backup og meta

ရေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေး

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေး

    ကိုယ်ခန္ဓါရဲ့ ၇၅ ရာခိုင်နှုန်းခန့်ကို ရေဓါတ်နဲ့ ဖွဲ့စည်းထားပါတယ်။

    ဒါ့အပြင် ထမင်းအသက် ခုနှစ်ရက် ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးလည်း ရှိပါသေးတယ်။

    ကျွန်တော်တိုရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေအတွက် ရေဟာ မရှိမဖြစ် အရေးကြီးပါတယ်။

    ခန္ဓါကိုယ်ကနေ လိုအပ်တဲ့ရေဟာ ပါးစပ်ကနေပဲ အဓိကဝင်ရောက်ပါတယ်။ ရေဟာအသက်ရှင်ရပ်တည်ရေးအတွက် အရေးပါတယ်ဆိုပေမယ့် ညစ်ညမ်းမှုတဲ့ရေကတော့ ကိုယ်ခန္ဓါကို ထိခိုက်စေပါတယ်။ မိမိတို့နေထိုင်ရာဝန်းကျင်က ရေထုဟာ အကြောင်းအမျိုးမျိုးကြောင့် ညစ်ညမ်းနေရင် လူထုနဲ့ချီတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်ပွားရပါတယ်။

    ရေထုညစ်ညမ်းရခြင်းရဲ့ အကြောင်းအရင်းများ

    ကျွန်တော်တို့ ပတ်ဝန်းကျင်က ရေထုကို ညစ်ညမ်းစေတဲ့ အဓိကအကြောင်းအရာများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    • အိမ်ရာများ၊ စက်ရုံအလုပ်ရုံများမှ ရေဆိုးရေညစ်များကို မပြုပြင်ဘဲ မြစ်ချောင်းများထဲသို့ စွန့်ပစ်ခြင်း
    • စက်ရုံများမှ ဓါတုပစ္စည်းများ စွန့်ထုတ်ခြင်း
    • မြို့ပြများဖွံ့ဖြိုးလာရမှ ညစ်ညမ်းမှုမြင့်တက်လာခြင်း
    • ရုပ်ကြွင်းလောင်စာများ မီးလောင်ရာမှ အက်ဆစ်မိုးများ ရွာချခြင်း
    • ရေနံဓါတုပစ္စည်းများ ဖိတ်စင်ခြင်း
    • အမှိုက်သရိုက်များကို မြစ်ချောင်း၊ အင်းအိုင်များအတွင်းသို့ စွန့်ပစ်ခြင်း

    ဘာအကျိုးသက်ရောက်မှုတွေရှိသလဲ

    ပြုပြင်သန့်စင်ထားခြင်းမရှိတဲ့၊ ညစ်ညမ်းတဲ့ရေကို သောက်မိရင် ကိုယ်ခန္ဓါကနေ ချက်ချင်းတုံ့ပြန်မှု ပြုလုပ်ပါလိမ့်မယ်။ အနည်းဆုံး ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်းေတွ ဖြစ်နိုင်ပါတယ်။ အဓိကကတော့ ရောဂါပိုးပါပဲ။ နှစ်စဉ် ကမ္ဘာအဝှမ်းမှာ လူပေါင်း၃သန်းကျော်ဟာ ရေမှတဆင့် ကူးစက်တဲ့ရောဂါတွေကြောင့် သေဆုံးနေရတယ်လို့ သိရပါတယ်။ ရေမှတဆင့် ကူးစက်နိုင်တဲ့ ရောဂါအချို့ကတော့ တိုက်ဖွိုက်၊ ကာလဝမ်းရောဂါ၊ ပါရာတိုက်ဖွိုက်၊ ဝမ်းကိုက်ခြင်း၊ အမီးဘားပိုးဝင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုတေသနတွေအရ ညစ်ညမ်းနေတဲ့ရေမှာ အောက်ပါ ဓါတ်ပစ္စည်းတွေ ပါဝင်နိုင်ပြီး သုံးစွဲသူတွေအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။

    • ဓါတုပစ္စည်းများ။ ဓါတုပစ္စည်းများပါဝင်ပြီး ညစ်ညမ်းတဲ့ရေများဟာ လူ့ကိုယ်ခန္ဓါအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။
    • ပိုးသတ်ဆေးများ။ ပိုးသတ်ဆေးများမှာ ပါဝင်တဲ့ ကာဗွန်နိတ်နဲ့ အော်ဂနိုဖော့စဖိတ်ဓါတ်တွေဟာ အာရုံကြောစနစ်ကို ထိခိုက်စေခြင်း၊ ကင်ဆာဖြစ်ပွားစေခြင်း စတဲ့ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ကလိုရုဒ်ဓါတ်ဟာ မျိုးဆက်ပွားကျန်းမာရေးနဲ့ ဟော်မုန်းဆိုင်ရာကိစ္စတွေကို ထိခိုက်စေနိုင်ပါတယ်။
    • နိုက်ထရိတ်။ အထူးသဖြင့် နို့ဘူးစို့နေတဲ့ ကလေးတွေကို ပိုမိုထိခိုက်နိုင်ခြေ ရှိပါတယ်။ ဦးနှောက်ထဲက အောက်ဆီဂျင်ပမာဏကို လျော့နည်းစေပါတယ်။
    • ခဲ။ ခဲဓါတ်ဟာ ကိုယ်ခန္ဓါထဲမှာ စမိနေစေပြီး ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။
    • အာဆင်းနစ်။ အသည်းကိုထိခိုက်နိုင်ပါတယ်။ အရေပြားကင်ဆာနဲ့ သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်တတ်ပါတယ်။
    • ဖလူအိုရိုဒ်။ ပမာဏများလာတဲ့အခါ သွားများကို ဝါစေခြင်း၊ ကျောရိုးအာရုံကြောမကြီးကို ထိခိုက်စေခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
    • ရေနံနှင့်ဆက်စပ်ဓါတ်ပစ္စည်းများ။ ပမာဏအနည်းငယ်နဲ့ ထိတွေ့ရုံနဲ့ပဲ ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ်။

    ဘယ်လိုဖြေရှင်းကြမလဲ

    ရေထုညစ်ညမ်းမှုဟာ ကျယ်ပြန့်တဲ့ပြသနာတွေဖြစ်တာမို့ တချို့အပိုင်းတွေဟာ နိုင်ငံတော်အဆင့် အကောင်အထည်ဖော်ရတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ တနိုင်တပိုင် လုပ်ဆောင်နိုင်ပါသလား။ အဖြေကတော့ Yes ပါပဲ။

    ရှောင်ကြဉ်ရမယ့်အပိုင်းနဲ့ လိုက်နာသင့်တဲ့အပိုင်းဆိုပြီး ရှိပါတယ်။

    ဘာတွေကို ရှောင်ကြဉ်ရမလဲ။

    ၁။ သင်ရဲ့အမှိုက်တွေကို မြစ်ချောင်းများ ရေကန်များအတွင်း စွန့်ပစ်ခြင်း မပြုပါနဲ့။ ဘယ်အမှိုက်မျိုးမဆိုဖြစ်ပါတယ်။

    ၂။ ဓါတုပစ္စည်းပါနိုင်ခြေရှိတဲ့အရာဝတ္တုတွေကို မြစ်ချောင်းများမှာ ဆေးကြောခြင်း မပြုပါနဲ့။

    ၃။ စက်ရုံအလုပ်ရုံများနဲ့ နီးစပ်တဲ့ မြစ်ချောင်းရေကန်များကရေကို သောက်သုံးခြင်း မပြုပါနဲ့။

    ၄။ အရောင်အနံ့ အရသာပါနေတဲ့ရေကို ရှောင်ကြဉ်ပါ။

    ဘာတွေ လုပ်ဆောင်ရမလဲ

    ၁။ အမှိုက်များကို သူ့နေရာနဲ့သူ စနစ်တကျ စွန့်ပစ်ပါ။

    ၂။ မိမိတို့ဝန်းကျင်ရှိ စက်ရုံအလုပ်ရုံများကနေ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းတကျမရှိဘဲ စွန့်ပစ်နေရင် သက်ဆိုင်ရာကို အကြောင်းကြားပါ။

    ၃။ မသန့်ရှင်းဘူးလို့ သံသယရှိတဲ့ရေကို မသောက်ပါနဲ့။ တခြားရေရင်းမြစ်မရှိရင် အနည်းဆုံးကျိုချက်ပြီးမှ သောက်ပါ။

    ၄။ မိမိလက်လှမ်းမီသမျှ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဖို့ လှုံ့ဆော်ပါ။

    ..

    လူတိုင်းလူတိုင်းဟာ ဒီရှောင်ရန်ဆောင်ရန်အချက်တွေကို အလေးထားဆောင်ရွက်ရင် မိမိကျန်းမာရေး အသက်ရှင်ရေးအတွက် အရေးကြီးလှတဲ့ ရေကို ညစ်ညမ်းစေခြင်းကနေ ထိုက်သင့်သလောက် ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

    အချုပ်ပြောရရင် ရေဆိုတာ ပေါများပါတယ်။ ဒါပေမယ့် သန့်တဲ့ရေ ရှားပါတယ်။ ကျွန်တော်တို့နေထိုင်ရာ ဝန်းကျင်ကေရအရင်းအမြစ်ကို သန့်ရှင်းအောင် တတ်နိုင်သလောက် လုပ်ဆောင်ကြပါစို့။

    ..

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement