backup og meta

ဒီလက္ခဏာတွေရှိနေရင် သင့်မှာ ဗီတာမင်ချို့တဲ့မှု တွေရှိနေပါပြီ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 04/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီလက္ခဏာတွေရှိနေရင် သင့်မှာ ဗီတာမင်ချို့တဲ့မှု တွေရှိနေပါပြီ

    ကျန်းမာပျော်ရွှင်တဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့က ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်က အသွေးအသားနဲ့တည်ဆောက်ထားတာကြောင့် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သေချာဖြည့်တင်းပေးဖို့၊ ဗီတာမင်ချို့တဲ့မှု တွေ မဖြစ်စေဖို့က  မေ့ထားလို့မရပါဘူး။

    ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်တွေကို မရရှိတဲ့အခါ ဝေဒနာတွေဖြစ်လာပါတော့တယ်။ လိုအပ်တဲ့ဓာတ်တွေ မရတာနဲ့ ချက်ချင်း အပြင်းအထန်ဝေဒနာတွေ ခံစားရတာတော့ မဟုတ်ပါဘူး။ ရှေ့ပြေးလက္ခဏာလေးတွေ အရင်စဖြစ်လာပါတယ်။

    ဘယ်လက္ခဏာက ဘယ်ဗီတာမင် ချို့တဲ့နေတာလဲ ဆိုတာကို သိထားဖို့တော့လိုပါမယ်။ ဒါဆိုရင် ပြင်းထန်တဲ့ ဆိုးကျိုးတွေမဖြစ်ပေါ်လာခင် ပြန်လည်ဖြည့်တင်းချိန်ရနိုင်ပါတယ်။ ဒါကြောင့် သတိထားကြည့်နိုင်ဖို့ သိသာထင်ရှားတဲ့ ဗီတာမင်ချို့တဲ့မှု လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။

    ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် အာဟာရဓာတ်ပြည့်ဝစွာရရှိဖို့ လိုအပ်ပါတယ်

    ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေဖို့အတွက် အာဟာရပြည့်ဝအောင်စားသုံးဖို့ လိုတယ်ဆိုတဲ့အကြောင်းကို မကြားဖူးသူက မရှိသလောက်ဖြစ်မှာပါ။ အစားအသောက်တွေ စားတဲ့အခါ အာဟာရပြည့်ဝအောင် စားသုံးကြရပါတယ်။

    တကယ်လို့များ ကိုယ်စားသုံးတဲ့ အစားအသောက်တွေက အာဟာရဓာတ်မပြည့်ဝဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ အားမရှိသလိုဖြစ်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ဖြူဖပ်ဖြူရော်ဖြစ်တာ၊ ဖျားနာလွယ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေချို့တဲ့တာက အချိန်ကြာမြင့်လာမယ်ဆိုရင်တော့ ကျန်းမာရေးကိုထိခိုက်စေလာနိုင်ပါတယ်။

    ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ကြံ့ခိုင်သန်စွမ်းဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်အမျိုးမျိုးကို လိုအပ်ပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝနေပါမှ ရောဂါတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်လိုအပ်တဲ့ အာဟာရဓာတ်ချင်းမတူပါဘူး။ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မရရှိဘူးဆိုရင် ခန္ဓာကိုယ်ကျန်းမာဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။

    အောက်ပါလက္ခဏာတွေ ရှိနေရင် သင် ဗီတာမင်ချို့တဲ့မှု တွေ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

    (၁) ညဘက်မှာ ကောင်းကောင်းမမြင်ရတာ

    ညဘက်မှာ ကောင်းကောင်းမမြင်ရတာ၊ အသားအရေတွေ ခြောက်သွေ့ကြမ်းတမ်းတာ၊ အသားအရေ ကွဲအက်တာ၊ မျက်လုံးခြောက်တာ၊ အနာကျက်နှေးတာ၊ အာရုံကြောတွေ ထိခိုက်ပျက်စီးတာ၊ အရသာခံနိုင်စွမ်း ကျလာတာ၊ အကြားအာရုံချို့တဲ့လာတာ၊ အနံ့ခံအာရုံအားနည်းလာတာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို ခုခံနိုင်စွမ်းကျဆင်းလာတာတွေ ခံစားနေရတယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် A ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။

    ဘာတွေစားမလဲ

    ဗီတာမင် A ရရှိစေဖို့အတွက် ကန်စွန်းဥ၊ မုန်လာဥနီ၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ရွှေဖရုံသီး၊ ကျောက်ဖရုံသီး၊ ဇီးသီးခြောက်၊ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတွေ စားသုံးပေးလို့ရပါတယ်။

    (၂) နှုတ်ခမ်းထောင့်တွေ ကွဲနေမယ် (ကျီးကန်းပါးစပ်ဖြစ်တာ)

    နှုတ်ခမ်းထောင့်တွေမှာ ကွဲနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ သံဓာတ်၊ ဇင့်၊ ဗီတာမင် B တို့ ချို့တဲ့နေတာပါ။ ဒါမှမဟုတ် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို မရတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

    ဘာတွေစားမလဲ

    ဥအမျိုးမျိုး၊ ဆယ်လ်မွန်ငါး၊ ကမာ၊ အမဲသား၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ ဒိန်ခဲ တို့ကိုစားသုံးပေးရပါမယ်။ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကောင်းစေဖို့အတွက် ဗီတာမင် C ကို အပြည့်အဝရရှိဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင် C ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွ၊ ကိုက်လန် နဲ့ ပန်းဂေါ်ဖီတို့ကို စားသုံးသင့်ပါတယ်။

    (၃) ဆံပင်ကျွတ်မယ်၊ မျက်နှာ အသားအရေနီရဲပြီး အရေပြားကွာမယ်

    ဒီလက္ခဏာတွေက biotin ချို့တဲ့နေတဲ့ လက္ခဏာပါ။ ခန္ဓာကိုယ်က အဆီတွေ၊ ကာဗိုဟိုက်ဒရိတ်နဲ့ အမိုင်နိုအက်ဆစ်တွေကိုချေဖျက်ဖို့အတွက် biotin ကိုလိုအပ်ပါတယ်။ ဒီဓာတ်က ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို သန်မာစေပါတယ်။

    ဘာတွေစားမလဲ

    ခန္ဓာကိုယ်အတွက် biotin ရရှိစေဖို့ဆိုရင် ဥအမျိုးမျိုး၊ ဆယ်လ်မွန်ငါး၊ ထောပတ်သီး၊ မှို၊ ပန်းဂေါ်ဖီ၊ အခွံမာသီး နဲ့ ဘယ်ရီသီးတွေစားသုံးပေးနိုင်ပါတယ်။

    (၄) ခန္ဓာကိုယ်မှာ ဝက်ခြံလို အဖုတွေထွက်တာ

    ဒီလိုမျိုး အဖုအပိမ့်တွေထွက်လာတာက ခန္ဓာကိုယ်ထဲမှာ omega-3 လိုမျိုး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တွေ နဲ့ ဗီတာမင် A နဲ့ ဗီတာမင် D တို့ ချို့တဲ့နေတယ်ဆိုတဲ့ လက္ခဏာပါ။

    ဘာတွေစားမလဲ

    အခြားသော ဗီတာမင်တွေကို အစားအသောက်တွေကနေ ရရှိနိုင်ပေမယ့် ဗီတာမင် D ကိုတော့ နေရောင်ခြည်ကနေပဲ အများဆုံးရရှိနိုင်ပါတယ်။ တူနာ၊ မက်ကာရယ်၊ ဆာဒင်း၊ ဆယ်လ်မွန်တို့လိုမျိုး fatty acid ပါတဲ့ ငါးတွေ၊ ကြက်ဥအနှစ်နဲ့ နို့ထွက်ပစ္စည်းတွေကနေလည်း ရရှိနိုင်ပါတယ်။

    (၅) ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ

    ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာက ဗီတာမင် B ချို့တဲ့နေတာပါ။ ခန္ဓာကိုယ်မှာ ဗီတာမင် B ချို့တဲ့တဲ့အခါ အစွန်အဖျားနဗ်ကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ သွေးအားနည်းတာ၊ မူးဝေမောပန်းတာနဲ့ ဟော်မုန်းမညီမျှတာတွေ ဖြစ်နိုင်ပါတယ်။

    ဘာတွေစားမလဲ

    ဗီတာမင် B ရရှိစေဖို့ဆိုရင် ဟင်းနုနွယ်၊ ကညွတ်၊ နိုကိုဥ၊ ဥအမျိုးမျိုး၊ ကြက်သား၊ ဘဲသား နဲ့ အမဲသားတို့ကို စားသုံးပေးလို့ရပါတယ်။

    (၆) ကြွက်တက်မယ်

    ကြွက်တက်ရတာ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ နည်းနေလို့ပါ။ ရေဓာတ်နည်းနေတဲ့အခါမျိုးမှာလည်း ကြွက်တက် တတ်ပါတယ်။ ကြွက်တက်တာက မကြာခဏဖြစ်နေပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ ပိုတက်ဆီယမ်တို့ချို့တဲ့ နေပါပြီ။

    ဘာတွေစားမလဲ

    သတ္တုဓာတ်တွေ ချို့တဲ့တာကြောင့် ကြွက်တက်တာကို သက်သာချင်တယ်ဆိုရင်တော့ အယ်လ်မွန်စေ့၊ သစ်သီးဖျော်ရည်၊ ကိုက်လန်၊ ဟင်းနုနွယ်၊ တို့လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်ညှင်းထုပ်၊ မှို နဲ့ ပန်းသီးတို့ကို စားသုံးပေးလို့ရပါတယ်။

    (၇) အနာမကျက်တာ၊ သွေးမတိတ်တာ

    ထိခိုက်မိတဲ့အခါ တော်တော်နဲ့ သွေးမတိတ်တာ၊ အနာဖြစ်တဲ့အခါ အနာမကျက်တာတွေက ခန္ဓာကိုယ်ထဲမှာ ဗီတာမင် K အားနည်းနေလို့ပါ။ အရိုးတွေကျန်းမာဖို့အတွက်လည်း ဗီတာမင် K ကိုလိုအပ်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် K ကို အများကြီး မလိုအပ်ပေမယ့် မရှိလို့တော့ မဖြစ်ပါဘူး။

    ဘာတွေစားမလဲ

    ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင် K ကိုရရှိချင်တယ်ဆိုရင်တော့ အစိမ်းရင့်ရောင်အရွက်တွေ၊ ကညွတ်၊ စမုန်စပါး၊ ပင်စိမ်း၊ သံလွင်ဆီ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီတို့ကို စားသုံးဖို့လိုအပ်မှာပါ။

    (၈) ခြေကုန်လက်ပန်းကျမယ်၊ အဆစ်တွေနာကျင်ကိုက်ခဲမယ်

    ဗီတာမင် C ချို့တဲ့မှုကတော့ အတွေ့ရအများဆုံး ဗီတာမင် ချို့တဲ့မှုပါ။ ဗီတာမင် C ကခန္ဓာကိုယ်အတွက်တော်တော်လေးအရေးပါပါတယ်။ အရေပြားနဲ့ တွယ်ဆက်တစ်ရှူးတွေအတွက် ဗီတာမင် C ကိုလိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် C အားနည်းတဲ့အခါ ကြွက်သားတွေနဲ့ အဆစ်တွေနာကျင်ကိုက်ခဲတာ၊ခြေကုန်လက်ပန်းကျတာ၊ အရေပြားမှာ အနီစက်တွေထွက်တာ၊ သွားဖုံးသွေးယိုတာ၊ သွားဖုံးတွေရောင်တာကို ခံစားရနိုင်ပါတယ်။

    ဘာတွေစားမလဲ

    ဗီတာမင် C က နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ကင်ဆာဝေဒနာတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပါ။ ဒီလိုမျိုး ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ဗီတာမင် C ကိုလိုချင်တယ်ဆိုရင်တော့ လိမ္မော်သီး၊ သံပရိုသီး၊ သံပရာသီး၊ မာလကာသီး၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်ရွက်၊ ဆလတ်ရွက်၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး နဲ့ဂေါ်ဖီထုပ်တွေစားသုံးပေးသင့်ပါတယ်။

    ခန္ဓာကိုယ်ကျန်းမာနေစေဖို့ အစာအာဟာရတွေကို သင့်တင့်မျှတအောင်စားသုံးပေးဖို့လိုသလို မလုံလောက်ဘူးဆိုရင် လိုအပ်တဲ့ အားဖြည့်ဗီတာမင်ဆေးဝါးတွေကိုလည်း မှီဝဲဖို့လိုပါမယ်။ အစားသိပ်မစားနိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေ၊ နာလန်ထလူနာတွေ၊ နာတာရှည်ဝေဒနာသည်တွေ၊ ခွဲစိတ်ကုသမှုခံယူပြီးသူတွေကျန်းမာနေစေဖို့ဆိုရင်တော့ ဗီတာမင် အားဖြည့်ဆေးတစ်မျိုးမျိုးကို မှီဝဲပါလို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 04/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement