backup og meta

ကာကွယ်ဆေး နဲ့ပတ်သက်ပြီး အမှတ်မှားနေတဲ့အယူအဆများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာကွယ်ဆေး နဲ့ပတ်သက်ပြီး အမှတ်မှားနေတဲ့အယူအဆများ

    (ကာကွယ်ဆေးထိုးဖို့ကြောက်နေသူတွေ၊ ကာကွယ်ဆေးထိုးဖို့မလိုအပ်ဖူးလို့ ထင်နေသူတွေ ဖတ်ကြည့်သင့် တယ်နော်)

    ကူးစက်ရောဂါ တွေကို ကာကွယ်တဲ့နေရာမှာ ကာကွယ်ဆေးတွေက အဓိကအကျဆုံးနေရာက ပါဝင်နေပါတယ်။ ကာကွယ်ဆေးကြောင့် နှစ်တိုင်းလူသန်းနဲ့ချီအသက်ရှင်ခွင့်ရနေပေမယ့် ဒီဆေးတွေကို မလိုအပ်ဖူးလို့ ယူဆသူတွေ ရှိနေဆဲပါပဲ။ ဒါ့ကြောင့် အခုတစ်ခေါက်မှာ ကာကွယ်ဆေး နဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့အယူအဆတွေကို ရှင်းပြပေးချင်ပါတယ်။

    တစ်ကိုယ်ရေသန့်ရှင်းမှု ပိုအားကောင်းလာတာကြောင့် ကာကွယ်ဆေး မပေါ်ခင်ကတည်းကရောဂါတွေ ပျောက်ကင်းကုန်ပြီ

    ကာကွယ်ဆေးကို ဆန့်ကျင်တဲ့သူတွေအတွက် ဒီလိုစကားမျိုးတွေက သဘောကျစရာပါပဲ။ ဟိုးအရင်ကထက် လူနေမှုစနစ်အများကြီးတိုးတက်လာ၊ သန့်ရှင်းလာလို့ ကာကွယ်ဆေးထိုးပြီး ရောဂါတွေကာကွယ်စရာမလိုတော့ဘူးလို့ထင်ရင် မှားသွားပါလိမ့်မယ်။ တိုးတက်ပြီး အသန့်ကြိုက်လှပါတယ်ဆိုတဲ့ နိုင်ငံ ၂ နိုင်ငံရဲ့အဖြစ်အပျက်နဲ့ပဲ သက်သေပြပါမယ်။

    ဗြိတိန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံမှာ (၁၉၇၄)ခုနှစ်တဝိုက်က ကာကွယ်ဆေးမထိုးချင်လို့ ဆန္ဒပြမှုတွေကြောင့် ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေးထိုးနှံမှု ရပ်တန့်ခဲ့ဖူးပါတယ်။ နောက်၄-၅နှစ်အကြာမှာတော့ ၂ နိုင်ငံလုံးမှာကြက်ညှာချောင်းဆိုး ဖြစ်ပွားသူ သိန်း၊သောင်းချီခဲ့ပြီး လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ ဒါ့ကြောင့်ပြောရ မယ်ဆို ရောဂါတွေ ပျောက်ကင်းဖို့အတွက် လူနေမှုစနစ်တစ်ခုတည်းကို အားကိုးလို့မရပါဘူး။

    ကာကွယ်ဆေးလည်း လိုအပ်ပါတယ်။ နောက်ပြီး ကာကွယ်ဆေးကို အမြဲထိုးနေမှလည်း ရောဂါကို တားဆီးနိုင်မှာပါ၊ ထိုးနှံမှုရပ်လိုက်တာနဲ့ ရောဂါတွေ ပြန်ထကြွလာနိုင်တာကို သိထားရပါမယ်။

    ကာကွယ်ဆေး ထိုးထားလည်း ရောဂါဖြစ်မှာပဲ

    ကာကွယ်ဆေးအပါအဝင် ဘယ်ဆေးမှ ၁၀၀% အလုပ်မလုပ်ပါဘူး။ ဒါပေမဲ့ လက်ရှိလူထုကြားထိုးနှံနေတဲ့ ကာကွယ်ဆေးအားလုံးက အဆင့်ဆင့်စမ်းသပ်စစ်ဆေးမှုတွေ ဖြတ်ကျော်လာပြီး ထိရောက်မှုရှိလို့သာ ထုတ်လုပ်ဖြန့်ချီတာဖြစ်ပါတယ်။ ကလေးတွေမှာ လက်ရှိထိုးနေတဲ့ ကာကွယ်ဆေးတွေဆို ထိရောက်မှုက ၈၅%ကနေ ၉၅%အထိ ရှိပါတယ်။

    ဒါပေမဲ့ လူတစ်ယောက်ရဲ့ကိုယ်ခံအားစနစ်ကလည်း ကာကွယ်ဆေးရဲ့ ထိရောက်မှုအပေါ် သက်ရောက်ပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးထိုးရင် ၁၀၀% ကာကွယ်ပေးနိုင်တယ်လို့ မပြောချင်ပေမယ့် လုံးဝမထိုးထားတာထက်တော့ ပိုကောင်းပါတယ်။

    ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးထဲမှာ ဘေးထွက်ဆိုးကျိုးပိုပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့ ကာကွယ်ဆေးအလုံးတွေပါနေတဲ့အတွက် ဒီကာကွယ်ဆေးတွေကို ရှောင်ပြီးထိုးသင့်တယ်

    ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ဖို့အတွက် လေ့လာစမ်းသပ်တဲ့အဆင့်ကနေ တကယ်ထုတ်လုပ်တဲ့အဆင့်ထိ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါတယ်။ ဒါ့ကြောင့် ထုတ်လုပ်လိုက်တဲ့ကာကွယ်ဆေးတွေ အကုန်လုံးတပြေးညီအရည်အသွေးရှိမှ ရောင်းချနိုင်တာပါ။ ဒီလိုမျိုး တချို့ကာကွယ်ဆေးတွေက ပိုကောင်းတယ်၊ တချို့ဟာတွေက အန္တရာယ်ရှိတယ်ဆိုတဲ့ မှားယွင်းတဲ့အယူအဆက အချက် (၂) ချက်ကြောင့်ပေါ်လာတာဖြစ် နိုင်ပါတယ်။

    ပထမအချက်ကတော့ ကာကွယ်ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး အထိုးခံမယ့် တချို့သူမှာ ဘေးထွက်ဆိုးကျိုးတွေ ပိုပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါက လူတစ်ယောက်ချင်းစီရဲ့ တုံ့ပြန်မှုနဲ့ပဲဆိုင်ပါတယ်။ ဒါ့ကြောင့် ဆေးထိုးပြီး လူနာမှာ ဖြစ်ပျက်သမျှတိုင်းက ကာကွယ်ဆေးကြောင့်ချည်းမဟုတ်ဘူး ဆိုတာသိသင့်ပါတယ်။

    နောက်တစ်ချက်ကတော့ ကာကွယ်ဆေးတွေကို ပို့ဆောင်သယ်ယူတဲ့အချိန်မှာ သတ်မှတ်ထားတဲ့အပူချိန်၊ သိုလှောင်ရမယ့်ဘူး စတဲ့သတ်မှတ်ချက်တွေအတိုင်း လိုက်နာရပါတယ်။ ဈေးကွက်ထဲက ကာကွယ်ဆေးတိုင်းက ဒီလိုစည်းမျဉ်းတွေအတိုင်း အတိအကျသိမ်းဆည်း ထားခြင်းရှိချင်မှရှိမှပါ။ ဒါ့ကြောင့် ဆေးထိုးချိန်မှာ ဆေးအာနိသင်အပြည့်အဝမရတော့တာတွေ ရှိနိုင်ပါတယ်။

    ကာကွယ်ဆေးထိုးပြီးရင် ဘေးထွက်ဆိုးကျိုးမျိုးစုံ ခံရတယ်၊ နောက်ဆုံးအသက်သေတဲ့အထိတောင်ဖြစ်နိုင်တယ်

    တကယ်တော့လူအများထင်နေသလိုမဟုတ်ဘဲကာကွယ်ဆေးတွေကအရမ်းကိုစိတ်ချရပါတယ်။ ဆေးထိုးပြီး ခံစားရတဲ့ဘေးထွက်ဆိုးကျိုးအများစုက ဖျားနာတာ၊ယားယံတာ၊ ကြွက်သားနာကျင်တာတွေလို သာမန် လောက်ပါပဲ။ အနာသက်သာဆေး၊ အဖျားသက်သာဆေးလေးသောက်လိုက်ရင် သက်သာသွားတတ်ပါတယ်။

    ကာကွယ်ဆေးကြောင့်အသက်သေဆုံးတယ်ဆိုတာတော့အရမ်း (အရမ်း)ကိုရှားပါးပါတယ်။ လူတစ်သန်းမှာမှ တစ်ယောက်တောင်ဖြစ်ခဲပါတယ်။ လူသေဆုံးခဲ့ရင်လည်း ကာကွယ်ဆေးကြောင့်လား၊ တခြား ကျန်းမာရေး အခြေအနေကြောင့်လားဆိုတာ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းတွေကလိုက်စုံစမ်းလေ့ရှိပါ တယ်။ ကာကွယ်ဆေးမထိုးရင်ဝင်လာမယ့်ရောဂါတွေနဲ့ ဆေးထိုးပြီးခံစားရမယ့်ဘေးထွက်ဆိုးကျိုးတွေကို နှိုင်းယှဉ်ကြည့်ရင် ကာကွယ်ဆေးထိုးတာက အများကြီးအားသာပါတယ်။

    ကာကွယ်ဆေးထိုးပြီးကာကွယ်ရတဲ့ရောဂါတွေက ငါတို့နိုင်ငံမှာပပျောက်သွားပြီလို့ သိထားတယ်၊ ဒါ့ကြောင့် ကာကွယ်ဆေးထိုးစရာမလိုတော့ဘူး

    ကာကွယ်ဆေးထိုးအစီအစဉ်တွေစနစ်တကျလုပ်ဆောင်မှုကြောင့်တချို့ရောဂါတွေ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမဲ့ ကိုယ်မသိနိုင်တဲ့နည်းလမ်းတွေနဲ့ဒီရောဂါတွေကနိုင်ငံထဲမှာပြန်ဖြစ်လာနိုင်ပါတယ်။ ဥပမာ-ပြောရမယ်ဆို နိုင်ငံထဲကိုလာရောက်လည်ပတ်နေထိုင်တဲ့ တခြားနိုင်ငံသားတွေကတစ်ဆင့်ကူးစက်ဖြစ်ပွားတာမျိုးဖြစ်ပါတယ်။

    ဒ့ါကြောင့်ရောဂါလုံးဝပျောက်သွားပြီအထင်နဲ့ကာကွယ်ဆေးမထိုးသူတွေများလာရင် တချိန်ကပျောက်ကင်းပြီလို့ ထင်ထားတဲ့ရောဂါတွေပြန်ဖြစ်ပွားလာမှာပါ။ ဒါ့ကြောင့် ကိုယ့်ကျန်းမာရေးအတွက်ကော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ကာကွယ်တဲ့အနေနဲ့ကာကွယ်ဆေးကိုစနစ်တကျဆက်ပြီးထိုးနှံရပါမယ်။

    ဒီလိုလုပ်ခြင်းကကာကွယ်ဆေးနဲ့ဓာတ် မတည့်လို့မထိုးနိုင်သူတွေရော ရောဂါအခံရှိလို့ကာကွယ်ဆေးမထိုးနိုင်သူတွေကိုပါကာကွယ်ပေးရာရောက် ပါတယ်။

    ကလေးတွေကို တစ်ခါတည်းကာကွယ်ဆေးအများကြီးထိုးပေးတာက ကလေးရဲ့ကိုယ်ခံအားကို ထိခိုက်စေတယ်

    ဒီအဆိုပြုချက်နဲ့ပတ်သက်လို့ဆေးပညာမှာသုတေသနတွေပြုလုပ်ထားပြီး ကလေးတွေကိုကာကွယ်ဆေး မျိုးစုံတစ်ကြိမ်တည်းမှာပေါင်းထိုးခြင်းက ကလေးရဲ့ကိုယ်ခံအားအပေါ်ထိခိုက်မှုမဖြစ်စေတာကို သက်သေပြ ထားပြီးပါပြီ။ ကာကွယ်ဆေးထဲမှာပါတဲ့ antigen တွေကိုဆေးတစ်ခုတည်းမှာစုပေါင်းပြီးထိုးလိုက်တဲ့အတွက် ကလေးလည်းဆေးရုံခဏခဏလာစရာမလိုတော့ပါဘူး။

    နောက်ပြီးကလေးငယ်တွေစားသုံးတဲ့အစားအသောက် တွေနဲ့ ရှူသွင်းလိုက်တဲ့လေထုထဲကနေလည်း ရောဂါပိုးantigen တွေပါဝင်ပြီးသားဖြစ်နေတဲ့အတွက် ကလေးရဲ့ ကိုယ်ခံအားက ကျင့်သားရပြီးသားဖြစ်နေပါတယ်။ ဒါ့ကြောင့်ကာကွယ်ဆေးထိုးလို့ ကိုယ်ခံအားထိခိုက်သွားမှာ ကိုစိတ်ပူစရာမလိုဘူးလို့ပြောချင်ပါတယ်။

    ဒါတွေကတော့ ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီးအတွေ့ရများတဲ့အယူအဆအလွဲတွေပါ။ များသောအားဖြင့် အစိုးရိမ်လွန်မှု၊ ကြောက်ရွံ့မှု၊ နားမလည်မှုတွေကြောင့် ကာကွယ်ဆေးကိုငြင်းဆန်ကြသူတွေများပါတယ်။ အခု ဒီဆောင်းပါးကိုဖတ်ပြီး ကာကွယ်ဆေးထိုးတယ်ဆိုတာကြောက်စရာကိစ္စတစ်ခုမဟုတ်မှန်းသိသွားမယ်လို့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကော ပတ်ဝန်းကျင်ကသူတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေကို အားလုံးစနစ်တကျထိုးနှံကြဖို့ ထပ်မံတိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်။

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement