backup og meta

ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေကခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေကခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants)ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာ မစိမ်းတော့ပါဘူး။ နုပျိုချင်ရင် Antioxidantသောက်၊ ကင်ဆာကာကွယ်ချင်ရင် Antioxidantသောက် စသဖြင့် အမျိုးမျိုးကြော်ငြာနေကြပါတယ်။ ဒီတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်သလဲ။ ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးရှိသလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဆိုတာဘာလဲ။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း အကြောင်းမပြောခင် ဓာတ်တိုးတယ်ဆိုတာ ဘာလဲဆိုတာအရင်ပြောပြပါ့မယ်။ ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးရင် ဆဲလ်ရဲ့မျက်နှာပြင်၊ ဒီအန်အေ စတာတွေပျက်စီးပါတယ်။ ကိုယ်ထဲမှာ ဓာတ်တိုးပစ္စည်းတွေကို ဖျက်စီးဖို့ သဘာဝစနစ်ကြီးတစ်ခုက ရှိပြီးသားပါ။ ဒါပေမယ့် ဓာတ်တိုးပစ္စည်းတွေ များလာတဲ့အခါ ခန္ဓာကိုယ်က မရှင်းထုတ်နိုင်တဲ့အတွက် စုပုံလာပြီး ရောဂါတွေဖြစ်လာပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာ ဒီပစ္စည်းတွေကို ဖျက်ဆီးနိုင်တဲ့ မော်လီကျူးတွေပါ။ အစားအစာတွေ အထူးသဖြင့် အသီးအရွက်တွေမှာ အများဆုံးတွေ့ရပါတယ်။ ဗီတာမင်တွေ (အထူးသဖြင့် ဗီတာမင် အေနဲ့ အီး)၊ သတ္တုဓာတ် (ကော့ပါး၊ ဇင့်နဲ့ ဆီလီနီယမ်)ကလည်း အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပါတယ်။

    ဒီလိုပြောလို့ ဓာတ်တိုးပစ္စည်းတွေက မကောင်းဘူးလားဆိုတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ တချို့သော အလုပ်တွေအတွက် ဓာတ်တိုးပစ္စည်းတွေ လိုအပ်ပါတယ်။ ဥပမာ ပြောရရင် ခုခံအားစနစ်က ရောဂါပိုးတွေသတ်တဲ့နေရာမှာ ဓာတ်တိုးပစ္စည်းတွေကို သုံးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က ဓာတ်တိုးပစ္စည်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကို မျှတအောင်ထားရပါတယ်။ မဟုတ်ရင် oxidative stressဖြစ်ပြီး ခန္ဓာကိုယ်မှာ ရောဂါတွေဖြစ်လာမှာပါ။

    ဓာတ်တိုးပစ္စည်းတွေက ဘယ်လိုဆိုးကျိုးတွေပေးနိုင်လဲ။

    ဓာတ်တိုးပစ္စည်းတွေရဲ့ဆိုးကျိုးတချို့ကို ပြောပြရမယ်ဆိုလို့ရှိရင်

  • မျက်စိမှန်ဘီလူးကိုထိခိုက်ပြီး အမြင်အာရုံထိခိုက်တာ
  • အရိုးအဆစ်တွေရောင်ရမ်းတာ
  • ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ပြီး ပါကင်ဆန်ရောဂါအယ်လ်ဇိုင်းမားရောဂါ
  • အိုမင်းလွယ်တာ
  • မကောင်းတဲ့အဆီ LDL၊ ကိုလက်စထရောတွေကို ပိုထွက်စေတဲ့အတွက် နှလုံးသွေးကြောပိတ်နိုင်ချေကို မြင့်စေတာ
  • ဒီအန်အေကို ပျက်စီးစေတဲ့အတွက်တချို့ကင်ဆာတွေကို ဖြစ်စေပါတယ်။
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေကိုဘယ်ကရမလဲ။

    ခန္ဓာကိုယ်ကလည်း သူ့ဟာသူ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ကပိုလိုလာတဲ့အခါ ပြင်ပကနေ ယူရပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို အသီးအရွက်၊ အစေ့အဆန်တွေမှာ ပေါပေါများများတွေ့ရပါတယ်။ ဥပမာပြောရရင်

    • ဗီတာမင်အေ– အသည်း၊ ကန်စွန်းဥ၊ နို့နဲ့ ဥအနှစ်
    • ဗီတာမင်စီ– လိမ္မော်သီး၊ ကီဝီသီး၊ သရက်သီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနွယ်၊ စတော်ဘယ်ရီ
    • ဗီတာမင်အီး– ဟင်းရွက်ဆီ၊ ထောပတ်သီး၊ အစေ့အဆန်
    • ကော့ပါး၊ဇင့်နဲ့ ဆီလီနီယမ်- ပင်လယ်စာ၊ အသား၊ နို့နဲ့ အစေ့အဆန်

    ဒါက ဥပမာပြထားတာပါ။ တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရနိုင်တဲ့ အစားအစာတွေလည်း အများကြီးရှိပါတယ်။

    ဓာတ်တိုးဆန့်ကျင်ပစ္စည်း ရဲ့ကောင်းကျိုးတွေက ဘာတွေလဲ။

    • နှလုံးရောဂါကို ကာကွယ်နိုင်ပါတယ်။
    • ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ စိတ်ကျရောဂါတွေကို သက်သာစေပါတယ်။
    • ခုခံအားကို တက်စေပါတယ်။
    • ဦးနှောက်ဆဲလ်တွေ ပျက်စီးတာကိုတားဆီးပေးပါတယ်။
    • အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။
    • အမြင်အာရုံကိုကောင်းပါတယ်။

    ဓာတ်တိုးဆန့်ကျင်အားဖြည့်ဆေးတွေသောက်ရတော့မှာလား။

    အစားအစာတွေကရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကျန်းမာရေးအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ခန္ဓာကိုယ်မှာ များလာတဲ့အခါမှာ ကောင်းဖို့ထက် ဆိုးဖို့က ပိုများတယ်ဆိုတာ သိစေချင်ပါတယ်။ သေဆုံးနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ ဒါကြောင့် ပညာရှင်တွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအားဖြည့်စာတွေကို ရှောင်ဖို့ပြောတာပါ။ အစားအစာတွေကနေ သဘာဝအတိုင်းရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့တင် ခန္ဓာကိုယ်က လုံလောက်နေပါပြီ။ အာဟာရချို့တဲ့နေတဲ့သူ၊ အစားမစားနိုင်တဲ့သူတွေအတွက်ပဲ အားဖြည့်ဆေးက လိုအပ်မှာပါ။

    ပြန်ချုပ်ရမယ်ဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်အတွက်လိုအပ်ပါတယ်။ များသွားရင်တော့ အန္တရာယ်ရှိပါတယ်။ နေ့ဏဥ်လိုအပ်တဲ့ပမာဏကို ရနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာပါပဲ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement