဖြစ်တတ်ပါသေးတယ်။

    ဒီတော့ လူကြီးသုံး ဆီးခံလေးတွေကို သုံးနိုင်ပါတယ်။ ကလေး သေးခံလို တန်းဝတ်ရုံပဲ ဖြစ်ပါတယ်။

    အားပြင်းပြင်းထန်ထန်သုံးလို့ ဆီးထွက်ကျတဲ့ အခြေအနေမျိုးမှာ Kegels လေ့ကျင့်ခန်းကို လုပ်ပေးတာက သက်သာနိုင်ပါတယ်။

    ဒါပေမယ့် အခြေအနေပိုဆိုးလာပြီဆိုရင် (ဆီးခံတထည်နဲ့ မရတာ၊ တနေ့ကို ခဏခဏ ထွက်ကျတာ) ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်ပါ။ ဟော်မုန်းကို အသုံးပြုပြီး ကုသတာမျိုး ဒါမှမဟုတ် ခွဲစိတ်ပြီး ကုသတာမျိုးလုပ်ဖို့ ဆရာဝန်က အကြံပေးကောင်းပေးပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement