backup og meta

ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

    စတီးရွိုက်ဆိုတာ ခန္ဓာကိုယ်အတွက် မရှိမကောင်း ရှိမကောင်းပါပဲ။ မရှိရင်လည်း မကောင်းသလို လိုတာထက် ပိုနေပြန်ရင်လည်း နောက်ဆက်တွဲရောဂါတွေ ရလာနိုင်ပါတယ်။ ဒီတော့ ကိုယ်ထဲမှာ ရှိသင့်တဲ့ ပမာဏအတိုင်း ရှိနေတာပဲ ကောင်းပါတယ်။ စတီးရွိုက်တွေ လိုတာထက် ပိုများလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ပြောင်းလဲသွားနိုင်ဆိုတာ ကြည့်ကြည့်ရအောင်။

    စတီးရွိုက်တွေ လိုတာထက် များလာတဲ့အခါ

    ကျောက်ကပ်ရဲ့ အပေါ်နားလေးမှာ အဒရီနယ်ဂလင်းဆိုတာ ရှိပါတယ်။ ဒီဂလင်းကနေ ကော်တီစောဟော်မုန်းလို့ခေါ်တဲ့ စတီးရွိုက်ကို သဘာဝအတိုင်း ထုတ်ပေးပါတယ်။ တစ်ခါတလေ ရောဂါတစ်ခုခုရှိတဲ့အခါ (ဥပမာ ပန်းနာရင်ကြပ်တို့ အရေပြားလေးဖက်နာတို့) ကုသတဲ့အနေနဲ့ အပြင်ကနေ စတီးရွိုက်တွေ ပေးရပါတယ်။ ဒါကတော့ လူလုပ်စတီးရွိုက်တွေပေါ့။

    ကိုယ်ထဲက စတီးရွိုက်တွေပဲ ထုတ်တာများများ၊ အပြင်က လူလုပ်စတီးရွိုက်တွေပဲ သောက်တာများများ ကိုယ်ထဲမှာ စတီးရွိုက်တွေ ပုံလာပြီဆိုရင် ရောဂါတစ်ခုဖြစ်လာပါတယ်။ ဒါကို Cushing syndrome လို့ ခေါ်ပါတယ်။ ကူးရှင်း ရောဂါစုပေါ့။

    ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောစရာ ရှိပါတယ်။ ကိုယ်ထဲက ဘာကြောင့် စတီးရွိုက်တွေ အများကြီး ထုတ်ရတာလဲ။ လူလုပ်စတီးရွိုက်တွေရော ဘာကြောင့် အများကြီး သောက်ရတာလဲ။

    ကိုယ်ထဲက စတီးရွိုက်တွေ အများကြီး ထုတ်ရတဲ့အကြောင်းတွေကတော့

    • ပီကျူထရီဂလင်းမှာ အကျိတ်ဖြစ်တာ – ပီကျူထရီဂလင်းက ဟော်မုန်းတွေက အဒရီနယ်ဂလင်းကနေ ကော်တီစောထုတ်ထာကို ထိန်းချုပ်ထားပါတယ်။ အကျိတ်ဖြစ်တော့ ဟော်မုန်းတွေ အများကြီးထွက်လာပြီး ကော်တီစောတွေပါ လိုက်များတာပါ။
    • ACTHထွက်စေတဲ့ အကျိတ်တွေ – ACTHကလည်း ကော်တီစောဟော်မုန်းကို ထွက်အောင် အားပေးပါတယ်။ တချို့မူမမှန်တဲ့အကျိတ်တွေ (ဥပမာ အဆုတ်တို့ သိုင်းရွိုက်တို့ ပန်ကရိယတို့)မှာ အကျိတ်တွေ ဖြစ်ပြီး ACTHတွေ ထွက်လာတဲ့အခါ ကော်တီစောတွေလည်း များလာပါတယ်။
    • အဒရီနယ်ဂလင်း အကျိတ် – ကော်တီစောဟော်မုန်းကို ထုတ်ပေးနေတဲ့ စက်ရုံကြီးကိုယ်တိုင်ကိုက အကျိတ်တည်တာပါ။

    လူလုပ်စတီးရွိုက်တွေ ကိုယ်ထဲကို အများကြီး ဝင်လာတဲ့ အကြောင်းတွေကတော့

    • ဆေးကုသမှုမှာ သုံးတာ – ခုနကပြောတဲ့ ပန်းနာရင်ကြပ်တို့၊ အရေပြားလေးဖက်နာတို့မှာ ရောဂါမထိန်းနိုင်ရင် မထိန်းနိုင်သလို ဆေးတွေ တိုးပေးရပါတယ်။ ကြာကြာပေးရပါတယ်။ ကံကောင်းတာက ရက်ချိန်းမှန်မှန် ပြနေမယ်ဆိုရင် များတဲ့ လက္ခဏာပေါ်လာပြီဆိုတာနဲ့ ဆေးပြန်လျှော့လို့ရပါတယ်။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကုရတာပါ။

    နောက်တစ်ချက်က စတီးရွိုက်က စားဆေး၊ ထိုးဆေး၊ ရှူဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ ဒါပေမယ့် စားဆေးကပဲ အဓိကဖြစ်တာပါ။ ကျန်တာတွေကြောင့် ဖြစ်တာက ရှားပါတယ်။

    • စပ်ဆေးတွေ သောက်တာ – ဒါကတော့ ကိုယ့်သဘောကိုယ် သောက်တာပေါ့။ စပ်ဆေးမှာ စတီးရွိုက်ပါမှန်းလည်း သိချင်မှ သိမှာပါ။ ဒါပေမယ့် အညောင်းပြေတယ်၊ နေရတာ ပေါ့တယ်၊ စားဝင်အိပ်ပျော်တယ်ဆိုပြီး စွဲသောက်ရာကနေ ကိုယ်ထဲမှာ များလာပြီး ကူးရှင်း ရောဂါစုဖြစ်လာတာပါ။

    စတီးရွိုက်တွေ များတဲ့အခါ ဘာလက္ခဏာတွေ ပေါ်လာတတ်သလဲ။

    စတီးရွိုက်များတဲ့သူက သူ့မှာ သိသာထင်ရှားတဲ့ ပုံပန်းသဏ္ဍန်ရှိပါတယ်။ ဆေးပညာအရတော့ ဒါကို ကူးရှင်းရုပ်လို့ ခေါ်တာပေါ့။ လူကို ကြည့်လိုက်ရင်

    • ဝမယ်။ ဝမ်းဗိုက်မှာ အဆီစုနေမယ်။ မျက်နှာကလည်း လပြည့်ဝန်းကြီးကို ပြည့်ဖောင်းဖောင်းဖြစ်နေမယ်။ လည်ဂုတ်မှာ အဆီတွေစုနေမယ်။ ပုခုံးနှစ်ဖက်မျာလည်း အဆီတွေ စုနေပြီး ကျွဲပုခုံးကြီးလို ဖောင်းထနေမယ်။
    • ဗိုက်တွေ၊ ပေါင်တွေ၊ ရင်ဘတ်တွေ၊ လက်မောင်းတွေမှာ ခရမ်းရောင် အကြောပြတ်ရာတွေ ရှိမယ်။
    • အနာတစ်ခုခုဖြစ်ရင် တော်ရုံနဲ့ ကောင်းကောင်းမကျက်ဘူး။
    • ဝက်ခြံတွေ ထွက်လာမယ်။

    ရုတ်တရက်ကြည့်ရင်တော့ ဆေးတွေသောက်ပြီး စားကောင်းအိပ်ပျော်လို့ ဝလာတယ်လို့ ထင်စရာရှိပါတယ်။ တကယ်က ဆေးကြောင့် အဆီတွေစုပြီး ဝနေတာပါ။ ဒါက ရောဂါပါ။ သာမန်ဝတာ မဟုတ်ပါဘူး။ ဒါ့ပြင်

  • နုံးချိတာ
  • ကြွက်သားတွေ ညောင်းတာ
  • စိတ်ကျတာ၊ စိတ်ပူပန်မှုလွန်ကဲတာ
  • မှတ်ဉာဏ်ထိခိုက်တာ
  • သွေးတွေ တိုးလာတာ
  • ခေါင်းကိုက်တာ
  • အသားတွေ မည်းလာတာ
  • အရိုးတွေ ပါးပြီး ပွလာတာ စတာတွေ ဖြစ်လာပါတယ်။
  • အမျိုးသမီးတွေဆိုရင် ခန္ဓာကိုယ်နဲ့ မျက်နှာမှာ အမွေးအမျှင် ထူလာတာ၊ ရာသီထိမ်တာ၊ ပျောက်တာ ဖြစ်နိုင်သလို
  • အမျိုးသားတွေဆိုရင် လိင်စိတ်နည်းသွားတာ၊ မျိုးအောင်နိုင်စွမ်းနည်းသွားတာ၊ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။
  • ကလေးတွေဆိုရင် ကြီးထွားမှု မရှိဘဲ ညှက်တက်တက်လေးတွေ ဖြစ်လာပါတယ်။
  • ဒီလိုလက္ခဏာတွေ ပေါ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသပြီး အမြန်ကုသရမှာပါ။ မကုသရင်

    နောက်ဆက်တွဲအနေနဲ့

    • အရိုးတွေ ကျိုးတာ
    • သွေးတိုးတာ
    • ဆီးချိုရောဂါဖြစ်လာတာ
    • ခဏခဏ ပိုးဝင်ကူးစက်ခံရတာ
    • ကြွက်သားတွေ အားပျော့လာတာတွေ ဖြစ်တတ်ပါတယ်။

    ခန္ဓာကိုယ်မှာ စတီးရွိုက်လွန်ကဲတာတွေ မဖြစ်ချင်ဘူးဆိုရင်

    • ဆရာဝန်ညွှန်ကြားချက်နဲ့ စတီးရွိုက်တွေ သောက်နေရတယ်ဆိုရင် ရက်ချိန်းမှန်မှန် သွားပြပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့ မလုပ်ပါနဲ့။ ဒါမှ လက္ခဏာတွေ ပေါ်လာခဲ့ရင်တောင် ဆေးပြန်ညှိလို့ရမှာပါ။
    • စပ်ဆေးတွေ ဝယ်မသောက်ပါနဲ့။
    • အကျိတ်ကြောင့် ဖြစ်တာကတော့ တော်ရုံ  အကျိတ်လက္ခဏာ မပြတတ်ပါဘူး။ စတီးရွိုက်များတဲ့ လက္ခဏာပဲ ပြတတ်လို့ ကိုယ့်ကိုယ်ကို မသင်္ကာရင် ဆရာဝန်နဲ့ ပြသပြီး ဆေးစစ်ကြည့်တာ အကောင်းဆုံးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement