backup og meta

အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

    အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကို ခန္ဓာကိုယ်အနှံ့အပြားရောက်အောင်သွေးကြောတွေတလျှောက် သယ်ယူ ပို့ဆောင်ပေးပါတယ်။ သွေးထဲမှာအောက်ဆီဂျင်ပမာဏ ရှိသင့်သလောက်မရှိတော့ရင် သွေးတွင်းအောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာအဖြစ်သတ်မှတ်ပါတယ်။ Hypoxemia လို့ခေါ်တဲ့ ဒီကျန်းမာရေးပြဿနာကို အချိန်မှီကုသမှုမခံယူနိုင်ရင် အသက်အန္တရာယ်ပါထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

    သွေးလွှတ်ကြောတွေရော သွေးပြန်ကြောတွေထဲမှာပါ အောက်ဆီဂျင်ဓာတ်ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် သွေးလွှတ်ကြောထဲမှာ အောက်ဆီဂျင်ဓာတ် ၉၅% ကနေ ၁၀၀% အထိပါဝင်ပြီး သွေးပြန်ကြောထဲမှာဆိုရင် ၇၅% ဝန်းကျင်လောက်ရှိနေပါတယ်။ မွေးရာပါနှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်လေပြွန်ရောင် ရောဂါ၊ အဆုတ်အားနည်းရောဂါ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နမိုးနီးယားအဆုတ်ရောင် ရောဂါ စတဲ့ ရောဂါတွေခံစားရရင် သွေးတွင်းအောက်ဆီဂျင်ဓာတ်ကျဆင်းတတ်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်လိုကူးစက်မြန်အဆုတ်ရောင်ရောဂါမှာလည်း သွေးတွင်းအောက်ဆီဂျင်ရုတ်တရက်ကျဆင်းသွားတဲ့ လက္ခဏာတွေ့ရှိရပါတယ်။ ပတ်ဝန်းကျင်ကြောင့်သွေးတွင်းအောက်ဆီဂျင်ဓာတ် ကျဆင်းသွားတဲ့အခြေအနေ တွေလည်းရှိပါတယ်၊ ဥပမာ- လေထုအရမ်းပါးလွှာတဲ့နေရာတွေကိုရောက်သွားရင် အောက်ဆီဂျင်ဓာတ်နည်း သွားတဲ့အတွက်သွေးတွင်းအောက်ဆီဂျင်ဓာတ်ပုံမှန်ထက်ကျဆင်းသွားတာမျိုးမကြာမကြာကြုံရတတ်ပါတယ်။

    သွေးတွင်းအောက်ဆီဂျင်ဓာတ် ရှိသင့်တာထက်နည်းနေပြီဆို ဒီလိုလက္ခဏာတွေခံစားရမှာပါ

    ခေါင်းကိုက်ခြင်း

    – အသက်ရှုရခက်ခဲခြင်း

    နှလုံးခုန်မြန်လာခြင်း

    – ချောင်းဆိုးခြင်း

    စိတ်ရှုပ်ထွေးပြီး အာရုံမစူးစိုက်နိုင်တော့ခြင်း

    – အသက်ရှုစဉ်တရွှီရွှီမြည်ခြင်း

    – နှုတ်ခမ်း၊လျှာနှင့် လက်သည်းများပြာနှမ်းလာခြင်း စတာတွေဖြစ်ပါတယ်။

    လူတစ်ယောက်သွေးတွင်းအောက်ဆီဂျင်ပမာဏရှိသင့်တာထက်လျော့နည်းနေ မနေကို လက္ခဏာတွေချည်းပဲ ကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။ စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး အတည်ပြုဖို့လိုအပ်ပါတယ်။ နှလုံးနဲ့ အဆုတ်မှာ သံသယလက္ခဏာတွေရှိမရှိစမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ ဒါ့အပြင်

    Pulse oximetry ခေါ် သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာစက်အသေးစားနဲ့ ပြုလုပ်နိုင်ပါတယ်။ အာရုံခံကိရိယာပါတဲ့ညှပ်လေးနဲ့လက်ထိပ်မှာ တိုင်းတာနိုင်ပြီး စက္ကန့်ပိုင်းလောက်နဲ့တင်အဖြေသိရှိနိုင်ပါတယ်။

    – သွေးလွှတ်ကြောတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာနိုင်တဲ့ နောက်နည်းလမ်းတစ်ခုကတော့သွေးလွှတ် ကြောအတွင်းက သွေးနမူနာထုတ်ယူပြီးဓာတ်ခွဲခန်းမှာစစ်ဆေးတဲ့နည်းဖြစ်ပါတယ်။ လက်ထိပ်ညှပ်တိုင်းတာစက် လိုစက္ကန့်ပိုင်းနဲ့အဖြေမထွက်ပေမဲ့ ပိုပြီးတိကျပါတယ်။

    – အသက်ရှုနိုင်စွမ်းစစ်ဆေးတဲ့နည်းကိုလည်း အသုံးပြုနိုင်ပါတယ်။ အဆုတ်ရဲ့အလုပ်လုပ်နိုင်စွမ်းနဲ့ သွေးတွင်းကို အောက်ဆီဂျင်ဘယ်လောက်ဖြန့်ဝေနိုင်သလဲဆိုတာကို မှန်းဆဖို့အသုံးပြုတဲ့စမ်းသပ်မှုဖြစ်ပါတယ်။

    တခြားသူတွေမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၅% ထက်လျော့နေတာကပုံမှန်မဟုတ်ပေမဲ့ နာတာရှည်အဆုတ်ပြဿနာ တစ်မျိုးမျိုးခံစားနေရသူတွေကတော့ ဒီလောက်ပမာဏနဲ့တင် ပုံမှန်အတိုင်း နေထိုင်လို့ရနေတာကိုတွေ့ရပါတယ်။ သွေးတွင်းအောက်ဆီဂျင် ၉၀% အောက်ရောက်သွားရင်တော့ အရေးပေါ်အခြေအနေ ဖြစ်သွားပါပြီ။ လုံလောက်တဲ့ကုသမှုမြန်မြန်မခံယူနိုင်ရင် ကိုယ်တွင်းကလီစာတွေမှာ အောက်ဆီဂျင်မလုံမလောက် ဖြစ်ပြီးသေဆုံးနိုင်ပါတယ်။ အသက်မသေဆုံးရင်တောင် ဦးနှောက် (ဒါမှမဟုတ်) နှလုံးလိုအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးသွားနိုင်ခြေရှိပါတယ်။

    ကျဆင်းသွားတဲ့သွေးတွင်းအောက်ဆီဂျင်ဓာတ်ကို ပြန်လည်မြှင့်တင်ဖို့အဓိကကုသနည်းကတော့ အောက်ဆီဂျင် ပေးပြီးကုသတဲ့နည်းပဲဖြစ်ပါတယ်။ Oxygen therapy လို့ခေါ်ဆိုပါတယ်။ အောက်ဆီဂျင်ရှုသွင်းနိုင်ဖို့ လူနာကို အောက်ဆီဂျင်မျက်နှာဖုံးတပ်ပေးထားပါတယ် ဒါမှမဟုတ် နှာခေါင်းထဲကိုပြွန်လေးထည့်ပေးထားပါတယ်။ ပြီးရင် မျက်နှာဖုံး/ပြွန်ကို အောက်ဆီဂျင်ထောက်ပံ့ပေးမယ့်စက်နဲ့ချိတ်ဆက်ပြီး ရှူစေပါတယ်။ အောက်ဆီဂျင်အချိန် ဘယ်လောက်ကြာကြာ ရှူဖို့လိုအပ်သလဲဆိုတာကတော့ လူနာတစ်ယောက်ချင်းစီရဲ့အခြေအနေပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အောက်ဆီဂျင်က လူတစ်ယောက်အသက်ရှင်ဖို့မရှိမဖြစ်လိုအပ်တာမှန်ပေမဲ့ ပမာဏတအားများ သွားရင်လည်း အန္တရာယ်ရှိတဲ့အတွက် ထိန်းညှိပေးဖို့လိုအပ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်နည်းစေတဲ့ နဂိုရောဂါအခံတွေကိုလည်း ရောဂါတစ်မျိုးချင်းအလိုက်ကုသမှုပေးရပါတယ်။

    နဂိုတည်းက အဆုတ်အားနည်းသူတွေ၊ အဆုတ်မှာပြဿနာရှိသူတွေဆို သွေးတွင်းအောက်ဆီဂျင်နည်းတဲ့ ပြဿနာမကြာခဏကြုံရနိုင်တဲ့အတွက် ဒီအချက်တွေလိုက်နာဖို့ လိုကိုလိုအပ်ပါတယ်

    – ဆေးလိပ်ဖြတ်ပါ၊ အရေးကြီးဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်၊ ကိုယ်တိုင်ဆေးလိပ်ဖြတ်ဖို့လိုအပ် သလိုအနီးအနားမှာဆေးလိပ်သောက်နေသူတွေရှိရင်လည်း ခပ်ခွာခွာနေပါ၊ အငွေ့မရှူမိအောင်ဂရုစိုက်ပါ

    – လေ့ကျင့်ခန်းကိုဖြည်းဖြည်းနဲ့မှန်မှန်ပြုလုပ်ပေးပါ၊ တအားကြီး ပင်ပန်းအောင်လုပ်စရာမလိုပါဘူး

    – နဂိုခံစားနေရတဲ့ရောဂါတွေကို ကုသမှုမှန်မှန်ခံယူပါ

    Dr. Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement