backup og meta

အရေပြားအစားထိုးကုသခြင်း ဆိုတာဘာလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားအစားထိုးကုသခြင်း ဆိုတာဘာလဲ

    အရေပြားအစားထိုးခြင်းဟာ အရေပြား တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပြီး အခြားအစိတ်အပိုင်း တစ်ခုမှာ အစားထိုးခြင်းပဲ ဖြစ်ပါတယ်။ အရေပြားအစားထိုးခြင်းကို ကြီးမားတဲ့ အနာတွေဖြစ်တဲ့ အရေပြားပေါက်သွားတဲ့ အရိုးကျိုးခြင်း၊ မီးလောင်ခြင်းနဲ့ ရောဂါပိုးဝင်ပြီး အနာမကျက်ခြင်းတွေပေါ်မှာ ကပ်ဖို့ အသုံးပြုနိုင်ပါတယ်။

    အရေပြားအစားထိုးခြင်း နှစ်မျိုးရှိပါတယ်။

    • Split-Level Thickness Grafts

    ဒီအမျိုးအစားဟာ အရေပြား အပေါ်လွှာ နှစ်လွှာကို ဖယ်ရှားလိုက်ပါတယ်။ Split-Level Thickness Grafts ဟာ ကျက်သွားတဲ့အခါ ကျန်တဲ့အရေပြားတွေနဲ့ ယှဉ်ရင် ပိုပြီး ပြောင်ပါတယ်။ ဒီအရေပြားဟာ ကျန်အရေပြားတွေနဲ့ လိုက်ပြီး ဖွံ့ဖြိုးခြင်းမရှိပါဘူး။ ဒါကြောင့် ဒီလို အရေပြားအစားထိုးမှု လုပ်ထားတဲ့ကလေးတွေဟာ အသက်ကြီးလာတဲ့အခါမှာ နောက်တစ်ခါ ထပ်လုပ်ဖို့ လိုပါတယ်။

    • Full-Thickness Grafts

    ဒီအမျိုးအစားကတော့ အရေပြား အလွှာနှစ်လွှာနဲ့အတူ သွေးကြောတွေနဲ့ ကြွက်သားတွေကို ဖယ်ရှားလိုက်ပါတယ်။ ဒီအစားထိုးခြင်းဟာ အစားထိုးထားတဲ့ အရေပြားကို ပုံမှန်အရေပြားနဲ့ ရောလိုက်ပြီးတော့ လူနာတဲ့အတူ အရေပြားဟာ ဖွံ့ဖြိုးလာပါတယ်။ Full-thickness grafts တွေကို ကိုယ်ခန္ဓါရဲ့ မြင်နိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်နှာလိုမျိုးမှာ အသုံးပြုပါတယ်။

    ဘာလို့ အရေပြား အစားထိုးခြင်းကို လိုအပ်တာလဲ။

    အရေပြား အစားထိုးခြင်းဟာ အောက်ပါလူနာတွေမှာ လိုအပ်ပါတယ်။

    • အရေပြား အများအပြား ဆုံးရှုံးခြင်းကို ဖြစ်စေတဲ့ ရောဂါပိုးဝင်ခြင်း

    • မီးလောင်ခြင်း

    • အလှအပဆိုင်ရာ (သို့) ပြန်လည်တည်ဆောက်ဖို့ လိုအပ်တဲ့ ပျက်စီးသွားတဲ့ (သို့) ပျောက်ဆုံးသွားတဲ့ အရေပြား

    • အရေပြားကင်ဆာ ခွဲစိတ်မှု

    • အနာမကျက်ခြင်း

    • အလွန်ကြီးမားသော အနာ

    • ခွဲစိတ်မှုနဲ့ သေချာစွာ ပြန်မပိတ်နိုင်သော အနာ

    အရေပြားအစားထိုးခြင်းရဲ့ ဖြစ်နိုင်ချေများ

    အခြားခွဲစိတ်ကုသမှုတွေလိုပဲ အရေပြားအစားထိုးခြင်းဟာလည်း သွေးထွက်ခြင်း၊ အမာရွတ်ကျန်ခြင်းနဲ့ ရောဂါပိုးဝင်ခြင်းတွေ ဖြစ်တတ်ပါတယ်။ လူနာတွေဟာ အရေပြားအစားထိုးပြီးရင် ဆေးတွေသောက်ရတာကြောင့် ဆေးကို တုန့်ပြန်မှုတွေလည်း ဖြစ်နိုင်ပါတယ်။ ခွဲစိတ်ကုသပြီးချိန်မှာ အရေပြားဟာ မကျက်ခြင်း (သို့) မညီမညာ ကျက်ခြင်းတွေလဲ ဖြစ်နိုင်ပါတယ်။ အရေပြား အရောင်ပြောင်းခြင်း (သို့) အရောင်လျော့ခြင်း (သို့) အာရုံခံစားမှုများခြင်းတွေ ဖြစ်တတ်ပါတယ်။

    အရေပြားအစားထိုးဖို့ ပြင်ဆင်ခြင်း

    သင့်ဆရာဝန်ဟာ ရက်သတ္တပတ် အနည်းငယ်လောက် ကြိုပြီး ခွဲစိတ်ဖို့ ပြင်ဆင်ပါလိမ့်မယ်။ ဒါကြောင့် ဆရာဝန်ကို အောက်ပါအချက်တွေရှိရင် ကြိုတင် ပြောပြသင့်ပါတယ်။

    ဆရာဝန်ညွှန်ကြားချက်နဲ့သောက်တဲ့ ဆေးတွေနဲ့ ဆေးဆိုင်က ဝယ်သောက်တဲ့ဆေးတွေအကြောင်း

    အရက် (သို့) ဆေးလိပ်သောက်ခြင်း

    အခြားခွဲစိတ်မှုတွေလိုပဲ အရေပြားအစားထိုးခြင်းဟာလည်း မခွဲခင်မှာ အစာမစားထားဖို့ လိုပါတယ်။ များသောအားဖြင့် ခွဲစိတ်မှုမပြုခင်တစ်ရက်မှာ အစားအသောက်စားခြင်း၊ အရည်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ဆေးသောက်ခြင်းတွေ အကုန်လုံးကို ရပ်သင့်ပါတယ်။

    ခွဲစိတ်ပြီးတဲ့ အချိန်မှာ သင့်ကို အိမ်ပြန်ပို့နိုင်တဲ့ မိသားစုဝင် (သို့) သူငယ်ချင်းတစ်ယောက်ယောက်ကို ခေါ်လာသင့်ပါတယ်။ ဆေးရုံတက်ဖို့လိုရင်လဲ စစချင်းရက်အနည်းငယ်အတွင်း သင့်ဘေးမှာ တစ်ယောက်ရှိဖို့လို ပါတယ်။ သင်အိမ်ရောက်သွားရင်တောင်မှ အချို့ ကိစ္စတွေ လုပ်ဖို့နဲ့ အိမ်ထဲမှာ လျှောက်သွားဖို့ အကူအညီ လိုနိုင်ပါသေးတယ်။

    လုပ်ငန်းစဉ်

    ဆေးရုံ ဝတ်စုံလဲပြီးတဲ့အခါ ထုံဆေး (သို့) မေ့ဆေးပေးမှာကြောင့် နာကျင်မှုကို ခံစားရမှာ မဟုတ်ပါဘူး။

    ဆရာဝန်ဟာ အရေပြားကို ကောင်းတဲ့နေရာကနေ ဖယ်ရှားမှာ ဖြစ်ပါတယ်။ Split-level thickness graft အတွက် အရေပြားကို အင်္ကျီနဲ့ ဖုံးထားတဲ့ နေရာတွေ ဖြစ်တဲ့ တင်ပါးဆုံနဲ့ ပေါင်အတွင်းဘက်တွေကနေ ဖယ်ရှားမှာ ဖြစ်ပါတယ်။ Full-thickness graft အတွက်ကတော့ ဝမ်းဗိုက် (သို့) ရင်ဘတ်ကနေ ဖယ်ရှားမှာ ဖြစ်ပါတယ်။

    အရေပြားကို ဖယ်ရှားပြီးရင် ခွဲစိတ်ဆရာဝန်က အစားထိုးမယ့်နေရာပေါ်တင်ပြီး ချုပ်မှာ ဖြစ်ပါတယ်။

    အရေပြားအစားထိုးခြင်း အပြီး စောင့်ရှောက်ခြင်း

    ဆေးရုံဝန်ထမ်းဟာ ခွဲစိတ်မှုအပြီးမှာ သင့်ကို သေချာစွာ စောင့်ကြည့်ပါလိမ့်မယ်။ Vital signs တွေကို စောင့်ကြည့်ပေးမှာ ဖြစ်ပြီး နာကျင်မှုကိုလည်း စီမံပေးမှာ ဖြစ်ပါတယ်။

    Split-level skin graft တွေဟာ အကျက်မြန်ပါတယ်။ Full-level thickness skin graft ကတော့ ဆေးရုံမှာ တစ်ပတ်၊ နှစ်ပတ်နေဖို့ လိုအပ်ပါတယ်။ ၃၆ နာရီအတွင်းမှာ သွေးကြောတွေဟာ စတင်အလုပ်လုပ်လာပါလိမ့်မယ်။ တကယ်လို့ မလုပ်ဘူးဆိုရင် သင့်ကိုယ်ခန္ဓါက အစားထိုးမှုကို ငြင်းတာဖြစ်တာကြောင့် အစားထိုးခြင်း နောက်တစ်ကြိမ် ပြန်လည် ပြုလုပ်သင့်ပါတယ်။

    ပတ်တီးကို တစ်ပတ်၊နှစ်ပတ်လောက် စည်းထားဖို့ လိုပါလိမ့်မယ်။ သင့်ဆရာဝန်ဟာ အနာကို ဘယ်လို ဂရုစိုက်ရမယ်ဆိုတာနဲ့ နာကျင်မှုကို သက်သာစေမယ့် ဆေးတွေ ပေးမှာ ဖြစ်ပါတယ်။ ရောဂါပိုးမဝင်အောင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာမှာ ပြောမှာ ဖြစ်ပါတယ်။

    အစားထိုးတဲ့ တစ်ရှူးယူတဲ့နေရာရော အစားထိုးတဲ့နေရာပါ ကျက်သွားဖို့အတွက် ၃ ပတ်ကနေ ၄ ပတ်လောက် ကြာမြင့်နိုင်ပါတယ်။ ဒီနေရာတွေကို ထိခိုက်နိုင်၊ ပြဲသွားစေနိုင်တဲ့ လှုပ်ရှားမှု အကုန်လုံးကို ရှောင်ကျဉ်သင့်ပါတယ်။

    သင့်ဆရာဝန်က သင်ပုံမှန်အလုပ်တွေကို ပြန်လုပ်နိုင်တဲ့အခါ ပြောပါလိမ့်မယ်။ အရေပြားအစားထိုးခြင်း လုပ်ပြီးတဲ့အခါမှာ အရေပြားကို ပြန်လည် တည်ဆောက်ဖို့ physical therapy လိုနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement